အိမ်အကူ အမျိုးသမီးဖြစ်သူအား မုဒိမ်းပြုကျင့်သည်ဟုဆိုကာ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရသည့် ဖျာပုံမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းဆွေက ၎င်းမှာ ထိုကဲ့သို့ မလုပ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် သစ္စာဆိုခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်ကပြုလုပ်သည့် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် “ယခုမတရားစွပ်စွဲနေသော အေးမြတ်သူ၏ သားသည် ကျနော်တို့နှင့် ပတ်သက်ပြီး ရရှိသော ကလေးဖြစ်ပါက အပါယ်လေးဘုံ အရိမေယျမြတ်စွာဘုရားပွင့်သည်အထိ ခံစားရပါစေသား” ဟု ဦးမင်းဆွေက သစ္စာဆိုခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းကို ဖွင့်လှစ်ထားသူဖြစ်သည့် ဦးမင်းဆွေသည် အဆိုပါကျောင်း တွင် အလုပ်လုပ်ကိုင်သည့် အသက် ၁၅ နှစ်အရွယ် မအေးမြတ်သူကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ကာယကံရှင်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထိုကာယကံရှင်အမျိုးသမီးက ၎င်းအား ယမန်နှစ် မေလ အတွင်း ဦးမင်းဆွေက ၂ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ကလေးတဦးမွေးဖွားခဲ့ကြောင်း၊ ထိုကလေး၏ အဖေနာမည်နေရာတွင်လည်း ဦးမင်းဆွေ၏ အမည်ကို ထည့်သွင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထည့်သွင်းသဖြင့် ဦးမင်းဆွေကလည်း ၎င်းမိန်းကလေးကို နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ အရ ဖျာပုံမြို့မ ရဲစခန်းတွင် ပြန်လည်အမှုဖွင့်ထား ကြောင်း ဦးမင်းဆွေ၏ ရှေ့နေ ဦးအောင်သိန်းက ရှင်းပြသည်။
၁၉၉၀ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးမင်းဆွေကလည်း Great Lightကိုယ်ပိုင်အထက်တန်းကျောင်း၏ ပုံရိပ်ကို ထိခိုက်အောင် စွပ်စွဲ ပြောဆို ဆောင်ရွက်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၂ရက်က ရန်ကုန်မြို့ရှိ Orchid hotelတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မအေးမြတ်သူသည် ဦးမင်းဆွေတို့ထံတွင် ယခင်ကလည်း ၂နှစ်ခန့်အလုပ်လုပ်ခဲ့ဖူးကြောင်း၊ ၂၀၁၈ခုနှစ် ဧပြီလ တွင် ထပ်မံအလုပ်ဝင်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်တွင် နေမကောင်းဟုဆိုကာ အလုပ်ထွက်သွားခဲ့ကြောင်း သိရသည်။
“ကျနော် အေးမြတ်သူကို လုံးဝမုဒိမ်းကျင့်တာမရှိဘူး။ ဖက်တာ၊ နမ်းတာ မရှိဘူး” ဟု ဦးမင်းဆွေက ငြင်းဆိုထား သည်။
ထို့အပြင် အသက် ၇၅နှစ်ရှိပြီဖြစ်သော ဦးမင်းဆွေသည် သားကြောဖြတ်ထားသူတဦးဖြစ်ပြီး ပန်းသေပန်းညှိုးဖြစ် နေသူ ဖြစ်ကြောင်း၊ မွေးစာရင်းတွင် အဖေနာမည်တပ်မှုနှင့်ပတ်သက်ပြီး DNA စစ်ဆေးပေးရန်နှင့် DNA စစ်ဆေး ခြင်းအတွက် ကုန်ကျစရိတ်ကို ဦးမင်းဆွေက ကျခံပါမည်ဟု ၎င်းက ဆိုသည်။
“ တချို့ကလည်း ဒီအချိန်မှာ NLD ကို အပုတ်ချ၊ NLD ကို ဖဲ့ဖို့၊ NLD ဂုဏ်သိက္ခာကျအောင်လုပ်ဖို့ အကွက်ကျကျ စီစဉ်ပြီးဆောင်ရွက်တာကိုလည်း အခုဒီနေရာမှာ မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၇လနဲ့ မွေးပါတယ်ဆိုတဲ့ ဟာက အခုမွေးခဲ့တဲ့ဆေးရုံအုပ်ကြီးက လပြည့်ပေါင်ပြည့်မွေးခဲ့တော့ကလေးက ကျန်းမာရေးနဲ့လည်း ညီညွတ် တယ်။ ခြောက်ပေါင်နဲ့ ၂အောင်စရှိတယ်။ ဘာမှလည်း မဖြစ်ဘူး”ဟု ဦးမင်းဆွေက ပြောကြားသည်။
ဦးမင်းဆွေ၏ ရှေ့နေဖြစ်သူ ဦးအောင်သိန်းကလည်း “ ဦးမင်းဆွေစွဲတဲ့အမှုကတော့ သွားနေတယ်။ ၂၇ရက်နေ့ က ဖျာပုံမှာ ရှေ့နေပါဝါစတင်မှာပါ။ ဖျာပုံမှာ ကလေးအဖေနာမည်ကို ဦးမင်းဆွေလို့ ထည့်တဲ့ပြဿနာလေ။ အဲဒါသူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာ ဆိုတော့ အဲဒီမှာ ကျနော်တို့ ဖွင့်ရတယ်။ မိန်းကလေးကလည်း သူ့အစော် ကားခံရတာက မရမ်းကုန်း ဧရိယာထဲမှာ ဖြစ်တဲ့အတွက် မရမ်းကုန်းမှာ တိုင်ချက်ဖွင့်ပါတယ်” ဟု ပြောသည်။
NLD ပါတီ ဦးမင်းဆွေသည် အထက်တန်းပြအငြိမ်းစားကျောင်းဆရာကြီးတဦးဖြစ်သည့်အပြင် ၁၉၈၈ အရေး တော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး ၁၉၉၀ရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။