ဟိန္ဒူအမျိုးသမီးများ၏ အိမ်ထောင်ရေး အကြမ်းဖက်ခံရမှုများနှင့် ၎င်းတို့၏ လူ့အခွင့်အရေး အပြည့်အဝ ရရှိစေရန်၊ ခွဲခြား ဆက်ဆံခံရမှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးများ ပါဝင်လာစေရန်အတွက် အမျိုးသမီးများ အတွက် ရသင့် ရထိုက် သည့် အခွင့်အရေး အပြည့် အဝ ရရှိစေရန် အတွက် ဆောင်ရွက်ပေးနေသူ ဟိန္ဒူအမျိုးသမီးများ ကွန်ရက်မှ ဒေါ်ကက်သလင်းသိန်း ကို ဧရာဝတီ နေပြည်တော် သတင်းထောက် မိုမိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဆရာမ အနေနဲ့ အခု အဖွဲ့အစည်းကို ဝင်ရောက်ခဲ့တာ ဘယ်လောက် အချိန်ကြာပြီလဲ။ အဖွဲ့ အနေနဲ့ရော အမျိုးသမီး ဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေပါသလဲ ။
ဖြေ ။ ။ ဆရာမ အနေနဲ့ အင်ကြင်းမေ ဟိန္ဒူ အမျိုးသမီးများ ကွန်ရက် လို့ အမည်ပေးခဲ့တာ ၅ လပဲ ရှိပါသေးတယ်။ အဖွဲ့အမည် မပေးခင်ကလည်း ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးများနှင့် အတူ လိုအပ်တဲ့ နေရာမှာ ငြိမ်းချမ်းရေး ကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့တွေမှာ အမျိုးသမီးများ ကဏ္ဍ ကနေ ဘာသာ ပေါင်းစုံ အတူတကွ ယှဉ်တွဲ နေထိုင်ရေး နှင့် ပတ်သက်ပြီး မြို့နယ် အချို့မှာရော၊ နယ်ဘယ်များမှာပါ ကိုယ်တတ်နိုင်တဲ့ ဘက်က ဟောပြောဆွေးနွေးတာ မကြာခဏ ပါပဲ။ အဲဒါအပြင် အမျိုးသမီးများ ကွန်ရက် ( WON) မှာလည်း အဖွဲ့ဝင် ဖြစ်ပါတယ်။
မေး။ ။ ဟိန္ဒူ အမျိုးသမီးများ ဖြစ်တဲ့ အတွက် ခွဲခြား ဆက်ဆံ ခံရတာမျိုးတွေရော ရှိပါသလား။ ရှိရင်လည်း ဘယ်လိုပုံစံနဲ့ ခွဲခြားခံရ သလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ဒီမေးခွန်းကို မဖြေခင်မှာ ဟိန္ဒူလူမျိုးများ၏ အရေးကြီးသည့် ကဏ္ဍတခုကို အရင်ပြောပြချင်ပါတယ်။ အိန္ဒိယ သမိုင်းကြောင်း အရ သမီး မိန်းကလေး မွေးဖွားခြင်းဟာ ဥစ္စာဓန ပြည့်စုံတဲ့ လက်ချမီး မယ်တော် ရောက်ရှိလာတယ်လို့ ယုံကြည် ယူဆ ခဲ့ကြပါတယ်။ ဒါ ပေမယ့် ရှေးရိုး ဓလေ့ ထုံးတမ်း အစဉ်အလာများကို ကျင့်သုံးရင်း အမျိုးသမီးများဟာ ခွဲခြားဆက်ဆံ ခံနေရတာဟာ အိန္ဒိယ တွင်သာ မက အရှေ့နိုင်ငံက ဟိန္ဒိူ အမျိုးသမီးများပါ တွေ့ကြုံနေရပါတယ်။
တချို့ အဖွဲ့တွေမှာဆိုရင် ခွဲခြားဆက်ဆံခံရမှု များ ရှိနေသလို ၊ တခြားမိသားစုများမှာ လည်း ခွဲခြားဆက်ဆံ ခံရမှုများ ရှိနေပါသေးတယ်။ တချို့ဟိန္ဒူမိသားစုများမှာ သမီး မိန်းကလေးတွေကို နေရာ သိပ်မပေးတာ နယ်ပယ် အစုံမှာ တွေ့နေရသေးတယ်။ ဒါပေမယ့် တချို့ အဖွဲ့အစည်းတွေက ဆရာမရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ် ပြုလာ ကြပါတယ်။
မေး ။ ။ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီးလည်း ပြောပေးပါအုံး။
ဖြေ ။ ။ အမျိုးသမီး ကိစ္စလို့ပြောရရင် ဘာသာ အားလုံးရဲ့ အမျိုးသမီး အခွင့်အရေး၊ လုံခြုံမှု ရရှိရေး အတွက် အမြဲတမ်း ဆွေးနွေးပွဲတွေ ပြုလုပ်လျှက် ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကွန်ရက်မှာလည်း အဖွဲ့ဝင်တဦး ဖြစ်တဲ့ အတွက် အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပါတယ်။
ဘဝက နေသားကျနေကြပါပြီ။ သူတို့ရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ ၊ ဆုံးဖြတ်ချက် ချနိုင်မှုတွေကို သိပ်ပြီး သဘောမပေါက်သေးတဲ့ သူတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဒီအတွက်လည်း အသိပညာပေးလုပ်ငန်းတွေ တော်တော် လေး လုပ်ပေး ရပါအုံးမယ်။
ဟိန္ဒူ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အိမ်ရဲ့ ဝန်ကြီး ဖြစ်နေတာကို ကျေနပ်နေကြတာလည်း ရှိပါတယ်။ တဆင့် တက်လာဖို့ လည်း ကြုံတိုင်းပြောပါတယ်။ အခုခေတ် လူငယ် ဟိန္ဒူ အမျိုးသမီး အပျိုလေးတွေက ပိုပြီးနားလည်သဘောပေါက်ကာ ပါဝင်မှု အားပိုကောင်းလာကြပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ ဟိန္ဒူ အမျိုးသမီးများ အနေနဲ့ အခွင့်အရေး ရရှိမှုက ဘယ်လောက် အတိုင်းအတာအထိ ရရှိနေပြီလို့ သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေကို လိုက်ပြီးဆောင်ရွက်ပေးနေတော့ ဟိန္ဒူ အမျိုးသားတွေကလည်း သိပ်မလုပ်ရဲကြတော့ဘူး။ ပြဿနာ ကြီးကြီးမားမား ဖြစ်လာရင် ကိုယ့်ကို မမြင်ဘူးလည်း ဆက်သွယ်လာတယ်။ အားကိုးလာတယ်။ တချို့တွေဆိုရင် ကိုယ့်ကို တိုးတိုး တိတ်တိတ် ဆက်သွယ်လာတာ ရှိတယ်။ အိမ်ထဲမှာပဲ အထားခံရတယ်။ ပွဲရှိမှသာ ခေါ်ထုတ်တာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေ ခံနေရတာလည်း ရှိနေကြတယ်။ ဒါမျိုးတွေကို သူတို့ ဘယ်လို ရုန်းထွက်ရမလဲ ဆိုတာ အခုနောက်ပိုင်းသိလာကြပြီ။
မေး။ ။ ခွဲခြားဆက်ဆံ ခံရတဲ့ နောက်ဆက်တွဲ ပြဿနာ က ဘယ်လို အကျိုးဆက်တွေ ဖြစ်ပါသလဲ။
ဖြေ ။ ။ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံခံရတဲ့ နောက်ဆက်တွဲ ပြဿနာက သေးသေးလေး မဟုတ်ပါဘူး။ တော်တော် ကြီးမားပါတယ်။ သူတို့ကိုယ် သူတို့ ယုံကြည်မှု မရှိတော့ဘူး။ ကိုယ်ကိုတိုင် ဆုံးဖြတ်ချက် ချရမယ့် ကိစ္စတွေကို သူများအားကိုးနဲ့ ဆုံးဖြတ်ချက် ချလာတာ တွေ့ရပါတယ်။ သူတို့ကိုယ်သူတို့လည်း သံသယ တွေနဲ့ ဘယ်တော့မှ အပြုသဘော မဆောင်တဲ့ အတွေးတွေ ရှိနေတာကို အများကြီးတွေ့ရပါတယ်။
ပိုဆိုးတာက ပညာရေးနဲ့ ပတ်သက်လို့ ခွဲခြား ဆက်ဆံ ခံရရင် အဲဒီ အမျိုးသမီး ဆုံးဖြတ်ချက် တခု ချလိုက်လို့ မှားသွားရင် အဲဒီ အမှားကို အမျိုးသားတွေက လုပ်ရည်ကိုင်ရည်လည်း မရှိဘူးလို့ တွေးမိတတ်ကြတယ်။ အဲဒီမှာ အမျိုးသမီးတွေ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်နေပြီလေ။ ဒါကြောင့် သူတို့ လက်ထပ်ထားပြီး တည်ထောင်ထားတဲ့ အိမ်ထောင်တခုက ပျော်ရွှင်တဲ့ မိသား ဘဝကို မတည်ဆောက်နိုင်တော့ဘူးပေါ့။
သားသမီးရလာရင်လည်း စနစ်တကျ ထိန်းကြောင်းနိုင်တော့မှာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် ခွဲခြားဆက်ဆံခြင်း ခံထားရတော့ အကြောင်းတရား လွှမ်းမိုးမှု တွေ ရှိနိုင်တယ်လေ။ တဖက်စွန်းရောက်တဲ့ မခံချင်စိတ်တွေ ဖြစ်လာနိုင်တယ်။ အဲဒီတော့ သားသမီးတွေရဲ့ အနာဂတ် အတွက် အများကြီး အဟန့် အတားတွေ ဖြစ်စေပါတယ်။
တချို့မိဘတွေက ငွေကြေး မတတ်နိုင်လို့ ပညာ အပြည့်အဝ မပေးကြဘူး။ သားတွေကို ကျောင်းဆက်ထားတယ်။ သမီးတွေကို အလုပ်ခိုင်းစားကြတယ်။ နယ်ကနေ ရန်ကုန်ရောက်လာတာမျိုးတွေ ၊ ရန်ကုန်ကနေ နယ်စပ် နိုင်ငံခြားတွေ သွား ပြီး အလုပ် လုပ်ခိုင်းတာမျိုးတွေ ရှိနေကြပါတယ်။ တချို့ဆိုရင် လူကုန်ကူးတာ ခံရတာတွေ ရှိတယ်။ အမျိုးသမီးတွေရဲ့ ဘဝတွေ ဆုံးရှုံးလိုက်ရတာ အများ ကြီး ရှိနေကြပါတယ်။
ဒါကြောင့် ရှေးဆန်တဲ့ ဓလေ့ ထုံးတမ်း အစဉ်အလာတွေကို အမျိုးသမီးများဟာ အမျိုးသားများထက် မနိမ့်ကျဘဲ သူ့နေရာနှင့် သူ မတူညီတဲ့ အရည်အချင်းတွေ ရှိလာအောင် ဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။
အဲဒီ အတိုင်းပဲ ရုံးမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပရဟိတ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံပြီး ဧည့်ကြိုလောက်ကနေ အထက်ကို နေရာမပေးတဲ့ သူတွေ အများကြီးပါဘဲ။ အမျိုးသမီး နှင့် အမျိုးသား အရည်အချင်းတူလည်း အမျိုးသမီးက သူ့အလိုလို နောက်ရောက်သွားတယ်။ ဘယ်လို ဖြစ်လို့ အလုပ်ခွင်မှာ အောင်မြင်ပါ့မလဲ။
မေး ။ ။ အမျိုးသမီးတွေ ခေါင်းဆောင်လို နေရာမျိုးမှာ ပါဝင်ဖို့ အတွက် အဟန့်အတားက ဘာတွေ ဖြစ်မလဲ သိချင်ပါတယ်။
ဖြေ ။ ။ အမျိုးသားများကိုယ်တိုင် အမျိုးသမီးများကို သာတူညီမျှ အခွင့်အရေး ရှိတယ်လို့ မထင်တာကိုက အကြီးမားဆုံး အဟန့် အတားပါ။ တချို့ဓလေ့ထုံးတမ်းတွေက ယဉ်ကျေးမှုတွေကို မပြောင်းလဲဘဲ ရှေးယခင်အတိုင်း မပြောင်းလဲဘဲ ကျင့်သုံးနေတာလည်း အဟန့်အတား တခု ဖြစ်စေပါတယ်။
အဲဒီ ကန့်သတ်ချက်တွေက ကောင်းမွန်တဲ့ အရည်အချင်းတွေကို မှေးမှိန်စေပါတယ်။ ဒီ အဟန့်အတားတွေကြောင့် မှေးမှိန်နေတဲ့ စိတ်ဓာတ်တွေကို ပညာသင်ကြားရေးမှာ မလစ်ဟင်းအောင် လုပ်ပေးဖို့လည်း လိုပါတယ်။
အမျိုးသားတယောက်ကို ပညာသင်ပေးခြင်းဟာ တဦးတည်းကိုပဲ သင်ပေးခြင်း ဖြစ်ပြီး၊ အမျိုးသမီး တဦးကို သင်ပေးခြင်းသည် တမိသားစုလုံးကို ပညာသင်ပေးတာနဲ့ အတူတူပဲဆိုတာ သာဓကတွေလည်းရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ပညာသင်ကြားပေးဖို့ လိုပါတယ်။ ဒါမှသာ မိသားစု တစုလုံးကို စနစ်တကျ ပြုစု ပျိုးထောင်နိုင်မှာပါ။
ဒီလို တန်းတူ ညီမျှတဲ့ ပညာ သင်ကြားခွင့် မပေးခြင်းကလည်း အမျိုးသမီးတွေကို ခေါင်းဆောင်နေရာမှာ ပါဝင်ဖို့အဟန့် အတား ဖြစ်စေပါတယ်။ အမျိုးသမီးတွေရဲ့ ဦးဆောင်တဲ့ အခါမျိုးမှာ အမျိုးသားတွေ ဘက်က Respect ပေါ့နော်။ အပြန်အလှန် လေးစားမှု ရှိရပါမယ်။ အဲဒီလို အပြန်အလှန် လေးစားမှု မရှိရင် ခေါင်းဆောင်ကောင်းပေါ်ထွက်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။
မေး။ ။ ဟိန္ဒူ အမျိုးသမီးများကို အိမ်တွင်း အကြမ်းဖက်မှုများ နှင့် အနိုင်ကျင့်မှုများကို ဘယ်လို ဖြေရှင်းပေးပါသလဲ။
ဖြေ ။ ။ ဟိန္ဒူ အမျိုးသမီးတွေဟာ သူတို့ကို အကြမ်းဖက်တယ်၊ အိမ်ထောင်ဖက်က ရိုက်နှက်တယ်ဆိုရင် မိဘကို ပြန်မပြောတာ များတယ်။ ငြိမ်ခံနေလိုက်တယ်။ သားတွေ သမီးတွေကို ငဲ့တာလည်း ပါတယ်။ မိဘတွေကို ဒုက္ခ မပေးချင်တာလည်း ပါတယ်။သူတို့က ဒါမျိုးတွေ အနိုင်ကျင့်ခံနေရရင် တိုင်ကြားလို့ ရတယ်ဆိုတာတောင် မသိတဲ့ သူက များတယ်။
ဟိန္ဒူဘာသာ လူမျိုးတွေဟာ လူနည်းစု ဘာသာဆိုတော့ တဦးကိုတဦး သိကြတယ်။ လုပ်ငန်းပိုင်းမှာ အောင်မြင်တဲ့သူ၊ စီးပွားရေးပိုင်းမှာ အောင်မြင်ရင်၊ လူမှုရေးပိုင်းမှာ အောင်မြင်ရင် လူတိုင်း သိတယ်။ သူတို့ သားသမီး အချင်းချင်း ဖလှယ်ပြီး ပေးစားထားကြတာ။ ချွေးမ ကို ယောက္ခမ နှိပ်စက်တာလည်းရှိတယ်။ ယောကျာၤး နှိပ်စက်တာမျိုးလည်း ရှိတယ်။
ကာယကံရှင် ဖြစ်တဲ့ သမီးအဖေက အကူအညီတောင်းရင် ကျန်တဲ့ ဟိန္ဒူတွေက အကူအညီ မပေးဘူး။ လိုက်မပြောပေးဘူး၊ ခေါင်းရှောင် ကျတယ်။ သူတို့ပါပြီး ညှိနှိုင်းဆွေးနွေးရင် ရရဲ့သားနဲ့ သူတို့ မျက်နှာ နာတယ်တို့ ဘာတို့နဲ့ လုံးဝ လိုက်မပြောပေးဘူး။ အရမ်းစိတ်နာဖို့ ကောင်း ပါတယ်။
သမီးဆိုတာ မိဘ တွေက ပေးပြီးပြီဆိုရင် သူတို့နဲ့ မဆိုင်တော့ဘူး ဆိုတော့၊ သမီး ဒုက္ခရောက်ပြီဆိုရင် အိမ်ကို ဆင်းလာရင်တော့ လက် ခံပေးလို့ ရတယ်။ကွဲပေးလို့လည်း မရဘူး။ အဲဒိလိုခံစားနေရတဲ့ ဟိန္ဒူ အမျိုးသမီးတွေ ကိုယ့်ဆီကို အမြဲတမ်း ဖုန်းဆက်လှမ်းပြောတယ်။
မေး ။ ။ ငြိမ်းချမ်းရေးမှာ အမျိုးသမီး ပါဝင်မှု အပေါ်လည်း သုံးသပ်ပေးပါရှင်။
ဖြေ ။ ။ ငြိမ်းချမ်းရေးမှာ အမျိုးသမီး ပါဝင်မှု အများကြီးလိုအပ်ပါတယ်။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။ ထက်ဝက်ကျော်သော လူဦိးရေ ရှိသည့် အမျိုးသမီးများသည် နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကဏ္ဍ၊ ပဋိပက္ခ ပြေလျော့စေသည့် ကဏ္ဍများမှာ ပါဝင်ဖို့ အတွက် လိုအပ်ပါတယ်။
၃၀ ရာခိုင်နှုန်း ပါဝင်လာဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ အမျိုးသမီးတွေဟာ တသက်လုံး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လည်း မရှိခဲ့ဘူး။ ကိုယ်တိုင် ပါဝင်ခွင့်လည်း မရှိခဲ့တဲ့အတွက် ဘာမှ ကြိုတင် ပြင်ဆင်မှု မရှိဘဲ ၃၀ ရာခိုင်နှုန်း ပါဝင်လာဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် အမျိုးသမီး များ၏ စွမ်းရည်မြှင့်တင်ရေး၊ ခေါင်းဆောင်ကောင်းကဲ့သို့ မြှင့်တင်ရေး ၊ အဖွဲ့အစည်း အသီးသီးများတွင် ပါဝင် ဆွေးနွေး နိုင်ရန် အခွင့်အရေးများ ပေးရမှာ ဖြစ်ပါတယ်။
အမျိုးသမီးများသည် အရည်အချင်းများ ရှိနေသော်လည်း အခွင့်အရေး မရပဲ အဟန့်အတား ခံထားရသည့် အတွက် အရည်အသွေး များက မှေးမှိန် သွားရခြင်း ဖြစ်ပါတယ်။
ငြိမ်းချမ်းမှု မရှိဘဲ ပဋိပက္ခ ဖြစ်တဲ့ နေရာတွေမှာ ကလေးတွေနဲ့ အမျိုးသမီးတွေမှာ ပိုမိုဒုက္ခရောက်ကြတာပါပဲ။ ဆရာမ ကိုယ်တိုင် စစ်တွေကို သွားခဲ့တုန်းက ကလေးတွေ နဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်ကို ပိုပြီး မြင်ခဲ့ရတယ်။ အမျိုးသမီးများရဲ့ အခက်အခဲကို အမျိုးသမီးကသာ အသိဆုံးဖြစ်သလို ဖြေရှင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ကဏ္ဍတွေမှာ အမျိုးသမီး ပါလာလေလေ၊ နိုင်ငံရဲ့ အေးချမ်းသာယာမှု ပိုရှိလေလေ ဖြစ်မှာပါ။
ငြိမ်းချမ်းရေး သံတမန် Charles Malik က လူ့ဘောင် အဖွဲ့အစည်းမှာ အမျိုးသမီး အရေးပါပုံကို ပြောထားတာ ရှိပါတယ်။ ‘လူ့ဘောင် အဖွဲ့အစည်းကို အမြန်ဆုံး ပြောင်းလဲ ပေးနိုင်ဖို့ အမျိုးသမီးများက ဆော်သြစည်းရုံးရန် လိုအပ်ပါတယ်လို့ ပြောပါတယ် ’ အဲဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း အမျိုးသမီးများ ပါဝင်လာရန် အတွက် တိုက်တွန်းရန် အများကြီးလိုအပ်ပါတယ်။
လူတွေထင်နေတာက ငြိမ်းချမ်းရေးဆိုတာ ဘာသာရေးခေါင်းဆောင် နှင့် အစိုးရနဲ့ သာ ဆိုင်နေရကြတယ်လို့ ထင်နေကြတာပါ။ အဲဒါ တကယ်တမ်းကျတော့ မှားနေပါတယ်။ လူတိုင်းနဲ့ ဆိုင်တာပါ။ လူတိုင်း ပါဝင်ရမှာ ဖြစ်ပါတယ်။ တခါတလေမှာ အမျိုးသမီးတွေက ပါဝင်ချင်ရင်တောင် ဘာသာရေး ခေါင်းဆောင်တွေက ဟန့်တား ပိတ်ပင်ထားတာ အများကြီးတွေ့ရပါတယ်။