အမျိုးသားများ အမျိုးသမီးများကို လေးစားရန် ကျန်းမာရေးဝန်ကြီး ပြောကြား
အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်စေရန် အတွက် အမျိုးသားများသည် အမျိုးသမီးများကို လေးစားရမည်ဖြစ်ပြီး ထိုသို့ပြုလုပ် ခြင်းဖြင့် အချို့သော အမျိုးသားများမှာ အကြမ်းဖက်မှု ပြုလုပ်တော့မည် မဟုတ်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြောသည်။
၎င်းက “ အမျိုးသားထုကြီး အားလုံးသည် အမျိုးသမီးတွေကို ကိုယ့်ရဲ့ အမေအရွယ်ကို အမေလို့ သတ်မှတ်မယ်။ အစ်မဆိုရင် အစ်မ ၊ ညီမ ဆိုရင် ညီမ ၊ အဲဒီလို သတ်မှတ်မယ်ဆိုရင် ယောကျာၤးထု တော်တော်များများက လေးစားမယ်ဆိုရင် ကျန်တဲ့ ယောက် ကျာၤးထုများသည် အနည်းဆုံးတော့ ဒါကို မလုပ်တော့ဘူး” ဟု ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံရှိ ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများ အတွက် တနေရာထဲတွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာန (One Stop Crisis Center (OSCC) For Gender Based Violence ) ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်း တွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
အဆိုပါ စင်တာကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ပထမဆုံး အနေဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး၊ OSCC အနေဖြင့် ရုပ်ပိုင်းဖြင့် ဖြစ်စေ၊ လိင်ပိုင်းဖြင့် ဖြစ်စေ၊ နှုတ်စကားဖြင့် ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ အကြမ်းဖက် နှိပ်စက်ခံ နေရသူများ အတွက် နေရာ တနေရာထဲတွင် ကူညီဖြေရှင်း ပေးသွားမည်ဟုလည်း သိရသည်။
အဆိုပါ ဌာနမှ အိမ်တွင်းအကြမ်းဖက်မှု ကြုံတွေ့နေရများ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းခံရသူများ၊ အဓမ္မပြုကျင့်ခံရသူများ၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုကြောင့် မလိုချင်ပဲကိုယ်ဝန်ရရှိသူများနှင့် နှိပ်စက်ခံနေရသည့် ကလေးသူငယ်များအတွက် ဖွင့်လှစ်ရခြင်း ဖြစ် ကြောင်း ကုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာ ပပ က ပြောသည်။
နေပြည်တော် ကုတင် ၁၀၀၀၊ အရေးပေါ် ဌာနမှ အထူးကု ဆရာဝန် ဒေါက်တာ သီသီဟန် က “အရင်က ဆေးရုံကို ဒီလို ဖြစ်စဉ်မျိုး အတွက် လာရင် ရဲမှုခင်း အတွက် မှတ်တမ်း မှတ်ရာ ယူဖို့လောက်ပဲ အာရုံ စိုက်ခဲ့ကြတယ်။ အခုစင်တာဖွင့်လိုက်ခြင်းအားဖြင့် တနေ ရာထဲမှာ ဆေးကုသမှု ခံယူတာရော၊ ရောဂါ ကာကွယ်တာရော အစရှိတဲ့ နောက်ဆက်တွဲ ပြဿနာကို ဖြေရှင်းပေးသွားမှာပါ” ဟု ပြောသည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ဆေးရုံ ရောက်ရှိလာသည့်သူများမှာ ဆေးရုံသို့ ရောက်လာသော်လည်း သူတို့ကို ကူညီ ဖြေရှင်းပေးပြီး ထောက်ပံ့နိုင်မယ့်သူ မရှိဟု ယူဆမှုများ ရှိနေကြောင်း၊ အမှုဖွင့်ရန် အတွက် ဆေးမှတ်တမ်း ရရန်အတွက် အချိန်တို ဆေးကုသမှုသာ ခံယူမှုများ ရှိနေကြောင်း ဒေါက်တာ သီသီဟန်က ရှင်းပြသည်။
ယခုကဲ့သို့ စင်တာ ကို တရားဝင် ဖွင့်လှစ်မှုကြောင့် မြန်ဆန်သည့် ဆေးကုသမှုရှိမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှု အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပေးခြင်း၊ ယခင်က အကြမ်းဖက်ခံရသူ ကိုယ်တိုင်က ရဲတိုင်၍ အမှုဖွင့်မှုများ နည်းပါးသဖြင့် အမှုများ နည်းပါးနေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စင်တာ ဖွင့်လှစ်ပြီး ပြည်သူကို အသိပေးမည် ဆိုပါက မမျှော်လင့်ထားသည့် အချက်အလက်များ တက်လာနိုင်ကြောင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၊ အရေးပေါ် ဌာနမှ တာဝန်ခံ ဒေါက်တာ သန်းလတ်အောင် က ဆိုသည်။
၎င်းက “ဆေးရုံ အနေနဲ့လည်းကောင်းတဲ့ အချက်ပါ။ နိုင်ငံတော် အနေနဲ့လည်း ကောင်းတဲ့ အချက်ပါ။ အာဆီယံ နိုင်ငံ အလယ်မှာ ကျနော်တို့ နိုင်ငံမှာလည်း ဒီလိုစင်တာ တခုရှိပြီဆိုတော့ အတိုင်းအတာ တခုထိ အကျိုးရှိမှာပါ” ဟု ဧရာဝတီသို့ပြောသည်။
အမျိုးသမီးများဘက်မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် အရှိုအမျိုးသမီးများ အဖွဲ့အစည်း တည်ထောင်သူလည်း ဖြစ်သလို ဒါရိုက်တာလည်းဖြစ်သည့် မိုင်သန့်စီဦးက “ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေက ဘယ်သွားလို့ သွားပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိကြဘူးလေ။ ဒီလို စင်တာတွေ ဖွင့်တဲ့ အတွက် အများကြီး အကျိုးရှိမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသမီးများမှာ အကြမ်းဖက်ခံရပြီ ဆိုပါက ဘယ်ကိုသွား၍ ဘာလုပ်ရမည်ကို အများစုမှာ မသိရှိကြောင်း၊ ယခုကဲ့ စင်တာကို တရားဝင် ဖွင့်ပေးခြင်းအားဖြင့် အလွန် ကောင်းမွန်ကြောင်း မိုင်သန့်စီဦးက ဆိုသည်။
အဆိုပါ ဒီစင်တာမှာ အရေးပေါ်ဌာနမှ တဆင့် သွားမည် ဖြစ်သဖြင့် စင်တာကို ၂၄ နာရီ လုံး ဖွင့်လှစ်ထားမည်ဖြစ်ပြီး၊ OCSS ဌာန ဖွင့် လှစ်နိုင်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အကြမ်းဖက်ခံရသူများ စင်တာသို့ ရောက်ရှိလာပါက နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပံ့ ပိုးကူညီပေးခြင်း၊ တရားရင်ဆိုင်ရေးအတွက် ချိတ်ဆက်ကူညီဆောင်ရွက်ပေးခြင်း၊ ခေတ္တနားခိုရာနေရာ ချိတ်ဆက်စီစဉ်ပေးခြင်း၊ ပညာ ဆက်လက်သင်ယူလိုသူများကို ချိတ်ဆက်ပေးခြင်း နှင့် အသက်မွေးဝမ်းကြောင်းပညာသင်ကြားလိုသူများကို ချိတ်ဆက်ဆောင်ရွက် ပေးမည်ဟုလည်း သိရသည်။
၂၀၁၈ ခုနှစ် အတွင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ရောက်ရှိလာသည့် လူနာပေါင်း ၃၀ ကျော် ရှိသည်ဟုလည်း သိရသည်။
၂၀၁၅- ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ လူနေမှု ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက် စစ်တမ်းအရ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမျိုးသမီး ၇ ဦးတွင် ၁ ဦးမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ ထိန်းချုပ်လွှမ်းမိုးခြင်းမှာ ၁၀ ဦးလျှင် ၃ ဦးမှာ ခင်ပွန်းသည်မှ ထိန်းချုပ် လွှမ်းမိုးမှု ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှု ခံနေရခြင်းမှာ အမျိုးသမီး ၅ ဦးတွင် ၁ ဦး ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးတွင် ၄ ဦးဒဏ်ရာများ ရရှိနေခြင်း ဖြစ်သည်ဟု သိရသည်။
ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသူများထဲမှ ၂၂ ရာခိုင်နှုန်းကသာ အကူအညီများ ရယူခဲ့ပြီး၊ ၃၇ ရာခိုင်နှုန်းမှာ ဖွင့်ဟ ပြောဆိုမှု မရှိခဲ့ကြခြင်း၊ ကျန် ၄၁ ရာခိုင်နှုန်းမှာ ဖွင့်ဟ ပြောဆိုသော်လည်း အကူအညီ များ မရခဲ့ကြောင်း စစ်တမ်း အရ သိရ သည်။