မြန်မာနိုင်ငံမှာ လိင်ဆက်ဆံမှု အကာအကွယ် နည်းလမ်းရယူမှုတွေအပေါ် ရှက်ရွံ့စရာအဖြစ် ဝေဖန် ရှုမြင်ခြင်းတွေရှိနေဆဲဖြစ်တယ်လို့ ပညာပေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်း (safe sex) က လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်ပွားမှုကို ကာကွယ်တဲ့အပြင် မလိုချင်တဲ့ ကိုယ်ဝန်ဆောင်မှုကို လျော့ချပေးနိုင်ပေမယ့် လိုက်နာကျင့်သုံးသူ နည်းပါးနေဆဲဖြစ်ပါတယ်။
ဒါကြောင့် လူငယ်များအကြား လိင်ပိုင်းဆိုင်ရာ ပညာပေးမှုကို အစိုးရ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အေဂျင်စီများ၏ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုအသိုင်းအဝန်းအတွင်း ပညာပေးမှုများ အဆက်မပြတ် ပြုလုပ်လာတာကို တွေ့ရပါတယ်။
သို့သော် ပညာပေးမှုလုပ်ငန်းတွေက မြို့ပေါ်အပြင် မြို့စွန်နယ်ဖျား ကျေးလက်ဒေသ အထိ သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ရောက်နေပြီလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။
“ကွန်ဒုံးဝယ်ရင် လိင်ဆက်ဆံမှုအတွက် အကာအကွယ် ရမယ်မှန်း သိတယ်။ ဒါပေမယ့် ကွန်ဒုံးဝယ်တာကို ရှက်စရာကြီးတခုလို လူတွေက ဆက်ဆံကြတယ်။ သူသည် အင်မော်ဖေးရှင်းတော့ရှိတယ်။ ဒါသုံးရမယ် ဆိုတာ သိတယ်။ ဒါပေမယ့် သူသည် သုံးဖို့ မဝံ့မရဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆို ဘေးပတ်ဝန်းကျင်က လူတွေက သူ ကွန်ဒုံး ဝယ်တာ မြင်ရင် သူ့ကို ဝိုင်းပြီးတော့ အပြစ်တင်ကြတယ်။ ဝေဖန်ကြတယ်။” လို့ ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ လူငယ်နှင့် ဆယ်ကျော်သက်ဆိုင်ရာ စီမံကိန်း အရာရှိ ဒေါက်တာ ရတနာက ရှင်းပြတယ်။
မြန်မာနိုင်ငံမှာ စိတ်ချရတဲ့အကာကွယ် (ကွန်ဒုံး) အသုံးပြုခြင်းနှင့်သက်ဆိုင်သော သတင်းအချက်အလက် ရှိထားလ ျှင်ပင် လက်တွေ့ကြုံလာတဲ့အခါ အကာကွယ် ကွန်ဒုံး မသုံးဖြစ်အောင် တွန်းပို့နေသည့် အရာများက လူမှုပတ်ဝန်းကျင်၏ ကန့်သတ်ချက်နှင့် ဝေဖန်ရှုမြင်ချက်များဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
အကာအကွယ်ဖြင့်လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များအကြောင်း ပိုမို ပြောဆိုရန် လိုအပ်နေသေးပြီး လူတဦးနှင့်တဦး မြင်ရုံဖြင့် ယုံကြည်ကာ အကာအကွယ်အသုံးပြုခြင်း မရှိကြသဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်သည်ကိုလည်း ပြည်သူ့ကျန်းမာရေးကဏ္ဍ အထူးပြု ဆရာဝန်တဦးဖြစ်သည့် သူက သတိပေးပါတယ်။
“များသောအားဖြင့် မြန်မာပြည်မှာက ကွန်ဒုံးသုံးရင်သုံး၊ မသုံးရင် ဒီဆယ်ကျော်သက် အတွဲတွေအနေနဲ့ သူတို့က အရေးပေါ် သန္တေတားဆေး သုံးကြတယ်။ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါကိုရော ကိုယ်ဝန်ကိုရော ကာကွယ်တာက ကွန်ဒုံး တခုပဲ ရှိတယ်။ တချို့ကတော့လည်း သုတ်ရည်ကို အပြင်မှာ ထုတ်လိုက်တဲ့ နည်းသုံးတယ်။ ဒါပေမယ့် ဒီသုတ်ရည် အပြင်မှာ ထုတ်တဲ့နည်းလမ်းကလည်း ကိုယ်ဝန်ရနိုင်တဲ့ ရာခိုင်နှုန်းတွေ ရှိနေသေးတယ်။ ဒီသတင်းအချက်အလက်တွေကို လူငယ်တွေက အခုထိ လက်လှမ်းမှီတဲ့ ရာခိုင်နှုန်းက အရမ်းနည်းသေးတယ်။” လို့ ဒေါက်တာ ရတနာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၁၃ နှစ်အထက် ဆယ်ကျော်သက် လူငယ်များအကြား လိင်ဆက်ဆံမှုရှိနေသှု မည်မ ျှအတိုင်းအတာ ရှိသည်ကို ၂၀၁၅-၂၀၁၆ ခုနှစ်က စစ်တမ်းကောက်ထားသော်လည်း ထို မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်း (MDHS) တွင် မည်သူက မည်မ ျှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမည်နည်း ဆိုတဲ့ အခက်အခဲ ရှိနေပါတယ်။
လိင်ပိုင်းဆိုင်ရာကျန်းမာရေးပညာပေးမှုမှာ သတင်းအချက်အလက် ရရှိဖို့ လိုအပ်နေတဲ့ လူငယ်များက မရင်းနှီးသောအကြောင်းအရာများကို နားရှက်ရှက်နဲ့ နားထောင်ကြသော်လည်း လူကြီးများက ထိုပညာပေးမှုများ မလိုအပ်ဆိုတဲ့ ရှေးရိုးစွဲအမြင်များ လွှမ်းမိုးနေသေးတယ်လို့လည်း ဒေါက်တာရတနာက သုံးသပ်ပါတယ်။
ပညာပေးအချက်အလက်များက အဓိကအားဖြင့် လူ့အခွင့်အရေးစံနှုန်းများအပေါ် အခြေခံထားပြီး၊ ကိုယ်ခနာပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ မတူကွဲပြားမှုအပေါ် အပြန်အလှန်လေးစားမှုရှိလာစေရန် ဖြန့်ဝေပေးသည့် ပညာပေးမှုဖြစ်တယ်ဆိုတာကို လူကြီးများ နားလည်လက်ခံရန် လိုအပ်ပါတယ်။
ထို့အတူ သတင်းအချက်အလက်များက ကျောင်းနေအရွယ် ဆယ်ကျော်သက်များကြားတင်မက စာသင်ကျောင်းပြင်ပရောက် လူငယ်များအတွက်လည်း လက်လှမ်းမှီနေရန် လိုအပ်နေသေးတယ်လို့ လိင်ပညာပေးလုပ်ငန်းလုပ်ဆောင်နေသူတွေက ပြောပြပါတယ်။
ဒေါက်တာရတနာက မြန်မာ လူငယ်များ ငယ်ငယ်ရွယ်ရွယ်နှင့် လိင်ဆက်ဆံမှု နှင့် အန္တရာယ်ရှိသော လိင်စိတ်အပြုအမူများ လျော့နည်းကာ ကြိုတင်ကာကွယ်မှုများကိုလည်း သတိပြုလာနိုင်မည်ဟု သုတေသန ပြုချက်များကို ကိုးကားပြီး ရှင်းပြပါသေးတယ်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်အိမ်ထောင်စုအကြောင်းအရာဆိုင်ရာ သန်းခေါင်စာရင်းကို အခြေခံတဲ့ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုဆိုင်ရာ အသေးစိတ်သုတေသနအစီရင်ခံစာ ၂၀၁၆ အရ မြန်မာနိုင်ငံတွင် နှစ်စဉ်သေဆုံးသူ မိခင်ပေါင်း ၂၈၀၀ ခန့်ရှိပြီး၊ ကလေးအရှင်မွေးဖွားမှု ၁၀၀၀၀၀ (တသိန်း) တွင် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု ၂၈၂ ဦးနှုန်းဖြင့် အရှေ့တောင်အာရှဒေသ (အာဆီယံ) တွင် ဒုတိယမြောက် အမြင့်ဆုံး ရှိနေပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအားလုံး၏ ကိုယ်ဝန်ဆောင်မိခင်သေနှုန်း ပ ျှမ်းမ ျှ ၁၄၀ ဦးသာ ရှိတာမို့ မြန်မာက နှစ်ဆ မြင့်နေပါတယ်။ မြန်မာနိုင်ငံမှာ မိခင်သေနှုန်းမြင့်မားရတဲ့ အကြောင်းရင်းထဲတွင် အကာအကွယ်မဲ့လိင်ဆက်ဆံရာကတဆင့် ရလာသော မလိုချင်သော ကိုယ်ဝန်ဖျက်ချမှုကလည်း တတိယအဆင့်ကနေ ပံ့ပိုးပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ မိခင်သေနှုန်းဆိုင်ရာ အချက်အလက် မှတ်တမ်းကို ၁၉၉၀ မှ စတင်ခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင်သေနှုန်း ခန့်မှန်းတွက်ချက်သော ကုလသမဂ္ဂ အေဂျင်စီအလုပ်အဖွဲ့ စာရင်းအရ ၁၉၉၀ တွင် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်း ၅၈၀ ရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ဦးရေ ၂၀၀ အထိ လျော့ကျခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ပြီးပြည့်စုံသောလိင်ပိုင်းဆိုင်ရာပညာပေးမှု တစိတ်တပိုင်းအဖြစ် ၂၀၁၇ ခုနှစ်နှောင်းပိုင်း၌ UNFPA နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ Love Questions: Life Answers (အချစ်ပုစ္ဆာ ဘဝအဖြေရှာ) မိုဘိုင်းဖုန်း အပလီကေးရှင်းတခု ရေးဆွဲ ထုတ်ပြန်ထားပါတယ်။
ထိုအပလီကေးရှင်းမှာ အရွယ်ရောက်ခြင်း၊ ကျန်းမာရေး၊ အချစ်ရေးနှင့် လိင်မှုဆက်ဆံရေးဆိုင်ရာ ဒွိဟဖြစ်စရာများနှင့်ပတ်သက်သော ပညာပေး သတင်းအချက်အလက်များကို ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။
ရေးဆွဲပြီး တနှစ်ကျော်အကြာအထိ ထိုအပလီကေးရှင်းအား အသုံးပြုသူ ၄ သောင်းကျော်သာ ရှိသေးကြောင်း၊ တွင် အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များ အများဆုံး ပါဝင်ပြီး ၎င်းတို့ စိတ်ဝင်တစား ဖတ်ရှုသည့်အကြောင်းအရာများတွင် လိင်ဆက်ဆံသည့် အလေ့အကျင့်အမျိုးမျိုး နှင့် လိင်စိတ်ခံယူမှုတို့နှင့် ပတ်သက်၍ အများဆုံးဖြစ်သည်ဟုလည်း ဒေါက်တာရတနာက ဆိုပါတယ်။
သူက“မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူငယ် လူဦးရေနဲ့ ကြည့်လိုက်တဲ့အခါ ၄ သောင်းကျော်ပဲ ဖြစ်ဖြစ် သိန်းဂဏန်းပဲ ဖြစ်ဖြစ် သူတို့ ဒီ အချက်အလက်ရတာ အရမ်းနည်းနေသေးတယ်။” လို့ ပြောပြတယ်။
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်ထောင်စုဆိုင်ရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကလေးလူငယ် ၂၃.၄ သန်းကျော်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၄၆.၅ ရာနှုန်းရှိပါတယ်။
မြန်မာနိုင်ငံမှာ ဗယ်လင်တိုင်းဒေး ခေါ် ချစ်သူများနေ့က တနှစ်ထက် တနှစ် ပိုပြီး ခေတ်စားလာသည်နှင့်အမ ျှ လူငယ် ချစ်သူများအကြား “လိင်ဆက်ဆံရန် အဆင်သင့်မဖြစ်ပါက ငြင်းဆန်ပါ” ဟူသော ကမ်ပိန်းကို UNFPA က ယမန်နှစ်ကတည်းက စတင်မိတ်ဆက်ထားပြီး ယခုနှစ်တွင်လည်း ထပ်မံ တိုက်တွန်းထားပါတယ်။
“လိင်ဆက်ဆံဖို့စိတ်ထဲက သက်တောင့်သက်သာ မရှိဘူးဆိုရင် နိုးပြောပါ။” လို့ ဒေါက်တာရတနာက အထူးသဖြင့် လူငယ်များကို အကြံပြုထားပြီး၊ ပါဝင်ပတ်သက်သူ နှစ်ဦးနှစ်ဖက် သဘောထားမပါဘဲ အတင်းအကျပ် ပြုမူပါက လူ့အခွင့်အရေးချိုုးဖောက်ရာ ရောက်တယ်လို့ ပြောပါတယ်။
လူတဦး၏ ကိုယ်ခန္တာဆိုင်ရာ ဆုံးဖြတ်ချက်က မိမိကိုယ်တိုင် ချမှတ်ရမည်ဖြစ်ပြီး အပေါင်းအသင်း ဖိအားအပါအဝင် တပါးသူ၏ ခြိမ်းခြောက်မှုမပါသော ဆုံးဖြတ်ချက်များ ချမှတ်ရန် အရေးကြီးကြောင်းလည်း ရှင်းပြပါတယ်။
ချစ်ခြင်းမေတ္တာပြည့်ဝသော ဆက်ဆံရေးရှိသည့် ချစ်သူများအနေနဲ့ ဗယ်လင်တိုင်းဒေးမှာ“နှစ်ဦးသဘောတူတဲ့ အချိန်တွေလည်း ရှိနိုင်တယ်။ ဒါဆို နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း သိထားရမယ်။ နောက်ဆက်တွဲတွေကို အဆင်သင့် မဖြစ်သေးဘူး ဆိုရင် နံပတ် ၁ က လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကာကွယ်ဖို့ နံပတ် ၂ က မလိုချင်တဲ့ကိုယ်ဝန်ကို ကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတခုကပဲ အဲဒီ ၂ ခုလုံးကို ကာကွယ်ပေးနိုင်တယ်။” လို့ သူက တိုက်တွန်းပါတယ်။
လိင်ဆိုတာနဲ့ လူအများစုက ရှက်ရွံ့စရာ စကားလုံးအဖြစ် တွေးမြင်နေကြဆဲဖြစ်သလို လိင်မှုဆိုင်ရာ ပညာပေးလုပ်ငန်း ဆိုတာလည်း မလိုအပ်ဘူးဆိုတဲ့ အတွေးမှားကို ပြင်ဖို့ ၊ ဗဟုသုတတွေ ပိုမိုပေးနိုင်ဖို့ အစိုးရအပါအဝင် လူမှုအဖွဲ့အစည်းများနဲ့ကျွမ်းကျင်သူတွေက ကြိုးစားနေကြပါတယ်။