ကလေးသူငယ်အခွင့်အရေး ဥပဒေကြမ်းပါ လက်ထပ် ထိမ်းမြားခွင့် ပြုရာမှာ အသက်ကို ၁၈ နှစ်ပြည့် ဆိုတာ ထည့်သွင်းရေး၊ ပယ်ဖျက်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်မှာ သဘောထား ကွဲလွဲမှုတွေရှိသလို လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ထိုဥပဒေကြမ်းတွင် အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်ကို ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်လို့ ထည့်သွင်း ပြဌာန်းရန် အဆိုတင်သွင်းခဲ့တဲ့အပေါ် မဲခွဲဆုံးဖြတ်ရာမှာ ကိုယ်စားလှယ် ၃၂၀ ဦးက ကန့်ကွက်ခဲ့ပြီး ထောက်ခံသူက ၃၀ ဦးရေကျော်ပဲ ရှိပါတယ်။
အခု ပြဌာန်းမယ့် ဥပဒေဟာ ကလေးသူငယ်အခွင့်အရေးအတွက် အထူးပြုထားတဲ့ ဥပဒေဆိုတာ သတိချပ်စေချင်ပါတယ်။ ကလေးသူငယ်များကို ထိမ်းမြားလက်ထပ်ပေးခြင်းဖြင့် ဆောလျင်စွာ ကိုယ်ဝန်ဆောင်ခြင်း၊ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တာက မိခင်နဲ့ ကလေးသေဆုံးမှုကို ပိုမိုမြင့်တက်စေတဲ့ ကျန်းမာရေးရှုထောင့်အရ ကြည့်ရင်လည်း ဘယ်လိုမှ မကောင်းပါဘူး” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြမြမျိုးက ပြောပါတယ်။
ဥပဒေကြမ်းကော်မတီရဲ့ အကြောင်းပြချက်ကတော့ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်ပြီး ဘာသာအလိုက် လူမျိုးအလိုက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လက်ထပ်နိုင်သော အသက်အရွယ်ကန့်သတ်ချက် အမျိုးမျိုးရှိ တာကြောင့်လို့ အကြောင်းပြချက် ပေးကြသလို အနိမ့်ဆုံး အသက်အရွယ်ကို ထည့်သွင်းခြင်းက နိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ ဓလေ့ထုံးတမ်းများနဲ့လည်း ဆန့်ကျင်ကွဲပြားစေတယ်ဆိုပြီး ပြောပါတယ်။
“တည်ဆဲဥပဒေများ၊ ဓလေ့ထုံးတမ်းများဆိုတဲ့အခါမှာ ဥပမာအားဖြင့် ကျနော်ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာ ဓလေ့ထုံတမ်းမှာဆိုရင် ကျနော်တို့ ပုဆိုးတန်းတင်ရုံနဲ့ ကျနော်တို့ အကြင်လင်မယားဖြစ်ပါတယ်။ နောက်ပြီးတော့
အရှေ့ ၇ အိမ်၊ အနောက် ၇ အိမ် အသိပေးရုံနဲ့ အကြင်လင်မယားဆိုတဲ့ ဓလေ့ရှိပါတယ်။ ချင်းပြည်နယ်မှာဆိုရင်လည်း အသက် ၁၃ နှစ်ပြည့်ရုံနဲ့ စေ့စပ် မင်္ဂလာပွဲတွေပြုလုပ်ရပါတယ်။
ရှမ်းပြည်နယ်မှာဆိုရင်လည်း လက်ဖက်တရိုး၊ ကွမ်းတရိုး ကျွေးရုံနဲ့ အကြင်လင်မယားအဖြစ် ဓလေ့တွေရှိပါတယ်။ ကျနော်တို့ စာဆိုလည်းရှိပါတယ်။ ဈေးသုံးလည်း မလွယ်နဲ့ ရှေ့ထုံးလည်း မပယ်နဲ့ ဆိုရိုးအတိုင်းပါပဲ။ ကျနော်တို့ ထုံးတွေကိုလည်း မပယ်သင့်ပါဘူး။ တည်ဆဲဥပဒေတွေ၊ ဓလေ့ထုံးတမ်းဥပဒေတွေ ရှိပါလျှက်နဲ့ နောက်က အသက် ၁၈ နှစ်ပြည့်မှပဋိဉာဉ်ပြုနိုင်မယ်ဆိုတဲ့အချက်က သက်ဆိုင်ရာဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်ကွဲလွဲ လျက်ရှိနေပါတယ် ” လို့ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မဲဆန္ဒနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြောခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ သဘောထားကွဲလွဲမှုတွေရှိနေတဲ့ ဒီဥပဒေကြမ်းပါ အချက်ဟာ အမျိုးသားလွှတ်တော်မှာလည်း ထပ်မံပြီး ကွဲလွဲမှု ရှိပါတယ်။ အသက် ၁၈ နှစ် ဆိုတဲ့ကိစ္စအပါအဝင် ကလေးသူငယ်ဥပဒေကြမ်းမှာ လက်ထပ်တယ်ဆိုတဲ့ ကိစ္စကို မထည့်သွင်းဖို့ ပြောဆိုမှုလည်းရှိပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ကျော်စိုးဦး က “ လက်ထပ်ထိမ်းမြားခြင်း ကိစ္စသည် အရွယ်ရောက်ပြီးသူများရဲ့ ကိစ္စဖြစ်တာနဲ့ အညီ လက်ထပ် ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် တည်ဆဲ ဥပဒေများကိုလည်း ပြဌာန်းထားပြီး ဖြစ်တာကြောင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်း၏ အခန်း ( ၇) လက်ထပ် ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၃ ကို ပယ်ဖျက်လို ကြောင်းလေးလေး နက်နက် ဆွေးနွေးလိုပါတယ်” ဟု လွှတ်တော်အတွင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဘာကြောင့် အသက် ကန့်သတ်ချက် ထည့်သင့်တာလဲ
ကလေးသူငယ်ဥပဒေကြမ်းမှာ လက်ထပ်ထိမ်းမြားခွင့် အသက် ကို ၁၈ နှစ်ဆိုတဲ့ အချက်ကို မထည့်သွင်းဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေအများကြီးရှိနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အမျိုးသမီးအရေး လှုပ်ရှားသူ တွေက သုံးသပ်မှုတွေ ရှိပါတယ်။
အသက် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်မယ်ဆိုလ ျှင် ဒါဟာ ကလေးသူငယ် လက်ထပ် ထိမ်းမြားခြင်းကို အားပေးရာ ရောက်ကြောင်း၊ ကျန်းမာရေးရှုထောင့် ကနေ ကြည့်မယ် ဆိုလ ျှင်လည်း ဒါဟာ သင့်လျော်တဲ့ ကိစ္စ မဟုတ်ကြောင်း ထောက်ပြကြပါတယ်။
‘’(ဥပဒေထဲမှာ) တခြားဟာတွေ ပြည့်စုံအောင် ကောင်းအောင်လုပ်ထားရက်သားနဲ့ ဒီတချက်လေးနဲ့ ဝေဖန်တယ်ဆိုပီး [ထိမ်းမြားလက်ထပ်နိုင်သည့် အသက်ကန့်သတ်ချက် ပြဌာန်းတာကို ဆန့်ကျင်သူတွေက] ပြောမယ်။ ဒါပေမယ့် ဒီတချက်လေးကလည်း လျစ်လျူရှုထားလို့ မရအောင်ကို အရေးကြီးတယ်” လို့ မမေစံပါယ်ဖြူပြောပါတယ်။
အရွယ်မတိုင်မီ လက်ထပ်ရင် ကျန်းမာရေးအရ ဘာတွေဖြစ်နိုင်မလဲ
မြန်မာနိုင်ငံတွင် ဆယ်ကျော်သက်အရွယ် ကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗဟုသုတ နည်းပါးခြင်း များကြောင့် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားမှုများ လည်း ပိုမိုများပြားလာနိုင်သည့်အတွက် ယင်းအချက်သည် မဖြစ်မနေ ထည့်သင့်သည့် အချက်ဖြစ်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။
အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်းကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးခြင်း၊ ဘဝ ရွေးချယ်ခွင့် ဆုံးရှုံးခြင်း၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့်ကျန်းမာရေးပြသနာများ ဖြစ်ပွားနိုင်ခြင်းများ ရှိတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အသက် ၁၈ နှစ်ဆိုတဲ့အချက်ကို ဥပဒေမှာ သေချာထည့်သွင်းဖို့လိုအပ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ မလှလှရီက အရွယ်မတိုင်ခင် လက်ထပ်သည့် ကိစ္စများတွင် သက်ငယ်မုဒိမ်းအမှုများတွင် ပေးစားလိုက်တာမျိုး၊ ဓလေ့အရ အသက်မပြည့်သေးသည့် ကလေးများကို အတင်းအကျပ်ပေးစားခြင်းမျိုး ဖြစ်လာနိုင်တယ်လို့ သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။
“ဒီလိုမျိုး ဥပဒေနဲ့မှ တရားဝင် မထိန်းဘူးဆိုရင် ပိုပြီးတော့ ဆိုးလာမှာပါ။ သက်ငယ်မုဒိမ်းတွေလည်း ပိုများလာမယ်။ ပိုပြီးတော့မှ တွန်းအားပေးသလိုမျိုး ဖြစ်လာမှာ စိုးလို့ အသက် ၁၈ နှစ် က သတ်မှတ်တာက အကောင်းဆုံးပါပဲ”လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မနန်းဖြူဖြူလင်းက ဆိုပါတယ်။
ကုလသမဂ္ဂ၏ The UN Convention on the Rights of the Child ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ခေတ်မမီတော့တဲ့ ဥပဒေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ဆိုပြီး ပြန်လည် ပြင်ဆင်ကာ လွှတ်တော်ကို တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်လို့ ထည့်သွင်းထားခဲ့တာကို ပယ်ဖျက်သင့်၊ မသင့်ကို ယနေ့အထိ သဘောထားကွဲလွဲမှုတွေကြောင့် ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။