Women & Gender

နတ်တလူက ဘုန်းကြီးကာမလိမ်လည်မှု စတင်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အပိုင် မင်းကုန်း(ဂ)ကျေးရွာရှိ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ နတ်တလူသာသနာပြုစခန်းမှ အစောင့်ရဟန်းယောဂီ ဦးဝရဉာဏကို ကာမလိမ်လည်ရယူသည်ဟုဆိုကာ စွဲဆိုထားသည့် အမှုအား ယနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့က ကန့်ဘလူမြို့နယ်တရားရုံး၌ တရားလိုဖြစ်သူကို စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“ကျမ ဒီနေ့တရားရုံးမှာ ကျမ မတရားခံခဲ့ရတာတွေကို အမှန်အတိုင်း ထွက်ဆိုပေးခဲ့ပါတယ်၊ ကျမအနေနဲ့က အလျော်လိုချင်လို့ မဟုတ်ပါဘူး၊ ဥပဒေအရသာ ထိထိရောက်ရောက်နဲ့ သူ့အပြစ်အတွက် ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပဲ ရစေချင်တာပါ၊ ကျမအမှုကို အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေချင်ပါတယ်”ဟု တရားလို မအိစန္ဒာက ပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ်က အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှာ ကျူးလွန်သူဟု တိုင်ကြားခံထားရသူ ဦးဝရဉာဏ ဆိုသူနှင့် ဆရာဒကာ ဆက်ဆံရေး ရှိခဲ့ကြောင်း၊ ခြုံစောင်လူကြုံပါးလိုက်သည်ဟုဆိုကာ နေရာတခုသို့ ချိန်းဆိုပြီး မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် မေလနှင့် နိုဝင်ဘာလ တွင်လည်း ထပ်မံ ကျူးလွန်ခဲ့ပြီး ကိုယ်ဝန်ရှိလာသည့်အခါ အောင်ဖြိုးဝေဆိုသူနှင့် အဓမ္မလက်ထပ်ခိုင်းခဲ့ကြောင်း၊ သားတဦးကို မွေးဖွားထားပြီးဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက၂၀၁၈ ခု သြဂုတ် ၃၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထို့နောက် တရားလို မအိစန္ဒာက ဆွေမျိုးသားချင်းများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နတ်တလူ သာသနာပြုစခန်းဂေါပကအဖွဲ့များကို ဦးဝရဉာဏနှင့် ပတ်သက်ခဲ့သမျှကို ပြောပြခဲ့ပြီးနောက် ဇီးကုန်းရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ရာ အမှုဖွင့်လှစ်မပေးဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားရန် ခိုင်းစေခြင်းကြောင့် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့ရခြင်းဟု သိရသည်။

“ဒီနေ့ တရားလို အိစန္ဒာကနေပြီးတော့ အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ရဲစခန်းကို တိုင်တယ်ဆိုတဲ့ အမှုပေါ့နော်၊ ရဲစခန်းကနေ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တဲ့အပေါ်မှာ တရားရုံးကနေ ၄၁၇ အရ ဆောင်ရွက်မယ်ဆိုပြီး ကနဦးအနေနဲ့ ရာဇဝတ်ကျင့်ထုံး ၂၀၄အရ ဆောင်ရွက်ထားတဲ့အမှုဖြစ်ပါတယ်၊ ဒီနေ့ကတော့ တရားလို အိစန္ဒာကို စပြီး စစ်တယ်။

ဒီနေ့မှာ ကနဦး စစ်ဆေးချက်ကိုပဲ ဆောင်ရွက်နိုင်သေးတယ်၊ နောက်ရုံးချိန်းတွေမှာ တရားလိုကို ထပ်မံစစ်ဆေးဖို့တွေ ကျန်ပါသေးတယ်၊ တရားလိုက သူ့ကို စွပ်စွဲခံရသူ ဦးဝရဉာဏ(ခ) ဦးဝင်းနိုင်ကနေပြီးတော့ ရွှေဘိုမြို့ တည်းခိုခန်းမှာ အဓမ္မပြုကျင့် ခံရတယ်ဆိုတဲ့ အကြောင်းအရာတွေကို ရုံးတော်မှာ လာရောက်ထွက်ဆိုသွားပါတယ်”ဟု တရားလို၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမိုးဟိန်းက ပြောသည်။

ကန့်ဘလူမြို့နယ်တရားရုံးက ရာကြီးအမှုအမှတ် ၁၉၅/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် လက်ခံခဲ့သည့်အမှုတွင် စွပ်စွဲခံရသူ ဦးဝရဉာဏသည် လာရောက်ခြင်းမရှိသဖြင့် ကန့်ဘလူမြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ရာ ဇန်နဝါရီ ၈ ရက်နေ့က ကန့်ဘလူ မြို့နယ်ရဲတပ်ဖွဲ့မှ နတ်တလူသာသနာပြုစခန်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးမှုသည် သာသနာ့နယ်မြေဖြစ်နေသဖြင့် ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်သံဃာ့နာယကအဖွဲ့၊ နတ်တလူသာသနာပြုစခန်း၏ သြဝါဒဆရာတော်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်အင်အား ၈၀ ကျော်ဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ရာ သာသနာပြုစခန်းတွင် လူစုလူဝေးလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တရားရုံးက ရာကြီးအမှုအမှတ် ၁၉၅/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ဖြင့် လက်ခံခဲ့သည့်အပြင် မအိစန္ဒာ၏ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူ၏ အလိုဆန္ဒမပါဘဲ အတင်းအဓမ္မခြိမ်းခြောက် လက်ထပ်ခိုင်းစေခဲ့ခြင်းနှင့် အတင်း အဓမ္မခြိမ်းခြောက်လက်ထပ်ခဲ့သူ အောင်ဖြိုးဝေ အပါအဝင် ၅ဦးကိုလည်း အရေးယူပေးရန်အတွက် ကန့်ဘလူမြို့မရဲစခန်းသို့ တိုင်ကြားထားသည်။

“အခြားအမှုအနေနဲ့ကတော့ အဓမ္မပြုကျင့်ပြီးတဲ့ နောက်ပိုင်းမှာ သူ့ကို ပိတ်လှောင်ထားတယ်၊ အုပ်ထိန်းမှုအောက်မှာရှိတဲ့ အမျိုးသမီးတယောက်ကို ခြိမ်းခြောက်ပြီးတော့ ခေါ်ဆောင်သွားတယ်၊ ကိုယ်ဝန်ကို ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ကန့်ဘလူမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာတွေရှိတယ်၊ ရာဇသတ်ပုဒ်မ ၃၆၆ အရ တရားလိုကလည်း အမှုဖွင့်ထားတာ ရှိတယ်၊ မိခင်ကလည်း ဖွင့်ထားတာရှိတယ်၊ အဲဒီအမှုတွေကိုတော့ လာမယ့်ရုံးချိန်း တွေမှာ စပြီးတော့ စစ်ဆေးသွားပါမယ်”ဟု ဦးမိုးဟိန်းက ဆက်လက်ပြောသည်။

ကန့်ဘလူမြို့မရဲစခန်းမှ (ပ) ၂၂၁ / ၂၁၁၈၊ ပုဒ်မ ၃၆၆၊ ၃၄၃၊ ၁၁၄ဖြင့် လက်ခံခဲ့ကာ တရားရုံးသို့ စွဲဆိုတင်ပို့ခဲ့ပြီး ကန့်ဘလူ မြို့နယ်တရားရုံးက ရာကြီးအမှုအမှတ် ၄၉/၁၉ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါအမှုများအတွက် ရုံးချိန်းကို ကန့်ဘလူမြို့နယ်တရားရုံးက မတ်လ ၅ ရက်နေ့သို့ ထပ်မံချိန်းဆိုထားသည်။

အဆိုပါအမှုဖြစ်စဉ်များအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မအိစန္ဒာနှင့် ဦးဝရဉာဏတို့အား DNA စစ်ဆေးရန်ညွှန်ကြားစာပေးပို့ထား သလို မအိစန္ဒာသည်လည်း DNA စစ်ဆေးခံရန် အသင့်ရှိနေသဖြင့် တရားရုံးသို့ DNA စစ်ဆေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်-
ကာမလိမ်လည်မှုဖြင့် ဝရမ်းထုတ်ထားသည့် ဦးဝရဉာဏအား ဖမ်းဆီး လူဝတ်လဲ

နတ်တလူမြို့ က ဘုန်းကြီးကာမလိမ်လည်ရယူမှုရုံးချိန်းထပ်မံရွှေ့ဆိုင်း

Loading