Women & Gender

ဘောလုံးကွင်းထဲက ခရာကိုင် တရားသူကြီး

Want create site? Find Free WordPress Themes and plugins.

အသားညိုညို လူကောင်သေးသေး ကို အနီရောင်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီတို အားကစားဝတ်စုံ ဝတ်ဆင်ထားပြီး ဖျတ်လတ်တက်ကြစွာ ပြေးလွှားနေသော သူ့သွင်ပြင်က လူအများကြားမှာ တမူ ထူးခြားလို့ နေသည်။

အမျိုးသား ၁၁ ဦးစီ ပါဝင်သော ဘောလုံး အသင်း နှစ်သင်း အကြား ဓမ္မဓိဋ္ဌာန် ကျကျ အဆုံးအဖြတ် ပေးရမည့် ကွင်း လယ်ဒိုင် တာဝန်ကို ထမ်းဆောင်နေသော သူသည် ကစားသမားများနည်းတူ ကွင်းအတွင်း ပြေးလွှား နေသော်လည်း မောပန်းနေသည့် သွင်ပြင်ကို တချက်မှ မတွေ့ရပါ။

အသင်း နှစ်သင်းအကြား ပြေးလွှားနေရင်းက တခါတရံ ဘယ်ဖက်လက်ဖြင့် ကိုင်ထားသည့် ခရာကို ဟန်ပါပါဖြင့် မှုတ်လိုက် ချိန် ကျန်လက်တဖက်ကလည်း သူ့ဆုံးဖြတ်ချက်အတိုင်း အမိန့်ပေး ညွှန်ကြားလိုက်သည်ကို နှစ်ဖက်အသင်း ကစားသမား များကလည်း စောဒက တက်ခြင်း အလျဉ်းမရှိပါ။

ပွဲသိမ်းခရာ မှုတ်ပြီးချိန်တွင်တော့ ပွဲချိန်အတွင်းက လူ ၂၂ ယောက်လုံး လုယက်ခဲ့သည့် ဘောလုံး၊ ပွဲပြီးချိန်တွင် မည်သူမှ ဂရုမစိုက်တော့သည့် ဘောလုံးကို ကောက်ယူပွေ့ပိုက်ကာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီးသူ တယောက်၏ ဟန်အပြည့်ဖြင့် ကွင်းအတွင်းမှ တလှမ်းချင်း ထွက်လာသည်။ ကွင်းအပြင်ဘက် ရောက်သော် အမောပြေ ရေသောက်ရင်း နှစ်ဖက်အသင်းမှ လက်ရောက် နှုတ်ဆက်သည့် ကစားသမား များကို တပြုံးပြုံးနှင့် ခွန်းတုန့်ပြန်နေသည်။

ကွင်းလယ်ဒိုင်လူကြီး ဆရာအေးမော် ခေါ် အေးအေးမော်/ အောင်ကျော်ထက်/ဧရာဝတီ

သူ့ကို ဘောလုံး ကစားသမား အများစုက ‘ဆရာအေးမော်’ ဟု ခေါ်ကြသည်။ သူ့နာမည်အရင်းက အေးအေးမော်ဖြစ်ပြီး သူသည် ယောကျ်ားတဦးကဲ့သို့ ပြုမူနေထိုင်သည့် အမျိုးသမီး တဦး ဖြစ်သည်။

အသက် ၃၈ နှစ်အရွယ် သူသည် မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ကစားသမားဟောင်း တဦးဖြစ်သကဲ့သို့ ဘောလုံးပွဲတပွဲတွင် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ရှိသည့် ကွင်းလယ်ဒိုင်လူကြီး တာဝန် ထမ်းဆောင်နေသူ တဦး လည်း ဖြစ်သည်။

“ဘယ်သူ့ မျက်နှာမှမထောက်ဘူး။ အပြင်မှာ ဆရာတပည့် ဖြစ်စေ။ ကွင်းထဲမှာ အဖေ ကစားနေပါစေအုံး ဥပဒေက ဥပဒေ။ အဖေက အဖေပဲ။ အဲဒီလိုမျိုး လုပ်တာဖြစ်လို့ ကျနော် ဘယ်သူ့ကိုမှ မကြောက်ဘူး” ဟု သူ့ခံယူချက်ကို ပြောပြသည်။

အမျိုးသမီး ဒိုင်တဦးဖြစ်သည့် သူနှင့် ဆုံတွေ့ဖူးသူတိုင်းက စက္ကန့်ပိုင်းအတွင်း သေချာသည့် ဆုံးဖြတ်ချက်ကို ချပေးနိုင်သူ။ စည်းကမ်းပိုင်းဆိုင်ရာ မှန်ကန်တိကျသူ။ အတွေ့အကြုံရှိသူ၊ မျှတစွာဖြင့် မည်သည့်အသင်းကိုမျှ ဘက်မလိုက်ခဲ့ဖူးသူ ဟူ၍ မှတ်ချက်ပြုလေ့ရှိသည်။

ကွင်းလယ်ဒိုင်လူကြီး ဆရာအေးမော် ခေါ် အေးအေးမော်/ အောင်ကျော်ထက်/ဧရာဝတီ

Yangon Amateur Premier League, Team United အသင်းခေါင်းဆောင် ကိုကျော်ကျော်က “သူရှိနေတဲ့အချိန်မှာ ပွဲက တော်တော်လေးကို အုပ်စီးမိတယ်။ ဆရာအေးမော်ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ တအားကိုမှန်ကန်တော့ သူ ကိုင်တဲ့ပွဲတိုင်းက ပြဿနာဖြစ်တာ နည်းတယ်။ ဖြစ်တယ်ဆိုလည်း သေချာကိုင်တွယ် ဖြေရှင်းပေးနိုင်တော့ ဆရာသာ ကွင်း ထဲမှာ ရှိနေတယ်ဆိုရင် ဘောလုံး ပွဲကောင်းတပွဲကို အမြဲတမ်း ကန်ခွင့်ရပါတယ်” ဟု ဆိုသည်။

ဘောလုံးသမားဘဝမှ လာသည့် ဒိုင်လူကြီး အေးအေးမော်သည် သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရုံသာမက ကစားသ မားအချို့၏ လိုအပ်ချက်များကိုလည်း အခွင့်အခါသင့်တိုင်း သင်ပြပေးလေ့ရှိသည်ဟု ရုပ်သံ သတင်းထောက်အသင်း အုပ် ချုပ်သူ ကိုငြိမ်းချမ်းကလည်း ပြောပြသည်။

“သူက အမျိုးသမီး ဒိုင်တယောက်ဆိုပေမယ့် အရည်အချင်းက အပြည့်အဝရှိတယ်။ ကျနော်တို့ စိတ်ထဲမှာ အမျိုးသမီး ဒိုင် တယောက်ဆိုတာတောင် မေ့နေတယ်။ သူက ဒိုင်လူကြီးတယောက်ပဲ။ သူ ကိုင်တွယ်တဲ့အတိုင်းကိုပဲ ကစားတယ်။ ဘာလို့ လည်းဆိုတော့ သူက မျှမျှတတနဲ့ ဘယ်အသင်းကိုမှ ဘက်မလိုက်ခဲ့ဖူးဘူး” ဟု ဆိုသည်။

ငယ်စဉ်ကတည်းက ဘောလုံးအားကစားနည်းကို ရူးသွပ်ခဲ့သည့် အေးအေးမော်သည် မန္တလေးတိုင်း၊ မြစ်ငယ်မြို့၊ ဥယျာဉ်တော်ရွာမှ ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ခရိုင်၊ မြို့နယ်၊ တိုင်းနှင့်ပြည်နယ်အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးနောက် မန္တလေး တိုင်း ကိုယ်စားပြု ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ထိုစဉ်က သူ့ အသက် ၁၄ နှစ်သာ ရှိသေးသည်။ သူ့အနေဖြင့် လက်ရွေးစင်ဟူသည် ဘာမှန်းသေချာ နားမလည်ခဲ့သော် လည်း ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးကွင်းတွင် စခန်းသွင်း လေ့ကျင့်ရမည်၊ ဘောလုံး ကန်ခွင့်ရတော့မည် ဆိုသည်နှင့် တ ယောက်တည်း ကြိတ်ပျော်နေခဲ့သူဖြစ်သည်။

ဘောလုံးကန်ခြင်းကို မကြိုက်နှစ်သက်၍ တားဆီးပိတ်ပင်လေ့ရှိသော၊ ပညာ ဆုံးခန်းတိုင်အောင်သင်စေချင်ပြီး မိန်းကလေး လို ပြုမူနေထိုင်စေချင် ‘ဗိုင်းကောင်းကျောက်ဖိ’ ဖြစ်စေချင်သော သူ့မိသားစုနှင့်ဝေးရာတွင် သူ အလွန်ဝါသနာပါသည့် ဘော လုံးကို လွတ်လွတ်လပ်လပ် ကစားခွင့်ရတော့မည်မို့ ဖြစ်သည်။

“ကျန်တဲ့သူတွေက အိမ်ပြန်ချင်ကြတာ။ ကျနော်က အိမ်ပြန်ရင် ဘောလုံး မကန်ရတော့ဘူးဆိုတာ သိတယ်။ ပြန်ချင်တဲ့သူ ခွင့်ယူ ပြန်လို့ရပေမယ့် ကျနော်က မပြန်ဘူး။ ပေကပ်နေတာ” ဟု သူက ပြောပြသည်။

ငယ်စဉ်က နွေရာသီ ကျောင်းပိတ်ရက်များဆို သူ သိပ်ပျော်သည်ဟု ပြောပြသည်။ မနက် မိုးလင်း၍ အိမ်အလုပ်များ ဝိုင်းကူပြီးကတည်းက ရွာထဲမှ ထွက်သွားကာ ဆွေမျိုးသားချင်း အစ်ကိုများနှင့် ဘောလုံးကန်တော့သည်။ အိမ်က သိသွားသည့် အခါတွင်တော့ အဆူခံရ၊ အရိုက်ခံရလေ့ရှိသည်ဟု သူက ငယ်ဘဝကို ပြန်ပြီး ပြောပြပါသည်။

မလိုင်မြို့တွင် မြစ်ငယ်မီးရထား အသင်းကိုယ်စားပြု သွားပြိုင်ရမည့်ပွဲ၌ အစ်ကိုဖြစ်သူက သူ လိုက်ပါမည့်အကြောင်း ကြိုတင်သတင်းရထား၍ အိမ်ထဲကအပြင် ပေးမထွက်ဘဲ မိခင်နှင့် အစ်မဖြစ်သူကို မှာကြားကာ စောင့်ကြည့်ခိုင်းခဲ့သည်။

အစ်ကိုဖြစ်သူ အလုပ်သွားချိန်တွင် သူသည် ဘောလုံးမကန်ရမည့် အတူတူ အရွဲ့တိုက်ချင်စိတ်များ ပေါ်လာပြီး သူ ဝတ်နေ ကျ ဘောလုံးအင်္ကျီကို မီးရှို့ခဲ့ရာ ကံကောင်းထောက်မ၍ အိမ် မီးမလောင်ခဲ့ခြင်းဖြစ်သည်ဟု အတိတ်က ကိစ္စများကို သူက ပြန်ပြောပြသည်။

ကွင်းလယ်ဒိုင်လူကြီး ဆရာအေးမော် ခေါ် အေးအေးမော်/ အောင်ကျော်ထက်/ဧရာဝတီ

ဘောလုံးနှင့် ပတ်သက်လာလျှင် မိသားစုကို ထိုကဲ့သို့ ပြဿနာ ရှာတတ်သော်လည်း “ကျန်တာ ဘာမှ မဆိုးပါဘူး။ အိမ်အ လုပ်တွေလည်း ဝိုင်းကူပါတယ်” ဟု ရယ်ကျဲကျဲဖြင့် သူက ဆိုသည်။

ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီး သုဝဏ္ဏ ဘောလုံးကွင်းတွင် စခန်းသွင်း လေ့ကျင့်စဉ် ဘားအံ၌ ပြုလုပ်မည့် လူ ရွေးပွဲနှင့် ဆယ်တန်း စာမေးပွဲ ဖြေဆိုမည့်ရက် တိုက်နေသဖြင့် လူရွေးပွဲ မလိုက်ရန် ဆရာဖြစ်သူက တားနေသည့်ကြားမှ ကားခုံများအောက်မှ ခိုး၍ လိုက်ဖြစ်အောင် လိုက်သွားခဲ့သည်အထိ ဘောလုံးအားကစားကို သူရူးသွပ်ခဲ့သည်။

လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသည့် ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် ၁၈ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ၌ မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်း ကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်ခွင့်ရ ပြီး တတိယဆု ရရှိခဲ့သည်။ ထိုစဉ်က အဖွဲ့ထဲတွင် သူ အသက် အငယ်ဆုံး ဖြစ်သည်။

၁၉၉၆ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပြုလုပ်သည့် ၄ နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ၌ ဒုတိယဆု၊ ၁၉၉၇ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာ ကာတာမြို့တွင် ပြုလုပ်သည့် ၁၉ ကြိမ်မြောက် ဆီးဂိမ်းတွင် ဒုတိယနှင့် အသန့်ရှင်းဆုံးဆု ရရှိခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ ပြုလုပ်သည့် ပြိုင်ပွဲများတွင်လည်း ဒုတိယဆု ရရှိခဲ့သည်။ ထိုအရာများအာလုံးက သူ့ ကစားသမား ဘဝ၏ ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ပါသည်။

“ကစားမယ်ဆို ကိုယ်ကစားရတဲ့ အသင်းနိုင်မှ။ ဘယ်အသင်းကပဲ ကိုယ်စားပြု ကစားကစား။ ကျနော့် ရင်ဘတ်တံဆိပ် အ သင်း နိုင်ကို နိုင်ရမယ်။ အဲဒီ စိတ်ဓာတ်ရှိတယ်” ဟု သူ၏ ကစားသမားဘဝ ခံယူချက်ကို ပြောပြသည်။

၂၀၀၀ ခုနှစ်တွင် အမျိုးသမီး လက်ရွေးစင် အားကစားသမားဘဝမှ အနားယူပြီး ပြည်ထဲရေးဝန်ကြီးဌာန အသင်းတွင် ဆက် လက် ကစားပြီး ဆုများရယူခဲ့သလို ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ၄၀၀ မီတာ တန်းကျော်ဖြင့် ပထမဆု ရရှိခဲ့ရာ ဒုရဲအုပ်ရာထူး တိုးသွားသည်။

၂၀၀၄ မှစတင်ကာ ရန်ကုန်နှင့် လာအိုနိုင်ငံ ဗီယန်ကျင်းတို့တွင် ဒိုင်လူကြီး သင်တန်း တက်ပြီးနောက် သူ၏ ကြိုးစားအား ထုတ်များနှင့်အတူ ၂၀၀၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဖြစ်ခွင့်ရခဲ့သည်။ ထိုစဉ်က သူ့အသက် ၂၅ နှစ်သာရှိသေးသည်။

သူသည် အကူဒိုင်လူကြီး အဖြစ် မြန်မာနိုင်ငံ အပါအဝင် တရုတ်၊ ကိုရီးယား၊ ထိုင်းနှင့် လာအို နိုင်ငံတို့တွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၃ တွင် ကွင်းလယ်ဒိုင်လူကြီးအဖြစ် AFF Women’s AYA Bank Championship ပွဲစဉ်၌ တာဝန်ယူ ဆောင် ရွက်ခဲ့သည်။

ပြည်ပပွဲများ၌ ဒိုင်လူကြီး တာဝန် ထမ်းဆောင်သည့်အခါ အားကစားသမားများနှင့် ယှဉ်လိုက်လျှင် သူသည် ရုပ်ပိုင်း ဆိုင်ရာ အားဖြင့် ပုပုသေးသေးလေး ဖြစ်နေသော်လည်း စိတ်ပိုင်းဆိုင်ရာ အားဖြင့်တော့ သတ္တိရှိရှိဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်နိုင်ခဲ့သည်ဟု သူက ဆိုသည်။

ကွင်းလယ်ဒိုင်လူကြီး ဆရာအေးမော် ခေါ် အေးအေးမော်/ အောင်ကျော်ထက်/ဧရာဝတီ

“သူများနိုင်ငံသွားရင်တော့ အားကစားနဲ့ သွားတာဖြစ်လို့ ကိုယ်တိုင်လည်း ဂုဏ်မငယ်ဘူး။ အသက်ငယ်တော့ နည်းနည်း ကြောက်စိတ်ရှိပေမယ့် ဒိုင်လုပ်တဲ့ အခါတော့ မကြောက်ဘူး” ဟု သူ့ အတွေ့အကြုံများကို ပြန်လည် ပြောပြသည်။

ဒိုင်သင်တန်း စတက်ကတည်းက စီနီယာများ၊ ဆရာများထံမှ ဥပဒေဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းများကို မှတ်သား လေ့လာ ကြိုးစား သင်ယူခဲ့မှုများက သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေသည်ဟုလည်း သိရသည်။

“မြင်အောင်ကြည့် မိအောင်မှုတ် ဖြစ်တဲ့နေရာကို မရောက်ရောက်အောင် မြန်မြန်သွား” ဟူသည့် ဒိုင်တယောက် သိရှိ လိုက် နာ ကျင့်သုံးရမည့် အခြေခံစည်းမျဉ်းကို သင်ကြားပေးထားသော ဆရာကြီး ဦးသန်းဝင်း၏ ဆုံးမစကားကို ယခု အချိန်ထိ သူ့ နှလုံးသားထဲ စွဲမြဲနေသေးသည်ဟု ဆိုသည်။

ယခုတော့ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး၏ အသက်ကို ၃၅ နှစ်အောက် သတ်မှတ်လိုက်ရာ ဝါသနာကို မစွန့်လွှတ်နိုင်သေး သည့် သူက ပြည်တွင်းကလပ် အသင်းများ၊ အပျော်တမ်း ကစားနေကြသည့် နယ်ပယ်ပေါင်းစုံမှ အသင်းများ၏ ကစားပွဲများ တွင် ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေသည်။

လူကောင် ခပ်သေးသေး ဖြစ်သော်လည်း ဒိုင်လုပ်ရာတွင် အလွန် သတ္တိရှိပြီး တိကျမှန်ကန်သည့် သူ့ကို ကစားသမားအများ စုက လေးစား ချစ်ခင်ကြသည်။

“ကျနော် ကွင်းထဲမှာ ဒိုင်လုပ်လို့ရှိရင် ဘယ်သူမှ မကြောက်ဘူး။ နိုင်ငံခြားသားတွေလည်း မကြောက်ဘူး။ ဝါစရာရှိ ဝါတယ်။ နီစရာရှိ နီတယ်။ လူသေးပေမယ့် လုပ်တာကိုင်တာ သတ္တိရှိရှိလုပ်ရဲတယ်” ဟုလည်း သူက ခပ်ပြတ်ပြတ် ပြောတတ်သည်။

သို့သော် လူဆိုသည်မှာ လိုအပ်ချက်တော့ ရှိစမြဲမို့ သူ့ လိုအပ်ချက်များကြောင့် အမှားအယွင်း ရှိခဲ့သော် ကစားသမားများ ကို တောင်းပန်ဖို့ ဝန်မလေးခဲ့ဟု သူက ဆိုသည်။

ဘောလုံးပွဲ တပွဲတွင် အဆဲခံရဆုံး သူသည် ဒိုင်လူကြီးဆိုလျှင် မှားမည်မထင်။ ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မ ကျေနပ်သည့်အခါ ဘောလုံးသမားများကစ၍ ပရိတ်သတ်အဆုံး ဒိုင်လူကြီးကို ငြိုငြင်ကြ၊ ဆဲဆို တတ်ကြသည်။ ရံဖန်ရံခါ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများကိုပင် ခံရတတ်သေးသည်။

“ဒိုင်တိုင်း ကြုံတွေ့ရပါတယ်။ ကောင်းတာလုပ်လည်း အဆဲခံရတာပဲ။ ကိုယ့်အသင်း ခံရပြီဆို ဒေါနဲ့မောနဲ့ ဖြစ်ကြတာပေါ့။ အရင်ကတော့ အဆဲခံရရင် စိတ်တိုတာပေါ့။ နောက်ပိုင်းကျ ခံနိုင်ရည် ရှိသွားတယ်။ အဓိကက ကိုယ့်လုပ်ရပ် မှန်ကန်နေဖို့ ပဲ” ဟု သူက ဆိုသည်။

ထို့ပြင် လူတိုင်းမလုပ်နိုင်သည့်၊ မလုပ်ချင်သည့် ဒိုင်အလုပ်ကို စိတ်ရင်းစေတနာဖြင့် လုပ်သည့်အခါ စေတနာအတိုင်း အ ကျိုး ပေးလာမည်ဟုလည်း သူက ယုံကြည်ထားသည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ ကိုယ်စားပြု အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ဘောလုံးဒိုင်သည် လက်နှစ်ဖက် အရေအတွက်ပင် မ ပြည့်သည့်အတွက် မျိုးဆက်သစ်များကို အဖွဲ့ချုပ်ကိုယ်စား ဖိတ်ခေါ်ကြောင်း၊ မျိုးဆက်သစ် လူငယ်များကိုလည်း ကြိုးစား စေချင်ကြောင်း သူက တိုက်တွန်းသည်။

ကွင်းလယ်ဒိုင်လူကြီး ဆရာအေးမော် ခေါ် အေးအေးမော်/ အောင်ကျော်ထက်/ဧရာဝတီ

တက္ကသိုလ် ကိုယ်စားပြု အမျိုးသား အသင်းများကို နည်းပြလုပ်ခဲ့ဖူးသည့်၊ နည်းပြ အမြင့်ဆုံးလိုင်စင်ဖြစ်သော အေလိုင်စင် ရရှိထားသည့် သူ့ကို လတ်တလော နည်းပြလုပ်ရန် ကမ်းလှမ်းမှုများ ရှိသော်လည်း ဒိုင်ပဲ ဆက်လုပ်နေအုံးမည်ဟု ဆိုသည်။

သို့သော် ဘောလုံးနှင့် ကင်းကွာပြီး မနေနိုင်သည့် သူ့အနေဖြင့် ဘောလုံးနှင့် ပတ်သက်၍ နည်းပြဖြစ်စေ၊ ဒိုင်ဖြစ်စေ ပေး အပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် အသင့်ရှိသည်ဟု သူက ထုတ်ဖော်ပြောသည်။

“ဘောလုံးနဲ့ ပတ်သက်လာရင် ကြိုက်တာခိုင်း။ ကျနော်က လောဘကြီးတာ မဟုတ်ဘူး။ ရလိုစိတ်နဲ့ လုပ်တာ မဟုတ်ဘူး။ ကိုယ်လုပ်နိုင်တဲ့ အချိန်မှာ လုပ်ချင်နေတာပဲ သိတယ်။ အကူအညီတောင်းတာနဲ့ လုပ်ပေးချင်တာ” ဟု သူက ဆိုသည်။

သူသည် လက်ရွေးစင် ကစားသမား ဘဝက နောက်တန်းတွင် ကစားပြီး အသင်းသားများကို ပံ့ပိုးပေးခဲ့သလို ယခုလည်း ဘောလုံးအားကစားနှင့် ပတ်သက်လာလျှင် တတ်နိုင်သမျှ ကူညီ ပံ့ပိုးပေးချင်သေးသည်။

အေးအေးမော်ဆိုသည့် နာမည်တလုံး ထင်ပေါ် ကျန်ရစ်ခြင်း မရှိသော်လည်း “ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် ကျေနပ်တယ်။ ကိုယ်က သဲတဆုပ် ရေတမှုတ် ပံ့ပိုးပေးရတယ် ဆိုရင်ကို ကျေနပ်တယ်” ဟု သူက လက်မထောင် ပြော ဆိုလေ့ ရှိသည်။

သူတို့ ခေတ်အခြေအနေနှင့် ယခု ခေတ်ကာလသည် များစွာ ကွာခြားသွားပြီ ဖြစ်သည်။ အဖွဲ့ချုပ်၏ ပံ့ပိုးပေးမှု၊ ပရိတ်သတ် တို့၏ အားပေးမှုများဖြင့် မျိုးဆက်သစ် လက်ရွေးစင် လူငယ်ကလေးများကို ဆီးဂိမ်းပြိုင်ပွဲများတွင် ရွှေတံဆိပ် ရယူနိုင်မည် ဟူသော စိတ်ဓာတ်ဖြင့် ကြိုးစားပြီး ကစားစေချင်သည်။

မျိုးဆက်သစ် လူငယ်များကို မြေတောင်မြှောက်ပေးသကဲ့သို့ တချိန်တခါက နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော၊ မြန်မာ့ အားကစား အောင်မြင်ရေးအတွက် တဖက်တလမ်းက ပါဝင် ကူညီချင်သော လက်ရွေးစင် ကစားသမားဟောင်းများကိုလည်း နိုင်ငံ တော်အနေဖြင့် အသိအမှတ် ပြုစေချင်သည်ဟု သူက ဆန္ဒပြုသည်။

ဘောလုံးကိုသာ ရူးသွပ်တပ်မက်ခဲ့သည့် သူ့အတွက်ကတော့ တက္ကသိုလ် ဘောလုံးအသင်းများမှ တပည့်ဟောင်းများနှင့် ဖြစ်စေ၊ ဘောလုံးသမားများနှင့် ဖြစ်စေ ဆုံတွေ့ရသည့်အခါ ‘ဆရာအေးမော်’ ဟု လက်ဆွဲနှုတ်ဆက် အသိအမှတ်ပြုခြင်းက ပဲ သူ့ဘဝ ရှင်သန်နေခြင်းကို အဓိပ္ပာယ် ရှိစေသည်။

လက်ရှိတွင် တာမွေမြို့နယ် ရွှေဗဟို ရဲရိပ်သာတွင် အသက် ၈၇ နှစ် အရွယ် မိခင်ဖြစ်သူနှင့်အတူ နေထိုင်ရင်း ပြည်ထဲရေး မှ ရရှိသည့် လစာ ကျပ် ၃ သိန်း နီးပါးနှင့် အပျော်တမ်းကစားသူများကို ဒိုင် လုပ်ပေးသည့်အခါ ရရှိသည့် လမ်းစရိတ် များဖြင့်သာ ဘဝကို တင်းတိမ်ရောင့်ရဲစွာ ဖြတ်သန်းနေသည်။

ဘောလုံးသမားဘဝ အနားယူပြီး ဒိုင်လုပ်နေသော်လည်း တခါတရံ ညဘက်အိပ်နေရင်းက ယောင်ပြီး နံရံ သို့မဟုတ် ကု တင်တို့ကို ကန်မိတတ်သည့် သူက ကစားသမားများကို မြင်တွေ့သည့်အခါ ငယ်မူပြန်ပြီး ဘောလုံး ပြန်ကန် ချင်နေသေးသည် ဟု ဆိုသည်။

“ငါသေရင် ငါ့ရဲ့ နံဘေးမှာ ဘောလုံးရယ် ဘောလုံးကန် ဖိနပ်လေးရယ် တမလွန်ထိ ငါယူသွားမယ်” ဟု သူက အဆိုတော် မင်းအောင်၏ ‘အသက်မရှိတောင် သီချင်းဆိုမယ်’ သီချင်းထဲက စာသားလေးများကို အစားထိုး ဆိုပြကာ သူ့ဘဝ၊ သူ့ဝါသနာကို ပြောပြပါသည်။။

Did you find apk for android? You can find new Free Android Games and apps.
Loading