ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ကြမ်းပါ ထိမ်းမြားလက်ထပ်ခြင်းနှင့် သက်ဆိုင်သည့် အချက်တွင် အမျိုးသားနှင့် အမျိုးသမီး၏ အသက် သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဆိုသည့်အပေါ် တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံဆွေးနွေး ခဲ့ကြသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ တပ်မတော် သားကိုယ်စားလှယ် အမျိုးသမီး ဗိုလ်ကြီး ၃ ဦး နှင့် အမျိုးသား ၂ ဦးတို့ပါဝင်ဆွေးနွေးခဲ့ကြပြီး ၊ တပ်မတော်သား ကိုယ်စားလှယ် ၅ ဦးစလုံးသည် အမျိုးသားနှင့် အမျိုးသမီး တို့သည် လက်ထပ် ထိမ်းမြားသည့် အခါ အသက် ၁၈နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး သန်းသန်းဝင်းက ထိမ်းမြားလက်ထပ်ခြင်း နှင့် ကလေးသူငယ် ဥပဒေမှာ သက်ဆိုင်ခြင်း မရှိဟု ယူဆကြောင်း၊ ကလေးများအား အပြည့်အဝ ကာကွယ်မည် ဆိုပါက ထိမ်းမြားလက်ထပ်ခြင်းများကို အရွယ်မတိုင်ခင် မပြုလုပ်ရန်နှင့် ဥပဒေများဖြင့် တိတိကျကျ ပြဌာန်း သင့်ကြောင်း လွှတ်တော် အစည်းအဝေးအပြီး မီဒီယာများကို ပြောသည်။
၎င်းက “ အရွယ် မတိုင်ခင် အိမ်ထောင်ပြုခြင်းကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးကနေ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာ နဲ့ပတ်သက်ပြီးတော့ ဘက်ပေါင်းစုံကနေဆွေးနွေးထားပါတယ်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အဖက်ဖက်ကနေ ထိခိုက် နစ်နာ မှုတွေရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြည်သူတရပ်လုံးကနေပြီးတော့ ဒါတွေကို နားလည်လက်ခံလာနိုင်ဖို့လည်း လိုအပ်ပါတယ်” ဟု ပြောသည်။
ယင်း ဥပဒေကြမ်းမှာ ပြီးခဲ့သည့် ၁၀ ကြိမ်မြောက် ပြည်သူ့လွှတ်တော်လွှတ်တော် အစည်းအဝေးတွင် ‘ကလေးသူငယ် အခွင့် အရေး များဆိုင်ရာ ဥပဒေကြမ်း’ ဖြစ်ပြီး ကိုယ်စာလှယ်များက ဆွေးနွေးခဲ့ရာတွင် ကျောက်တန်းမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုးက စတင်၍ အမျိုးသားနှင့် အမျိုးသမီး ထိမ်းမြားလက်ထပ်သည့် အခါတွင် မည်သူ မဆို အသက် ၁၈ နှစ်ပြည့်ပီးမှ လက်ထပ်သင့်ကြောင်း ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
NLD ပါတီမှ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက “ အစ်မ အနေနဲ့ကတော့ လက်ထပ်ထိမ်းမြားခြင်းအသက် ထည့်ဖို့ လိုတယ်လို့ မြင်တာ။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲမှု သံသရာလည်တာလည်း ပါတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်သွားတဲ့ သူတွေကို ကြည့်လိုက်ရင် ပညာရှာ ဖို့အတွက် အခွင့်အရေး မရတဲ့သူတွေ ပိုများတယ်။ ဒါကြောင့် လက်ထပ်နိုင်သည့် အသက်သည် ၁၈ နှစ် ဖြစ်ရမယ်ဆိုရင် လုံလောက် ပါတယ်” ဟု ပြောသည်။
ထိုသို့ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးစဉ်တည်းက ကိုယ်စားလှယ်ချင်း သဘောထား အမြင်များ ကွဲလွဲမှု များရှိနေခြင်းကြောင့် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပေးပို့လာသည့် အဆိုပြုချက်မှာ ‘ အမျိုးသားနှင့် အမျိုးသမီး ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲ ဥပဒေ နှင့် ဓလေ့ ထုံးတမ်း များတွင် သတ်မှတ်ထားသည့် အတိုင်း ဖြစ်စေရမည်။’ ဟု အဆိုပြုထားသည်။
ယင်းကဲ့သို့ ပြင်ဆင်ချက်မှာ သက်ဆိုင်ရာတည်ဆဲ ဥပဒေ နှင့် ဓလေ့ ထုံးထမ်းများ အတိုင်း လက်ထပ်ခွင့် ပြုလိုက်သဖြင့် တိုင်းရင်းသား ဒေသများတွင် အသက် ၁၄ နှစ်၊ ၁၅ နှစ်များနှင့် လက်ထပ်ထိမ်းမြားမှုကို မထိန်းချူပ်ဘဲ ကလေးသူငယ်များ၏ အခွင့်အရေးများ ဆုံးရှုံးခြင်း၊ အမျိုးသမီး ငယ်လေးများ၏ ကျန်းမာရေး ရှုထောင့်အရ လည်းကောင်း ဒေါ်အေးမြမြမျိုးက ဘက်ပေါင်းစုံမှ ထောက်ပြ ဆွေးနွေးခဲ့ဖူးသည်။
ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ်က အသက် ၁၈ နှစ်ဆိုသည့်အသုံးအနှုန်းကို ပယ်ဖျက်လိုက်သည့် အတွက် အရွယ်မရောက်သေးသော အမျိုးသမီးများ၏ အခွင့်အရေးကို နစ်နာဆုံးရှုံးစေနိုင်သည်ဆိုကာ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အပေါ် ဝေဖန်မှုများမြင့်တက်ခဲ့သည်။
ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပေးပို့လားသည့် အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ပြီး အမျိုးသားလွှတ် တော် ဥပဒေကြမ်းကော်မတီမှ ဥပဒေ ပညာရှင်များမှ ပြန်လည်သုံးသပ် ဝေဖန်၍ ‘အမျိုးသားနှင့် အမျိုးသမီးတို့ ၏ ထိမ်းမြား လက်ထပ် နိုင်သည့် အသက် သည် တည်ဆဲဥပဒေများ နှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် အသက်နှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရ မည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း ဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဟု ပြောင်းလဲပြင်ဆင်လိုက်သည်။
ထိုသို့ ပြောင်းလဲ ပြင်ဆင်မှုတွင် ထိမ်းမြားလက်ထပ်မည့် အမျိုးသားနှင့် အမျိုးသမီးပဋိညာဉ်ပြုနိုင်သည့် အသက် ၁၈ နှစ် ပြည့်ပြီး ဖြစ်ရမည်ဟု ပါဝင်သဖြင့် အမျိုးသားလွှတ်တော် တွင် ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ် ၂၇ ယောက်မှာ အများစုက ၁၈ နှစ်ပြည့်ပြီး မှ လက်ထပ်သင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ကြသည်။
ဗိုလ်ကြီး ဒေါ်ဝင်းသီရိဆွေကလည်း “ဒီဥပဒေကြမ်းဟာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ဖြစ်တဲ့ အတွက် ကလေးသူများ၏ အကျိုးစီးပွားနဲ့ သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ ရှေးရှုပြီး ၊ ဥပဒေ ရေးဆွဲတဲ့နေရာမှာလည်း ကျန်းမာရေးဆိုင်ရာ ရှုထောင့်များကိုပါ ထည့်သွင်း စဉ်းစားပြီးဆွေးနွေးပြဌာန်းသင့်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ဆင်းရဲမွဲတေမှု၊ ပညာရေးချို့တဲ့မှုနှင့် ဆယ်ကျော်သက်အရွယ် ကျန်းမာရေး ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗဟုသုတ နည်းပါးခြင်း များကြောင့် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားမှုများ လည်း ပိုမိုမျာပြားလာနိုင်ကြောင်း၊ ထို့အပြင် ဆင်းရဲမွဲတေခြင်း၊ ပညာဆက်လက် မသင်ကြားနိုင်၍ ကျန်းမာရေး ထိခိုက်ခြင်း၊ ရာဇဝတ်မှုများ ကျူးလွန်ခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးများ ကပ်ပါလာပြီး အဆိုးသံ သရာအဖြစ် လည်ပတ်စေနိုင်ကြောင်း ဗိုလ်မှူး ဇာနည်ထက်အောင်က ထောက်ပြဆွေးနွေးခဲ့သည်။
အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ဒေါ်နန်းဖြူဖြူလင်းကလည်း လက်ထပ်ထိမ်းမြားမည် ဆိုပါက အသက် ၁၈ နှစ်သာ ဖြစ်သင့်ကြောင်း၊ ကျန်းမာရေး စံနှုန်းအရ ကြည့်ပါကလည်း အသက် ၁၈ နှစ် သာဖြစ်သင့်ကြောင်း၊ တချို့ အမျိုးသမီးများမှာ ၁၈ နှစ် မပြည့်ဘဲ ယော င်္ကျားယူပါက သူ၏ ယောင်္ကျားကို ထောင်ထဲ ထည့်မည်လားဆိုသည့် နည်းလမ်းမကျသော ဖြေရှင်းမှုများ မြေပြင် တွင် တွေ့နေရကြောင်း ထိုကဲ့သို့ ၁၈ နှစ်ပြည့်ပီးမှ လက်ထပ်ခွင့် ပြုမည်ဆိုပါက တရားဝင် လက်ထပ်ထိမ်းမြားခွင့် မရှိတော့ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီလိုမျိုး ဥပဒေနဲ့မှ တရားဝင် မထိန်းဘူးဆိုရင် ပိုပြီးတော့ ဆိုးလာမှာပါ။ သက်ငယ်မုဒိမ်းတွေလည်း ပိုများလာမယ်။ ပိုပြီးတော့မှ တွန်းအားပေးသလိုမျိုး ဖြစ်လာမှာ စိုးလို့ အသက် ၁၈ နှစ် က သတ်မှတ်တာက အကောင်းဆုံးပါပဲ လို့ မြင်ပါတယ်” ဟုပြောသည်။
ယခု ဆွေးနွေးချက်များကို အမျိုးသား ဥပဒေကြမ်းကော်မတီမှ ပြန်လည်ကြားနာရန် အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက လွှတ်တော်တွင်ကြေညာခဲ့ပြီး ဥပဒေကြမ်း အပေါ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောထားကွဲလွဲသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။