ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းတွင် အသက် ၁၈ နှစ် ပြည့်ပြီးမှ ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်မြောက်သည် ဆိုသည့် အချက်ကို ပယ်ဖျက်သင့်သည်ဟု ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် တဦးက ကန့်ကွက်ခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ကျော်စိုးဦး က “ လက်ထပ်ထိမ်းမြားခြင်း ကိစ္စသည် အရွယ်ရောက်ပြီးသူများရဲ့ ကိစ္စဖြစ်တာနဲ့ အညီ လက်ထပ် ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် တည်ဆဲ ဥပဒေများကိုလည်း ပြဌာန်းထားပြီး ဖြစ်တာကြောင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်း၏ အခန်း ( ၇) လက်ထပ် ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၃ ကို ပယ်ဖျက်လို ကြောင်းလေးလေး နက်နက် ဆွေးနွေးလိုပါတယ်” ဟု လွှတ်တော်အတွင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ယခုဆွေးနွေးသည့် ဥပဒေကြမ်းသည် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ဖြစ်သည့် အတွက် ကလေးသူငယ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ ကျန်းမာရေး အစရှိသည့် ကလေးသူငယ် အခွင့်အရေးများနှင့်သက်ဆိုင်ရာ ကိစ္စရပ်များကိုသာ ရေး ဆွဲပြဌာန်းသင့်ကြောင်းလည်း ဗိုလ်မှူး ကျော်စိုးဦးက ဆက်ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကလည်း “ ကလေးကို ကလေးလို့ပဲ မြင်စေချင်တာ။ လက်ထပ်နိုင်သည့် အသက် သည် ၁၈ နှစ် ဖြစ်ရမယ်ဆိုရင် လုံလောက်ပါတယ်။ ဒါကို ပြည့်သူ့လွှတ်တော်က ၁၈ ပြည့်ရမည်ဆိုတာကို ဖြုတ်ချလိုက်တာ။ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ၁၈ နှစ်ကို ပြန်ထည့်ပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်” ဟုပြောသည်။
၎င်းက ဆက်လက်၍ “ဘာလို့ထည့်ချင်လည်း ဆိုတော့ မျိုးဆက်က ပိုကောင်းလာတဲ့ မျိုးဆက်မဟုတ်ဘူး။ ဘာမှ မပြည့်ဝသေးတဲ့ ကလေးကနေပြီးတော့ သူ့ထက်ငယ်တဲ့ ကလေးကို ထပ်မွေးတယ်။ တော်တော်ကြီးတဲ့ ပြဿနာလို့ မြင်တယ်။ ဘာပဲ ဖြစ်ဖြစ် ကလေး တိုင်းက ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေး ရှိရမယ်။ ဒီလို ပုဒ်မသာ တရားဝင် ထည့်ထားလိုက်မယ်ဆိုရင် အဟန့် အတား တခုဖြစ်လို့ လိုအပ်တယ်လို့ မြင်တာပါ” ဟုပြောသည်။
မူလဥပဒေကြမ်းအပိုဒ် ၂၃ တွင် ‘အမျိုးသားနှင့်အမျိုးသမီး တို့၏ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏သက်ဆိုင်ရာတည် ဆဲဥပဒေနှင့် ဓလေ့ထုံး တမ်းဥပဒေများတွင် သတ်မှတ် ထားသည့်အတိုင်း ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်းစာချုပ် ချုပ်ဆို၍ ထိမ်းမြား လက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြား လက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဟု ပါရှိသည်။
ယင်းအပေါ် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီ က ‘အမျိုးသားနှင့် အမျိုးသမီးတို့ ၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက် သည် တည်ဆဲဥပဒေများ နှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် အသက်နှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်း ချက်နှင့်အညီ ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း ဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဟု ပြောင်းလဲပြင်ဆင်ထားသည်။
ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ်က အသက် ၁၈ နှစ်ဆိုသည့်အသုံးအနှုန်းကို ပယ်ဖျက်လိုက်သည့် အတွက် အရွယ်မရောက် သေးသော အမျိုးသမီးများ၏ အခွင့်အရေးကို နစ်နာဆုံးရှုံးစေနိုင်သည်ဆိုကာ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အပေါ် ဝေဖန်မှု များမြင့်တက်ခဲ့သည်။
မူလဥပဒေကြမ်းတွင် ပါရှိသည့် ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်ဆို သည့်အချက် ကို ပယ်ဖျက်ခဲ့ခြင်း သည် တည်ဆဲဥပဒေ၊ ဓလေ့ထုံး တမ်းဥပဒေများနှင့်မညီညွတ်ခြင်းကြောင့် ပယ်ဖျက်ရခြင်း ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီက ပြန်လည်ရှင်းလင်းထားသည်။
ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် က “ ဘယ်သူပဲ ဖြစ်ဖြစ် ၁၈ နှစ်ပြည့်မှ လက်ထပ်ရမယ်ဆိုတာ ပြည်သူအကုန်လုံးကို အသိပညာ ပေးချင်တယ်။ ဒါက အထူး ဥပဒေ ဖြစ်တဲ့ အတွက်ကြောင့် ကလေး သူအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေ ဖြစ်တဲ့ အတွက်ကြောင့် ဒီလို ထည့်ကို ထည့်ရမယ်။ မထည့်ရင် ကလေး သူငယ် အထူး အခွင့် ရေး ကာကွယ်တဲ့ ဥပဒေ ဘယ်ဖြစ်တော့မလဲ” ဟု ဧရာဝတီသို့ပြောသည်။
တိုင်းရင်းသား ဒေသများတွင် အသက်မပြည့်ဘဲ လက်ထပ်နေကြသည့် ဖြစ်ရပ်အများဆုံး ဖြစ်နေသဖြင့် တိုင်းရင်းသား အရေး စဉ်း စားမည် ဆိုပါက ယင်းအချက်မှာ အရေးကြီး သည့် အချက်တချက် ဖြစ်ကြောင်း၊ တချို့ တိုင်းရင်းသားများတွင် မမွေးဖွားခင်တည်းက မည်သူနှင့် လက်ထပ်ပေးမည်ကို သတ်မှတ်ပြီးသားဖြစ်သဖြင့် တိုင်းရင်းသား အမျိုးသမီးများမှာ မြေပြန့်မှ သူများ၏ ရရှိနေသည့် အခွင့် အရေးကို လိုချင်မှု များရှိနေကြောင်း ဒေါ်ရွှေရွှေစိန်လတ်က သူက ကွင်းဆင်းလေ့လာမှုများ ကို ပြောသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲခဲ့သည်။ ခေတ်မမီတော့သည့် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဖြစ်သည်။ ထိုဥပဒေကြမ်းသည် မြန်မာနိုင်ငံက ၁၉၉၁ တွင် လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူညီချက် (CRC) နှင့်အညီ ကလေးသူငယ်များ၏ အသက်အရွယ်ကို ၁၈ နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး ကလေးသူငယ်အခွင့်အရေးနှင့် စောင့်ရှောက်မှုများအတွက် ပိုမိုကောင်းမွန်သော အကာအကွယ်များပေးရန် ရေးဆွဲခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့ လာသည့် အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီ အစီရင်ခံစာဖတ်ကြားခဲ့ပြီး၊ ယင်း ဥပဒေကြမ်းကို ကိုယ်စားလှယ် ၂၇ ယောက် ဆွေးနွေးမည် ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ် ၁၇ ယောက် ဆွေးနွေး မည် ဖြစ်သည်ဟု သိရသည်။
ဆွေးနွေးမည့် ကိုယ်စားလှယ် ၂၇ ဦးရှိသည့် အနက် ၂၀ ကျော်ဆွေးနွေးခဲ့ရာတွင် ယင်းဥပဒေတွင်ကလေးသူငယ်ဆိုင်ရာ အခွင့် အရေးများ၊ ရပိုင်ခွင့်များ၊ ပြစ်မှု ၊ ပြစ်ဒဏ်များနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများ၊ ပုဒ်မ ၂၃ နှင့် ပတ်သတ် သည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမှု ပြီးပါက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောထား ကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။