မကြာမီ ကျင်းပတော့မည့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပါဝင် ယှဉ်ပြိုင်မှု ပိုများလာကြောင်း သိရသည်။
ရန်ကုန် စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေး ကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး အနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း မြို့တော် ကော်မတီ ဝင် နေရာ၂ ဦး၊ မြို့နယ် ဥက္ကဋ္ဌ နေရာ ၁၀ ဦး၊ မြို့နယ် အဖွဲ့ဝင်(၁) နေရာ ၁၂ ဦး၊ မြို့နယ် အဖွဲ့ဝင်(၂) နေရာ ၂၀ စုစုပေါင်း ၄၄ ဦး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
Triangle Women Support Group ဒါရိုက်တာ ဒေါ်ခင်လေးက“အမျိုးသမီး ကိုယ်စားလှယ်လောင်း စာရင်း ပိုမို ပါဝင် လာတာ ကြိုဆိုတယ်။ ကိုယ်စားလှယ်လောင်းတင် မဟုတ်ဘဲ တကယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ကော်မတီဝင် တာဝန်ယူပြီး ဆောင်ရွက်ပေးမယ့် အမျိုးသမီးတွေလည်း ပိုပြီး များများ ရွေးချယ်ခံရဖို့ လိုတယ်”ဟု မှတ်ချက် ပြုသည်။
အများစုသည် လွှတ်တော် ရွေးကောက်ပွဲများ လောက်သာ အာရုံထားကြသော်လည်း နေ့စဉ် ပြည်သူများ ကြုံတွေ့နေရ သော အမှိုက်၊ ရေ၊ အခွန် စသည့် ဝန်ဆောင်မှု ပြဿနာ အခက်အခဲများကို ဖြေရှင်းပေးရမည်မှာ အောက်ခြေရှိ ရပ်/ကျေး နှင့် စည်ပင် သာယာ ကော်မတီများ ဖြစ်ပြီး ယင်းနေရာသို့ အမျိုးသမီးများ ပါဝင်ရေး အရေးကြီးသည်ဟု ၎င်းက ရှင်းပြ သည်။
ဒေါ်ခင်လေးက“နစ်နာချက်တွေ အားလုံးကို အမျိုးသမီးတွေက သူတို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရပြီ ဖြစ်လို့ သူတို့ အနေနဲ့ ဒီနေရာမှာ ကိုယ်စားပြုပြီး ပါဝင်ခွင့်ရရင် ဒီကိစ္စတွေကို ပြေလည်အောင် အတတ်နိုင်ဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားကြမယ်လို့ ကျမ အပြည့်အဝ ယုံကြည်တယ်”ဟုလည်း ဆိုသည်။
၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီး ကိုယ်စား လှယ်လောင်း ပါဝင်မှုသည် ၁၁ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်း အထိ တိုးလာသည်ကို တွေ့ရသော်လည်း လုံလောက်သည့် အနေအထား မဟုတ်သေးဟု New Myanmar Foundation မှ စီမံကိန်း ဒါရိုက်တာ ဦးကျော်ထင်က ပြောသည်။
အဆိုပါ စည်ပင် ရွေးကောက်ပွဲတွင် အမျိုးသား ကိုယ်စားလှယ်လောင်း ၂၆၁ ဦးနှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၂ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
“ရန်ကုန်မြို့ လူဦးရေ အချိုးအစားအရဆို အမျိုးသမီးတွေ ထက်ဝက်လောက် ပါသင့်တာပေ့ါ။ မြို့တော် အဆင့်မှာ အရေး ကြီးတဲ့ ရန်ကုန်စည်ပင်လို နေရာမျိုးမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပိုပါဝင်ဖို့ လိုအပ်တယ်”ဟု ဦးကျော်ထင်က ပြောသည်။
ဆက်လက်၍ ၎င်းက မြို့ပြနေ မိသားစုများနှင့် များစွာ ပတ်သက် ဆက်စပ်နေသည့် အမှိုက်ကိစ္စ၊ ဈေးကိစ္စ၊ ရေမြောင်းကိစ္စ စသည်ဖြင့် စည်ပင်သာယာရေး လုပ်ငန်းများတွင် အမျိုးသမီးတို့၏ အမြင်သည် အရေးပါကြောင်း၊ အမျိုးသမီး မြို့တော်ဝန် ဖြစ်လာသည့် အခါ လုပ်ငန်း စွမ်းဆောင်ရည် မြင့်လာသည် ဟူသော သုတေသနများလည်း ရှိသည်ဟု ရှင်းပြသည်။
ရန်ကုန် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း တဖွဲ့ ဖြစ်သည့် New Myanmar Foundation သည် ရန်ကုန် စည်ပင်ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူ လူထုအား တိုက်တွန်း နှိုးဆော်မှုများ၊ အသိပညာပေးမှုများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ သလို လာမည့် စည်ပင် ရွေးကောက်ပွဲတွင်လည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းနှင့် အမျိုးသမီး မဲဆန္ဒရှင် တို့၏ ပါဝင် ဆောင်ရွက်မှုများကို လေ့လာစောင့်ကြည့်ရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၁၄ က ပြုလုပ်ခဲ့သည့် စည်ပင် ရွေးကောက်ပွဲ ကာလက ၁ အိမ်ထောင်လျှင် ၁ ဦး (အိမ်ထောင်ဦးစီး)ကသာ မဲပေးပိုင် ခွင့်ရှိသည့် စနစ်မှ ယခု ၂၀၁၉ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် ရရှိမည် ဟု စည်ပင်သာယာ ဥပဒေ အသစ်တွင် ပြဋ္ဌာန်းထားသည်။
အဆိုပါ အချက်ကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အတွက် ပိုမို ကောင်းမွန်သည့် အခွင့်အရေး တခု ဖြစ်လာ နိုင်ကြောင်း အမျိုးသမီးရေး လှုပ်ရှား ဆောင်ရွက်သူများက ယုံကြည်ထားသည်။
ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် အလှမယ် ထက်ထက်ထွန်းက“မော်ဒယ် တယောက် ဖြစ်နေတယ်။ တနေ့နေ့ မိတ်ကပ် တွေပဲ လိမ်းနေတယ်။ ဒီအလုပ်ကို လုပ်နိုင်ပါ့မလား ဆိုပြီး သူတို့(ပြည်သူ) စိတ်ပူနေတာတွေ ပြောင်းလဲဖို့ ဖြည့် ဆည်း ဖို့ နေရာတခု အတွက် ထိုက်တန်ဖို့ ဒီကြားထဲမှာ ကြိုးစားမှာပါ။ တကယ် ယုံကြည်လို့ အားကိုးလို့ ထိုက်တန်လို့ ပေးတဲ့ မဲလေးတွေပဲ လိုချင်တဲ့ အတွက် ကြိုးစား ပြင်ဆင်နေပါတယ်”ဟု ဧရာဝတီကို ပြောဆိုထားသည်။
အလှမယ် ထက်ထက်ထွန်းသည် မြို့နယ် ၁၂ မြို့နယ် ပါဝင်သော မဲဆန္ဒနယ် အမှတ် ၃ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ဖြစ်ပြီး ဒု မြို့တော်ဝန် နေရာ အထိ ရည်မှန်းထားသူ တဦးလည်း ဖြစ်သည်။
“ရန်ကန် စည်ပင် သာယာ ဝပြောဖို့ ဆိုရင် ရန်ကုန်မှာ နေထိုင်တဲ့ သူတိုင်းရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေ၊ သူတို့ရဲ့ လိုက် ပါလာမှု၊ ပူးပေါင်းလာမှုတွေကို အရင် လိုချင်တယ်။ အဲဒါတွေကို ပြောင်းလဲချင်တယ်။ ဒါလေးတွေ ပြောင်းလဲလိုက်ရင် အမှိုက် မှ မဟုတ်ပါဘူး။ အားလုံး ပြောင်းလဲလာလိမ့်မယ်လို့ ထင်တယ်”ဟုလည်း ထက်ထက်ထွန်းက ပြောသည်။
လာမည့် စည်ပင် ရွေးကောက်ပွဲတွင် မြို့နယ် ၁ မြို့နယ်၌ ကော်မတီဝင် ၃ ဦးဖြင့် ၃၃ မြို့နယ် အတွက် ၉၉ ဦးနှင့် ဗဟို ကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမည် ဖြစ်ပြီး ပြည်သူက ရွေးချယ်သည့် ကော်မတီဝင်များ အနက်မှ ဒု မြို့တော်ဝန်ကို ရွေးချယ် ခန့်ထားမည် ဖြစ်သည်။
ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂၉ ရက် အတွင်း မဲဆွယ် စည်းရုံးမှု များ လုပ်ဆောင်နိုင်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။