မြန်မာနိုင်ငံတွင် အိမ်တွင်း အကြမ်းဖက်မှုများဖြစ်ပေါ်နေရခြင်းသည် အမျိုးသမီးအခွင့်အရေးအကာအကွယ်များအတွက် ပြ ဌာန်းထားသော ဥပဒေများ အားနည်းနေခြင်းကြောင့်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။
အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များပေါ်ပေါက်လာပါက အမျိုးသမီးများအတွက် လူမှုရေးရှုထောင့်မှသာ အများဆုံး ဖြေရှင်းပေးနေရဆဲဟု သိရသည်။
“မြန်မာနိုင်ငံရဲ့ လက်ရှိ တည်ဆဲဥပဒေတွေထဲမှာ အမျိုးသမီးအခွင့်အရေးအတွက် အကာအကွယ်ပေးတဲ့ဥပဒေတွေရဲ့အား နည်းချက်ကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်နေရတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်နေရခြင်းက ဥပဒေအား နည်းချက်တွေအပြင် လက်ရှိအချိန်အထိ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းတွေက အမျိုးသမီးတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေတာကို တွေ့ရတယ်။
အချို့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ရာဇဝတ်မှုမြောက်နေတယ်၊ အဲဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကိုလည်း လူမှုရေးရှုထောင့်ကနေပဲ ဖြေရှင်းကြတာများတယ်”ဟု အကျိုးအမြတ်မယူသော ဥပဒေရေးရာကုစားမှုအဖွဲ့ (Legal Clinic Myanmar) မှ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောသည်။
အိမ်တွင်းအကြမ်းဖက်မှု ပြစ်မှုမြောက်၊ မမြောက်ဆိုခြင်းတွင် ၅မျိုးတွေ့ရပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှု ဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့ကို အိမ်တွင်းအကြမ်းဖက်မှုများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
“များသောအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေကို အချင်းချင်းနားလည်မှုတွေနဲ့ ပြေရာပြေကြောင်း လူမှုရေးရှုထောင့်ကနေ ဖြေရှင်းကြတယ်၊ကြီးထွားလာကြမှသာ တရားရုံးတွေကို ရောက်ကြရတာလေ၊ အဲဒီမှာလည်း လူမှုရေးအရ ညှိကြ နှိုင်းကြဆိုရင် ပြေလည်သွားတာတွေလည်း ရှိကြတယ်၊ အဲဒီလိုမျိုးအနေအထားမှာ အိမ်တွင်းအကြမ်းဖက်မှုတွေအတွက် ဥပဒေတရပ်နဲ့ ကာကွယ်ပေးသွားမယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အနေအထားပါ”ဟု ချမ်းအေးသာစံမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးမြင့်အောင်မိုးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပက်သက်၍ အိမ်နီးချင်းနိုင်ငံများအကြား နောက်ကျနေပြီး ယနေ့အချိန်အထိ အမျိုးသမီးများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးပေးရေးအပေါ် ထိရောက်မှု မရှိသေးကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် ပတ်သက်သော တိကျသည့် ဥပေဒ မရှိခြင်းတို့ကြောင့် အိမ်တွင်းအကြမ်းဖက်ခြင်းများကို အလွယ်တကူ ကျူးလွန်နေကြခြင်းဟု သိရသည်။
“ဆရာတို့နိုင်ငံမှာ လက်ရှိအချိန်အထိ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းတွေကလည်း အမျိုးသမီးအခွင့်အရေးကို ဆုံးရှုံးစေတာတွေ များတယ်၊ ဥပမာ တလင်တမယားစနစ်တို့ သုံးကျောင်းပြောင်းသောတို့ဆိုတဲ့ စကားတွေကအစ အိမ်တွင်းအကြမ်း ဖက်မှုတွေကို ဖြစ်ပေါ်စေရတာပဲ။ အရင်ကလည်း ဥပဒေတွေ ပြဌာန်းပြီးသားပါ၊ တည်ဆဲနေဆဲဖြစ်တဲ့ ပြဋ္ဌာန်းပြီးသား ဥပဒေတွေကို လေးစားလိုက်နာကြဖို့လည်းလိုတယ်။ လိုက်နာကျင့်သုံးမှုအားနည်းလို့သာ အိမ်တွင်းအကြမ်းဖက်မှု တွေဖြစ်နေရတာလို့ မြင်ပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးတင်အောင်က ပြောပြသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို နိုင်ငံတကာသံတမန်များက တိတ်ဆိတ်သော အရေးပေါ် အခြေအနေဟု ခေါ်ဝေါ်သတ်မှတ်ထားပြီး အိမ်တွင်းအကြမ်းဖက်ခြင်းများမှ ရာဇဝတ်မှုဖြစ်စဉ်များကို ဖြေရှင်းပေးကြရာတွင် တည်ဆဲဥပဒေများ၏ လှစ်ဟာမှု၊ တရားဥပေဒ စိုးမိုးမှုမရှိခြင်း၊ တရားရုံးများ၏ အဂတိလိုက်စားမှုများနှင့် လူမှုရေး ရှုထောင့်များမှ ဖြေရှင်းပေးနေခြင်းများသည် ပိုမိုဆိုရွားစေသည့် အခြေအနေဖြစ်ပေါ်စေခြင်း၏ အကြောင်းများဟု သိရသည်။
“လူမှုရေးရှုထောင့်ကနေ ဘာကြောင့်ဖြေရှင်းနေရသလဲဆိုရင် တရားရုံးကို မရောက်ချင်ကြတာတွေကြောင့်လည်း ပါတယ်၊ တရားရုံးတွေမှာက မိန်းကလေးတွေနဲ့ပတ်သက်ပြီး လင်မယားကွာရှင်းတာတွေကအစ အခွင့်အလမ်းနည်းတဲ့ ကျင့် ထုံးတွေရှိနေတာလည်း ပါတယ်၊ ဥပမာပြောရမယ်ဆိုရင် အမျိုးသားတွေ နောက်အိမ်ထောင်ပြုခဲ့ရင် ကြီးလေးတဲ့ ရက်စက်မှု လို့မမြင်ကြဘဲ အမျိုးသမီးကသာ ဖောက်ပြားခဲ့မယ်ဆိုရင် ကြီးလေးတဲ့ရက်စက်မှုလို့ ခံယူထားဆဲဖြစ်တဲ့ မြန်မာ့လူမှုဝန်းကျင်ကြောင့်လည်း အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်စေတာလို့ မြင်ပါတယ်၊ အဲဒါမျိုးတွေကြောင့်လည်း လူမှုရေးရှုထောင့်ကနေ ဖြေရှင်းနေကြရတာလို့ပဲ မြင်ပါတယ်” ဟု ဦးတင်အောင်က ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အများအပြားတွေ့ရသည်ဟု ကုလသမဂ္ဂ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြကာ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၁၀၀ ကျော် ကို လိင်အရ အကြမ်းဖက်မှုများအတွက် စီရင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အိမ်တွင်းအကြမ်းဖက်မှုများကို ကာကွယ်ပေးသည့် ဥပဒေများကို ခေတ်မီအောင် ပြုလုပ်ခြင်းဖြင့် အမျိုးသမီး များအပေါ် ပိုမိုအကာအကွယ်ပေးရန် ရေးဆွဲထားသော ဥပဒေကြမ်းတခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲနေကာပြည်တွင်း လူ့အခွင့်အရေး အကျိုးဆောင်အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင် ကြောင်းသိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သော ခိုင်မာသည့် စာရင်းဇယားရှားပါးသော်လည်း ၂၀၁၆ ခုနှစ်အတွင်း က ကောက်ယူခဲ့သော မြန်မာနိုင်ငံလူနေမှုဘဝနဲ့ ကျန်းမာရေးဆိုင်ရာစစ်တမ်းများအရ အဆိုပါပြဿနာမှာ ကျယ်ပြန့်နေကြောင်း၊ အိမ်ထောင်ရှင်အမျိုးသမီး ၅ ဦးတွင် တဦးသည် အိမ်ထောင်ဖက်၏ အကြမ်းဖက်ခြင်း ခံနေကြရကြောင်း၊ အိမ်ထောင်ရှိ အမျိုးသမီးများအနက် ၁၅ ရာခိုင်နှုန်းသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို တွေ့ကြုံခဲ့ဖူးကြပြီး ၁၄ ရာခိုင် နှုန်းမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ၃ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို တွေ့ကြုံနေကြရသည်ဟု စစ်တမ်းပါအချက်အလက်များအရ သိရသည်။
“လတ်တလောအနေအထားမှာ အိမ်တွင်းအကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့က တိုင်ကြားလာမှ ဝင်ရောက်ဖြေရှင်းပေရ တာဆိုတော့ မျှတတဲ့ဖြေရှင်းနည်းနဲ့မဖြေရှင်းပေးနိုင်သေးပါဘူး၊ နိုင်ငံတကာမှာလို လူမှုရေးပြဿနာတခု ပြည်သူတွေကြား မှာ ဖြစ်ပြီဆိုတာနဲ့ တိုင်ကြားမှုမရှိလည်း အစိုးရအနေနဲ့ဝင်ရောက်ဖြေရှင်းပေးဖို့ဆိုတာ လက်ရှိအချိန်မှာ မဖြစ်သေးပါဘူး။ အဲဒီလိုဖြစ်အောင်လည်း ကျမတို့ ကြိုးစားနေပါတယ်။
လက်ရှိအချိန်မှာတော့ တိုင်ကြားမှသာဖြေရှင်းပေးနိုင်သေးတာမို့ တိုင်ကြားလာပြီဆိုတာနဲ့ လိုအပ်တဲ့ တရားရေးအကူ အညီ၊ ကျန်းမာရေးအကူအညီ၊ လူမှုရေးအကူအညီတွေပေးနေပါတယ်” လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
အိမ်တွင်းအကြမ်းဖက်ခံရသူ အိမ်ထောင်ရှင် အမျိုးသမီးများသည် ခင်ပွန်းဖြစ်သူကို တရားစွဲဆိုပါက မိသားစုအတွင်း ကဲ့ရဲ့ ပြစ်တင်ခံရသည့် ဆိုးကျိုးများဖြစ်လာမည်ကို စိုးရိမ်ကြလေ့ရှိကြောင်းသိရသည်။
“ဥပဒေသာပြဋ္ဌာန်းနိုင်ခဲ့မယ်ဆိုရင် ကောင်းကျိုးဆိုးကျိုးတွေရှိလာမှာပါ၊ နိုင်ငံမှာက လက်ရှိအချိန်အထိ အများစုက လက်ဝဲ ဆန်နေကြတာများတယ်၊ စံနှုန်းတွေကို အဓိကအားထားချင်ကြတဲ့စိတ်မျိုးတွေရှိနေကြတော့ ဥပဒေကိုပြဌာန်းမယ်ဆိုရင် လက်ဝဲဆန်ချင်တဲ့သူများနဲ့ စံနှုန်းတွေကိုပဲ လက်ခံထားသူတွေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတော့ ရှိလာနိုင်မယ်။
ပဌာန်းနိုင်ရုံနဲ့မရဘူး ပြည်သူတွေအားလုံး နားလည် လက်ခံပေးနိုင်အောင်အထိကို လုပ်ဆောင်ပေးရမယ်လို့တော့ ပြောချင်တယ်၊ ဥပဒေနဲ့သာ ပြဌာန်းကာကွယ်ပေးမယ်ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ လျော့လာမှာတော့ သေချာပါတယ်”ဟု ဦးတင်အောင် ဆိုသည်။
မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်ကို ပြစ်မှု တခုအဖြစ် မမြင်ကြကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ အားလုံးမှာ ပြစ်မှုများဖြစ်နေပြီး ထိုသို့သော အမှုများနှင့် ပတ်သက်သော ဥပဒေများသည် ကိုလိုနီခေတ်က ပြဋ္ဌာန်းထားသော ဥပဒေများဖြစ်သောကြောင့် ခေတ်နောက် ကျနေသောကြောင့် ဥပဒေတရပ် သီးခြားရှိရန်လိုအပ်နေသည်ဟု ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့များက သုံးသပ်အကြံပြုကြသည်။