Women & Gender

Champion for Gender Equality Award အမည်တင်သွင်းရန် ဖိတ်ခေါ်

Want create site? Find Free WordPress Themes and plugins.

ကျား၊ မတန်းတူညီမျှရေးကွန်ရက် Gender Equality Network(GEN)မှ ကျား၊ မတန်းတူညီမျှမှုနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်များအား ကျား၊ မတန်းတူညီမျှရေး ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် အထောက်အပံ့ဖြစ်ရန် ရည်ရွယ်ပြီး Champion for Gender Equality Award အတွက် အမည်စာရင်း တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။

“Gender Equality က ကျမတို့နိုင်ငံအတွက် အရေးကြီးတယ်ဆိုတာ လူတွေလည်း သတိထားမိအောင်၊ ဆောင်ရွက်ချင်တဲ့သူတွေလည်း ပိုပြီးတော့ များလာအောင်၊ ရှိလာအောင် အဲဒီသဘောနဲ့ ဒီဆုကို စီစဉ်တာ ဖြစ်တယ်” ဟု Gender Equality Network ၏ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ဧရာဝတီသို့ ပြောသည်။

ကျား၊ မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေကြသော တသီးပုဂ္ဂလလူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို အသိအမှတ်ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ်အတွက် ပထမဆုံးအကြိမ် ပေးအပ်ခြင်း ဖြစ်သည်။

၎င်းက “အဓိကက အဆိုပြုလွှာမှာ ဘာကြောင့် ဒီအဖွဲ့အစည်းက ဆုရသင့်တယ်ဆိုတာကို အချက်အလက်နဲ့ ခိုင်ခိုင်လုံလုံ တင်ပြရမှာဖြစ်တယ်။ အဲဒီတင်ပြလာတဲ့ အဆိုပြုလွှာတွေပေါ်မှာမှ ကျမတို့က ဘယ်သူကတော့ ကျား၊ မ တန်းတူညီမျှရေးအတွက် ကြီးမားတဲ့ လူမှုအပြောင်းအလဲတွေ ဖြစ်အောင် လုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ တိုင်းတာမှာပါ” ဟု ရှင်းပြသည်။

အမည်စာရင်းတင်သွင်းခံရသူသည် မြန်မာနိုင်ငံအတွင်း ကျား၊ မရေးရာ တန်းတူညီမျှရေး၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် မတူကွဲပြားစွာ လိင်စိတ်တိမ်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုရှိသူများ အခွင့်အရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်းတူညီမျှ ပါဝင်ခွင့်ရှိရေးအတွက် တက်ကြွစွာ လှုပ်ရှားပါဝင်နေသူ/အဖွဲ့ ဖြစ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံအတွင်းတွင် အခြေစိုက်သော အဖွဲ့အစည်းဖြစ်ရမည်ဟု သိရသည်။

ဆက်လက်ပြီး ဒေါ်မေစံပယ်ဖြူက “သူတို့လုပ်ခဲ့တဲ့လုပ်ငန်းတွေကို နှိုင်းယှဉ်ပြီး တိုင်းတာမှာ မဟုတ်ဘူး။ သူတို့ လုပ်ခဲ့တဲ့အရာတွေက ကျမတို့ လူ့အဖွဲ့အစည်းမှာ ကျား၊ မတန်းတူညီမျှမှုဖြစ်အောင် ဘယ်လောက် အထောက် အကူဖြစ်သလဲ။ ဘယ်လောက်ကြီးမားတဲ့ ရလဒ်ကို ဖြစ်စေသလဲ” ဟု ရှင်းလင်းပြောကြားသည်။

အမည်စာရင်းတင်သွင်းခံရသည့် အဖွဲ့အစည်းသည် အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်း သို့မဟုတ် အရပ်ဖက်အဖွဲ့အစည်း သို့မဟုတ် ရပ်ရွာအခြေပြုအဖွဲ့အစည်း သို့မဟုတ် စေတနာ့ဝန်ထမ်းအခြေပြု အဖွဲ့ အစည်း ဖြစ်ရမည်ဖြစ်သည်။

အမည်စာရင်းတင်သွင်းရန်အတွက် တင်သွင်းသောသူ/အဖွဲ့အစည်းအတွက် သော်လည်းကောင်း၊ တင်သွင်း ခံရသူ/အဖွဲ့အစည်းများအတွက်သော်လည်းကောင်း အထူးပြုကန့်သတ်ချက်များ လုံးဝမရှိကြောင်း၊ မည်သူမဆို အမည်စာရင်းတင်သွင်းလိုသော လူပုဂ္ဂိုလ်/အဖွဲ့အစည်းအမည်မဆို လွတ်လပ်သော သဘောဆန္ဒ ရှိသည့်အတိုင်း အဆိုတင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အမည်စာရင်းတင်သွင်းရာတွင် ကိုယ့်ကိုယ်ကိုယ် အဆိုတင်သွင်းခြင်းများ လက်ခံမည် မဟုတ်ဟု သိရသည်။

“ကျမတို့ကတော့ တခြားသော ကိစ္စရပ်တွေမှာ လုပ်ဆောင်နေတဲ့သူတွေကို အသိအမှတ်ပြုပြီးတော့ လက်ခံကြ သလိုပဲ ကျား၊ မတန်းတူညီမျှရေးကလည်း လူမှုအသိုင်းအဝိုင်းမှာ အရေးကြီးတဲ့အတွက် ဒါတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့သူတွေကိုလည်း လူတွေက အသိအမှတ်ပြုတာ အလေးအနက်ထားတာကို ကျမတို့က ခံယူရရှိစေချင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ခံရရှိသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိသော အမည်စာရင်း တင်သွင်းခံရသူ/အဖွဲ့အစည်း အမည်များကို အများပြည်သူသိရှိစေရန် မျှဝေသွားမည်ဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း အွန်လိုင်းမှ မဲပေးမှု ပြုလုပ်နိုင်မည်ဖြစ်သည်။

အွန်လိုင်းမဲပေးမှုတွင် မဲအများဆုံးရရှိသူ ၃ ဦး သို့မဟုတ် ၃ ဖွဲ့ ၏ အမည်ကို ကျား၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ ရွေးချယ်ခန့်အပ်တာဝန်ပေးထားသော ဆုရွေးချယ်ရေးကော်မတီဝင် ဂျူရီလူကြီးမင်းများထံ တင်ပြသွားမည် ဖြစ်ပြီး သတ်မှတ်ထားသည့် အချက်အလက်များနှင့် အကိုက်ညီဆုံးဖြစ်သော လူ သို့မဟုတ် အဖွဲ့အစည်းအား ဂျူရီလူကြီးမင်းများမှ ရွေးချယ်ပေးမည်ဖြစ်သည်။

ဆုရွေးချယ်မှုနှင့်ပတ်သက်ပြီး အငြင်းပွားစရာကိစ္စ တစုံတရာရှိပါက ကျား၊ မရေးရာတန်းတူညီမျှရေး ကွန်ရက်၏ လုပ်ငန်းအဖွဲ့မှ ရွေးချယ်ခန့်အပ်တာဝန်ပေးထားသော ဆုရွေးချယ်ရေးကော်မတီ ဂျူရီလူကြီးများ၏ ဆုံးဖြတ် ချက်သည်သာ အတည်ဖြစ်မည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading