နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။
“ဉုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။
အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် ဖြေဖျော်ပွဲတွင် ပါဝင်အလုပ် လုပ်ကြသူအားလုံး အန္တရာယ်ကင်းရေးအတွက် ထို့သို့ လမိုင်းပွဲတင် ဆုတောင်းမှု ပြုရခြင်းဖြစ်သည်။
ရိုးရာနတ်ဆိုင်းသံနှင့်အတူ ၎င်း စိမ်းပြာရောင်ဝတ်စုံဝတ် မင်းသမီးက သူ၏ အရပ် ထက် ပိုမိုရှည်လျားကာ လုံးပတ် ၅ လက်မခန့်ရှိ စပါးအုံးမြွေကို ခါးတွင် ပတ်ကာ ပရိသတ်ကို ကပြဖျော်ဖြေနေလေသည်။
မင်းသမီး၏ လက်ထဲမှ မြွေသည် ခေါင်းမှာ လေထဲတွင် ယိမ်းနွဲ့ လှုပ်ရှားနေကာ ကိုယ်ပိုင်းက မင်းသမီး၏ လက်ကို ပတ်ခွေရန် ကြိုးစားသဖြင့် ပြန်လည်ရှောင်တိမ်းကာ ဘယ်ညာယိမ်းပြီး ကပြပုံက ကြည့်ရှုသူများကို သဲထိတ်ရင်ဖို စိတ်လှုပ်ရှားစေသည်။
စပါးအုံးမြွေသည် အစာကို ညှို့ယူပြီးမှ သူ၏ကြွက်သားဖြင့် အစာကို လိမ်ညစ်ပြီးနောက် အကောင်လိုက် မျိုချ တတ်သည့် သတ္တဝါမျိုးဖြစ်သည်။ ထို့အပြင် သူ၏အစွယ်များက ချိတ်သဏ္ဍန်အတက်ငယ် တခုပါသဖြင့် စပါးအုံး မြွေကိုက်မိပါက ဆွဲဖြုတ်လိုက်လျှင် အသားတခုလုံးပါလာသည်အထိ ခဲထားတတ်သည့် မြွေမျိုးဖြစ်သည်။
အန္တရာယ်ရှိသော မြွေနှင့် အသက် ၁၆နှစ်အရွယ်မှ စတင်ကပြလာခဲ့သည့် စိမ်းပြာရောင် မင်းသမီး၏ နာမည်မှာ မစိုးစိုးဝင်းဖြစ်သည်။ လုပ်သက် အနှစ် ၂၀ ကျော်လာသော်လည်း မြွေနှင့် ကပြတိုင်းတွင် စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ ရှိနေဆဲဟု ဆိုသည်။
“ဘယ်လောက်ပဲ မကြောက်ဘူး ပြော၊ ပြော မြွေနဲ့ကမယ်လုပ်တိုင်း လက်ဖျား၊ ခြေဖျားတွေ အေးတယ် ” ဟု စိုးစိုးဝင်းက ပြောပြသည်။

စိုးစိုးဝင်းသည် ရန်ကုန်တိရစ္ဆာန်ရုံတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကာ အလုပ် လုပ်ခဲ့ကြသူများ ဖြစ်သည်။ ငယ်စဉ်ကတည်းက အကဝါသနာပါသော်လည်း မြွေကြောက်တတ်သူများထဲတွင် တဦးအပါအဝင်ဖြစ်သည်ဟု သိရသည်။
အတန်းပညာလေးတန်းအထိသာ သင်ကြားခဲ့ရသဖြင့် အလုပ်အကိုင်ရှားပါးမှုနှင့် ရန်ကုန်တွင် နေရာထိုင်ခင်း လိုအပ်မှုကြောင့် ထိုအလုပ်ကို ရွေးချယ်ခဲ့ရဖြစ်သကဲ့သို့ စင်ပေါ်တက် ကပြရခြင်းကိုလည်း ဝါသနာပါသော ကြောင့် အန္တရာယ်ရှိသည့်အလုပ်ဟု ဆိုသော်လည်း အဆိုပါအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။
“ ကျမက လေးတန်းမှာ ကျောင်းထွက်ပြီး ဒီတိရစ္ဆာန်ရုံထဲမှာပဲ အလုပ်လုပ်ခဲ့တာ။ ဒီမှာက အိမ်ခန်းလည်း ပေးထားတယ်။ အလုပ်လည်း ပေးထားတယ်ဆိုတော့ စိတ် ပေါ့ပေါ့ပါးပါးနဲ့ အလုပ် လုပ်နိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
စိုးစိုးဝင်းအပါအဝင် ရန်ကုန်တိရစ္ဆာန်ရုံဝင်းအတွင်းရှိ ကြီးကြပ်ဝန်ထမ်းများသည် ထမင်းစားရိတ် တနေ့ တထောင်အပါအဝင် လစာ ၁၈၅၀၀၀ ကျပ် ရရှိပြီး နေစရာအတွက် ဝန်ထမ်းလိုင်းခန်းပေးထားသည်။ အန္တရာယ်ရှိသည့် တိရိစ္ဆာန်ဖြစ်သည့် မြွေနှင့်ကပြရသည့်နေ့တွင် ၃ မိနစ်စာအတွက် ငွေကျပ် ၅၀၀ ကျပ်သာ ရရှိသည်။
အစိုးရအသိအမှတ်ပြုလက်မှတ်ရ မြွေဆရာက တလလျှင် နှစ်သိန်း ရရှိသည်။ ဝန်ထမ်းများ၏ ကျန်းမာရေး အတွက်ကိုမူ လူမူဖူလုံရေးထံ သွားရောက်ပြသရသည်။ တပတ်လျှင် တရက် နားခွင့်ရပြီး မြွေနှင့်ကပြရန် မရှိသည့်ရက်များတွင် စိုးစိုးဝင်းက ရန်ကုန်တိရစ္ဆာန်ရုံရှိ ငှက်များ ရှိရာ နေရာကို ကြီးကြပ်စောင့်ရှောက်ရသည်။
မြွေနှင့်ကပြရသည့်အလုပ်သည် သာမာန် အကဝါသနာပါရုံဖြင့် အလုပ်လုပ်၍မရပါ။ လွန်စွာ အန္တရာယ်ကြီး သည့်အတွက် များစွာ သတိထားရသလို အာရုံထွေပြား၍ မရပါ။ အဓိကအချက်အနေဖြင့် အရှောင်အတိမ်း တတ်ရန်ဖြစ်ပြီး မြွေအကြောင်း နားလည်မထားပါက အချိန်မရွေး မြွေပေါက်ခံရနိုင်သည်ဟု သူ၏ အတွေ့အကြုံပေါ် အခြေခံကာ ရှင်းပြသည်။
ရန်ကုန်တိရစ္ဆာန်ရုံကို ၁၉၆၁ ခုနစ်တွင် စတင်ထားရှိခဲ့ပြီး တိရစ္ဆာန်ရုံဖွင့်ပြီး ၂ နှစ်အကြာတွင် မြွေကပွဲကို စတင် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ရုံအတွင်း၌ မြွေဖြင့်ကပြသူ အမျိုးသမီး ၂ ဦးသာရှိသည်။ ယခင်က အမျိုးသမီး ၃ဦးနှင့် အမျိုးသားတဦးရှိပြီး ၎င်းတု့ိသည် တပတ်လျှင် စနေ၊ တနင်္ဂနွေ ၂ ရက်သာကပြရသည်။ တရက်ကို ကပြချိန် ၃ မိနစ်ဟုဆိုသော်လည်း အန္တရာယ်အရှိဆုံး မြွေ ၂ကောင်ဖြင့် ကပြရသည်။
မြွေနှင့် လူတွဲပြီး ကပြရသည့်အလုပ်ကို ယခင်က တောင်ရိုးပြန် ဆရာချစ်၊ အာဇာနည် စန်းစန်း၊ ဒေါ်စန်းနန်း ကြည်၊ ဒေါ်ခင်စန်းဌေးတို့က လက်ဆင့်ကမ်း အမွေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြွေကသူအမျိုးသမီးများကို အစိုးရအသိအမှတ်ပြု မြွေပညာရှင် ဆရာ ဦးတင်စိန်က သင်ပြပေးခြင်းဖြစ်သည်။
စပါးအုံးမြွေဖြင့် ကပြီးနောက် တောကြီးမြွေဟောက်နှင့် ကပြရန် သေတ္တာအတွင်းမှ ၃ ပေကျော်ခန့်ရှိသော မြွေ ဟောက်ကို ဆွဲထုတ်လိုက်သည်။ စိုးစိုးဝင်းက တပေအကွာတွင် ချထားသော မြွေဟောက်အမြီးကို ပုတ်၊ ပုတ်ပြီး မြွေကို စ`ပေးနေသည်။
မြေဟောက်က ဒေါသဖြစ်လာသည့်အခါ ပါးပျဉ်းထောင်လာပြီး စိုးစိုးဝင်းအား ပေါက်ရန် ရန်မူပါသည်။ စိုးစိုးဝင်း ကလည်း မြွေဟောက် စိတ်တိုပြီး တိုက်ခိုက်ရန် ပြင်ဆင်ချိန် အလစ်တွင် နမ်းရန် ကြိုးစားနေသည်။ မြွေဟောက် က စိတ်တိုပြီး ပေါက်ရန် ပါးပျဉ်းထောင်လိုက် စိုးစိုးဝင်းက ရှောင်လိုက်ဖြင့် မြွေနှင့်မင်းသမီးတို့ တဖက်နှင့်တဖက် အပြန်အလှန်လှုပ်ရှားမှုကို ကြည့်ရူသူ ပရိသတ် ၃ ရာကျော်၏အသံမှာ တိတ်ဆိတ်ကာ ငြိမ်သက်နေသည်။
မြွေဒေါသဖြစ်နေချိန် အလစ်တွင် နမ်းရသည့်အတွက် အခန့်မသင့်ပါက မြွေပေါက်ခံရနိုင်ကြောင်း၊ ယခင်က အမျိုးသားတဦးသည် ကနေရင်း စပါးအုံမြွေအကိုက်ခံရသည့်အတွက် အရှက်ကွဲခဲ့ဖူးကြောင်း၊ စိုးစိုးဝင်း လည်း မြွေသွားဖြင့် ၂ ကြိမ်ခန့်အခြစ်ခံရဖူးသည်ဟု သိရသည်။
“ မြွေဟောက်က အရိုင်းသက်သက် ကန်ထဲက အကောင်တွေကို ဖမ်းပြီး ကပြရတဲ့အတွက် အန္တရာယ် အရမ်းများတယ်။ အသိနဲ့ သတိကတော့ အမြဲထားရတယ်” ဟု စိုးစိုးဝင်းက ၎င်း၏အန္တရာယ်အကြောင်းကို ပြောပြသည်။
တိရစ္ဆာန်ရုံတွင် ကပြနေသော မြွေများသည် အဆိပ်ထုတ်ထားသည့် မြွေများမဟုတ်ပဲ ကန်အတွင်း ပြသထား သည့် အဆိပ်ရှိ သတ္တဝါများဖြစ်သည်။ မြွေများသည် အဆိပ်မကြာခဏထုတ်ပါက သေဆုံးလွယ်သည့် သဘော ရှိသည်။
မြွေဆိပ်ကလည်း လူ၏တံတွေးကဲ့သို့ ထုတ်လိုက်တိုင်း ပြန်ထွက်သည့်သဘောရှိသည်။ ထို့အပြင် မြွေများသည် မျက်ခွံ၊ နားမပါသောကြောင့် လူ၏လှုပ်ရှားမှု အရိပ်နောက်ကို လိုက်သည့်အတွက် လူက ရှောင်တိမ်းတတ်ရန် လိုပါသည်။
မြွေများသည် တကောင်နှင့် တကောင် ဉာဉ်မတူကြပါ။ မြွေများက ဘယ်ဘက်ကို ပေါက်အားသန်သည့် မြွေရှိ သလို ညာဘက်ကို ပေါက်အားသန်သည့် မြွေလည်း ရှိသည်။ ထို့ကြောင့် ညာသန်သည့်မြွေဖြင့် ကမည်ဆိုပါ လျှင် ကပြမည့်သူသည် ဘယ်ဘက်ကို တိမ်းရှောင်ပေးရမည်ဖြစ်သည်။
“ မြွေကို စကိုင်ကြည့်တဲ့ အချိန်က ပျော့စိစိ အေးစက်စက်ကြီးဆိုတော့ တော်တော်လေးကို အသည်းယား ဖို့ကောင်းတာ ” ဟု စိုးစိုးဝင်းက သူ၏ပထမဆုံး အတွေ့အကြုံကို ပြန်ပြောင်းပြောသည်။
“မြွေစကိုင်ကိုင်ချင်းတုန်းက ကြောက်တယ်။ အခုမကြောက်တော့ဘူး။ အယဉ်ကောင်နဲ့ စသင်ပေးတာ ” ဟု စိုးစိုးဝင်းကဲ့သို့ မြွေဖြင့် ကပြဖျော်ဖြေသည့် သစ်သစ်လွင်ကလည်း ဆိုသည်။
ရန်ကုန်တိရစ္ဆာန်ရုံတွင် မြွေကောင်ရေ တရာကျော်ရှိပြီး မြွေအမျိုးအစားအမျိုးမျိုးရှိသော်လည်း ကပြသည့်အခါ ငန်းတော်ကျား၊ တောကြီးမြွေဟောက်နှင့် စပါးအုံးတို့ဖြင့်သာ ကပြလေ့ရှိသည်။
မြွေဖြင့်ကပြသူများသည် အသက်အန္တရာယ်ဖြင့် နီးသည့်အလုပ်ဖြစ်သောကြောင့် မြွေဆေးထိုးထားကြသည်။ ပုံမှန်အားဖြင့် မိန်းကလေးများက ၆ လတကြိမ်ထိုးရမည်ဖြစ်သော်လည်း စိုးစိုးဝင်းက အနှစ် ၂၀ အတွင်း ၂ကြိမ်သာ ထိုးထားသည်။
မြွေဆေးမထိုး ကန်တော့ပွဲအရင်တင်ရပြီးမှ မြွေဆိပ်ထုတ်ပါသည်။ မြွေတကောင်လျှင် မြွေဆိပ်က သုံးစက်ခန့် ထွက်သည်။ ထိုမြွေဆိပ်ကို လပြည့်နေ့တွင် သိဒ္ဒိတင်ပြီး မှင်ရေဖြင့်ရောကာ ထိုးရသော်လည်း ယခုအခါတွင် မှင်ရည် မရောပဲ အဖြူထည်သက်သက်သာထိုးသည်။
မြွေဆိပ်ထိုးရာတွင် စုတ်ကိုရေနွေးဖြင့်ပြုတ်ပြီးမှ လက်ဆစ်၊ လက်ဖမိုး၊ရင်ဘတ်စသည့်နေရာများတွင် ထိုးရပြီး မြွေဆိပ်ဖြစ်တာကြောင့် ဆေးပြင်းသည့်အတွက် အပြင်းဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ ချိုင်းနေရာတွင် အလုံးအကျိတ် ထွက်ခြင်းကြောင့် မြွေဆိပ်ထိုးခြင်းကို မကြာခဏ မပြုလုပ်ကြခြင်း ဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် မြေဆိပ်ထိုးသည့်နေ့တွင် လွန်စွာနာကျင်သောကြောင့် ပါရာစီတမောဆေးပေးပြီး နားခွင့်ရက်လည်း ပေးသည်။
“ အဆိပ်မျိုးစုံကို စုတ်နဲ့ အရိုးပေါ်ထိုးတာဆိုတော့ ဒုတ်ခနဲ၊ ဒုတ်ခနဲ ပေါက်မိတာ အရမ်းနာတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း မထိုးတော့တာ ” ဟု သစ်သစ်လွင်က စုတ်ထိုးရာများကို ပြသသည်။
မြွေဆိပ်ထိုးထားခြင်းဖြင့်လည်း မြွေကိုက်ခံရပါက ချက်ခြင်းမသေနိုင်ပါ။ ကိုယ်တိုင်ဖော်စပ်ထားသည့် မြန်မာ တိုင်းရင်းဆေး မြွေဆိပ်ဖြေဆေးများလည်း အမြဲဆောင်ထားသကဲ့သို့ BBIက ထုတ်သည့် မြွေဆိပ်ဖြေဆေးများ လည်း ထားရှိသည်။ အသက်အန္တရာယ်မှတပါး တခြားကိစ္စရပ်များကို ဆေးရုံသို့ မသွားပဲ မန်းမှုတ်ခြင်း ဖြင့်သာ ကုသသည်ဟု သိရသည်။
“ ဒီမှာအလုပ်လုပ်လာတဲ့တလျှောက်မှာ မြွေကိုက်ခံရတာ အကြိမ် ၂၀ကျော်တယ်။ သေလုနီးပါးဖြစ်တာက ၃ကြိမ်။ ကိုယ့်ကိုယ်ကိုယ်တော့ ယုံတယ်။ မြွေကိုက်လို့တော့ မသေပါဘူး ” ဟု စိုးစိုးဝင်းတို့၏ဆရာ မြွေပညာရှင်၊ တိရစ္ဆာန်ထိန်းသိမ်းဆေးကုဌာနစိတ် တာဝန်ခံ ဦးစိန်တင်က ပြောသည်။
မြွေနှင့် ကမည်ဆိုပါက အဓိကက ရဲရဲဝံ့ဝံ့ရှိရန်နှင့် ဆုံးဖြတ်ချက်တိုင်းက လျင်မြန်ဖျတ်လတ်ရန် လိုပြီး မြွေကိုင် သည့် အချိန်တွင် ကိုယ့်ကိုယ်ကိုယ်နှင့် မြွေကလွဲ၍ ကျန်သည့်အရေးကိစ္စများအား စိတ်မဝင်စားရပါ။ မြွေနှင့်ကသည့် အခါတွင်လည်း ကြည့်ရူသူ မျက်စိပဿဒ ဖြစ်အောင် ခေါင်း၊ ခါး၊ ခြေ၊ လက်အချိုးကျအောင် ကတတ်ရမည်ဟု ၎င်းက ရှင်းပြသည်။
မြွေနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို သီးသန့်သတ်မှတ်ထားခြင်းမရှိသော်လည်း မြွေကို မသတ်ရန်၊ မြွေသားမစားရန်နှင့် မြွေကို စော်ကားမှုမျိုးမပြုလုပ်ရန် အဓိကစောင့်ထိန်းခိုင်းသည်။ မြွေက ဘုရားအလုပ်နှင့် နီးစပ်သည့်အတွက် ငါးပါးသီလမြဲရန်လည်း လိုအပ်ပါသည်။
ထို့အပြင် မြွေသမား မှန်ပါလျှင် အမေရေယာဉ်နတ်ကို ဦးခိုက်ရသည်။ မြွေနှင့်ကပြခါနီးတွင် အမေရေယာဉ်အား လက်ဖက်ငါးပုံပေါ်တွင် ကြက်သွန်ဖြူကြော် တခုစီထိုးစိုက်ပြီး အမွှေးတိုင်၊ ဖယောင်းတိုင်များ ထွန်းကာ ဦးခိုက်ပြီး နောက် အမေအား ကပ်လှူထားသည့် သောက်တော်ရေအား ခေါင်းကို ပွတ်သပ်ပြီး အန္တရာယ်ကင်းစေရေး အတွက် ဆုတောင်းမှုပြုပြီးမှ မြွေနှင့်ကပြလေ့ရှိသည်။
အန္တရာယ်ရှိသည့် မြွေများကို လူတိုင်းက ကြောက်ကြသည်။ အထူးသဖြင့် အမျိုးသမီးများက ပို၍ကြောက်တတ် ကြသည်။ သို့သော်လည်း မြွေနှင့်ကပြသူများသည် အလုပ်အပေါ်တွင် တာဝန်ကျေချင်သည့်အတွက် ကြောက်စိတ် ကို ဘေးဖယ်ထားသည်ဟု မြွေမင်းသမီး စိုးစိုးဝင်းက ပြောပြပါသည်။