ဧဖရိမ်ဆိုတာ ခံစားခဲ့ရသမျှ ဒုက္ခအားလုံးက ဝမ်းမြောက်စရာတွေ ပြန်ဖြစ်တယ်၊ ဒုက္ခကနေ လွတ်မြောက် စေတယ်ဆိုတဲ့ အဓိပ္ပာယ်။ ဆင်းရဲဒုက္ခရောက်နေတဲ့ ကလေးငယ်တွေအားလုံး သည် ဧဖရိမ်ကို ရောက်လာတဲ့ နောက်ပိုင်းမှာ အားလုံး ပြောင်းလဲသွားစေရမယ်ဆိုတဲ့ ခံယူချက်လေးတခုနဲ့ ဧဖရိမ်ဆိုတဲ့ နာမည်ကို ပေးခဲ့တယ်။
မိုးကုတ်မြို့ အောင်သာယာရပ်ကွက်မှာ တည်ထောင်ထားတဲ့ ဧဖရိမ် မိဘမဲ့ဂေဟာ အကြောင်းကို ဆရာမ ဆုန်းကောလ် က ရှင်းပြတယ်။ နာမည်အရင်းက ဗန်ဗျက်ဆုန်။ ဒါပေမယ့် အားလုံးက ဆရာမ ဆုန်းကောလ် လို့ပဲ ခေါ်ကြတယ်။
ဆရာမ ဆုန်းကောလ် က မိုးကုတ်မြို့ကို ၁၉၉၄ ခုနှစ်မှာရောက်လာတာပါ။ ကျောင်းတက်နေစဉ်မှာပဲ အမေ၊ အဒေါ်နဲ့ အဖွားဆုံးခဲ့တဲ့အတွက် မိဘမဲ့ဘဝကို ရောက်ခဲ့ရတယ်။ ဆင်းရဲဒုက္ခတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။
အဆိုးဆုံးကတော့ ကျောင်းပိတ်တဲ့ နွေရာသီတွေမှာ အိမ်ပြန်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ဆရာမ ဆုန်းကောလ်မှာ လွမ်းစရာအိမ်ရယ်၊ ပြေးတွေ့စရာ မိသားစုရယ်ဆိုတာ မရှိတော့ဘူး။
“ပြန်စရာ အိမ်မရှိတော့ ဆရာတွေက နယ်လှည့်ပြီးခေါ်သွားတယ်။ အဲဒီကတည်းက ကလေးတွေကိုပြုစုပေး၊ စာသင်ပေးဖို့ ကမ်းလှမ်းကြပေမယ့် ကျမ မိုးကုတ်ကိုပဲ ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်”
ဆရာမကိုယ်တိုင် မိဘမဲ့ဘဝနဲ့ ကိုယ့်စရိတ်ကိုယ်ရှာပြီး ဓမ္မတက္ကသိုလ် မာစတာနှစ်ခု ရတဲ့အထိ ကျောင်းတက် ခဲ့တယ်။
“အတန်းဖော် သူငယ်ချင်းနဲ့အတူ အဝတ်လျှော်တယ်၊ ဟင်းရောင်းခဲ့တယ်။ ကျောင်းက ၇ နှစ်တက်ရတယ်။ ကျောင်းတက်နေတဲ့ ၇ နှစ်အတွင်းမှာ ကတည်းက ဧဖရိမ်ကို တည်ထောင်ခဲ့ရင် အဆင်သင့်ဖြစ်ဖို့ဆိုတဲ့ အတွေးနဲ့ အဝတ်ဟောင်း တွေကော၊ အဝတ်အစားအသစ်တွေကိုပါ အရွယ်စုံဆိုဒ်စုံ ကြုံရင်ကြုံသလို ဝယ်ယူ စုဆောင်းထားခဲ့တယ်။
“စလုပ်တုန်းကဆိုရင် အခက်အခဲတွေက အများကြီးပါပဲ။ အစာငတ်တဲ့ အချိန်တွေတောင် ရှိခဲ့တယ်။ ဒီမိုးကုတ်မြို့ရဲ့ ဘယ်နေရာ ဘာအသီးသီးတယ်၊ ဘာအပင်ပေါက်တယ်၊ ဘယ်ဘုန်းကြီးကျောင်းမှာ ဘယ်ဂေါ်ရခါးသီး သီးတယ်ဆိုတာကအစ ကျမ အကုန်သိတယ်။ အကုန် လိုက်တောင်းရမ်းပြီးတော့ ကလေးတွေကို ကျွေးခဲ့တာ” လို့ပြောရင်း ဆရာမက ပြုံးနေတယ်။
အဲဒီလို မလျှော့တဲ့ဇွဲနဲ့ စိတ်ကူးထားတဲ့ အရာတခုကို ပုံဖော်နိုင်ခဲ့တယ်။ စတင်တည်ထောင်တုန်းက ကလေးငယ် သုံးယောက်၊ ဒုတိယနှစ်မှာ ကလေးငယ်ခြောက်ယောက် ဖြစ်လာတယ်။ ကလေးတွေကို စောင့်ရှောက်ဖို့အတွက် ရပ်ကွက်ထဲမှာ ဝက်သား လိုက်ရောင်းတယ်။ ဝက်သားခုတ်သားကနေ ထွက်လာတဲ့ ဝက်ရိုးကို ကလေး ခြောက်ယောက်နဲ့အတူ ချက်စားတယ်။ နေတဲ့နေရာက သင်္ချိုင်းကုန်းနဲ့ နီးသလို၊ တောနဲ့လည်းနီးတော့ ဟင်းရွက်တွေ၊ ငှက်ပျောဖူးတွေ၊ ကြက်ဟင်းခါးရွက်တွေကို အဲဒီဘက်မှာ သွားရှာပြီး အာဟာရကို ဖြည့်စွက်ခဲ့ ကြတယ်။
“ကျမတို့ အခြေအနေကို သိတဲ့ အိမ်ရှင်တယောက်က နောက်ပိုင်းမှာ ကလေးတွေများလာရင်၊ ဧည့်သည်တွေ များလာရင် နေရာ သန့်သန့်လေးတော့ ရှိမှဖြစ်မယ်ဆိုပြီး အခု လက်ရှိဖွင့်ထားတဲ့ အောင်သာယာရပ်ကွက် ထဲက သူ့နေရာလေးကို မိဘမဲ့ဂေဟာ ဖွင့်ဖို့ဆိုပြီး အခမဲ့နေခွင့်ပေးခဲ့တယ်”
ဆရာမဆုန်းကောလ်က မိန်းမသားလည်းဖြစ်၊ ကိုယ်တိုင်က မိဘလည်း မဲ့ခဲ့ရ၊ လူလွတ် တယောက်လည်း ဖြစ်ပြန်မို့ ဂေဟာကို တည်ထောင်စ အချိန်တွေမှာ သံသယမျက်လုံးတွေနဲ့ တံဆိပ်အမျိုးမျိုး ကပ်ခံခဲ့ရတယ်။ ကလေး ငယ်ငယ်လေးတွေ လက်ဆွဲပြီး သွားတဲ့အခါ မေးငေါ့ကြ၊ လှောင်ပြောင်ကြ၊ အတင်းပြောကြတာတွေ ကြားနေ၊ မြင်နေ၊ သိနေခဲ့ရပေမယ့် လဲကျ မသွားဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တယ်။
`
“ကျမက အရင်ကတည်းက မိဘမရှိတော့ မိမစုံဖမစုံနဲ့ နေခဲ့ရတဲ့အရွယ်မှာ သံသယနဲ့ အကြည့်တွေတောင် ခံရတယ်လေ။ ဒါပေမယ့်လည်း ကျမ မဖြေရှင်းဘူး။ နောက်ပိုင်းကျရင်တော့ ကျမအပေါ်ကို အားလုံးက နားလည် လာပါလိမ့်မယ်လို့ပဲ ကျမတွေးပြီး ကလေးတွေရဲ့ အနာဂတ်အတွက်ပဲ ကျမ စဉ်းစားခဲ့တယ်။ ကလေးတွေ ရှေ့ကနေ မိဘအရင်းသဖွယ် မားမားမတ်မတ် ရပ်တည်ခဲ့ပြီး လှောင်ပြောင်မှုတွေကို အန်တုခဲ့တယ်” လို့ သူက ဆိုတယ်။
အမှီအတွယ်မလို၊ ဂေဟာကို ကိုယ့်ယုံကြည်ချက်အတိုင်း ထူထောင်နိုင်ခဲ့တဲ့ ဆရာမဆုန်းကော်လ်လို အမျိုးသမီးတွေ များများ ပေါ်ပေါက်လာဖို့၊ တချို့သော အစွမ်းအစရှိတဲ့ အမျိုးသမီးတွေ အရှေ့ကို ထွက်လာကြဖို့ ဆရာမက အားပေးစကားဆိုတယ်။
“တချို့က ကိုယ်ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက်မှာ သမိုင်းမလှခဲ့တဲ့ အရာလေးတွေကြောင့် ရှေ့ဆက် မတိုးရဲကြတာလည်း ရှိတယ်၊ သူတို့မှာ အစွမ်းအစ ရှိပေမယ့်လည်းလေ။ ကျမကတော့ အားပေးစကား ပြောချင်တယ်။ ပြီးခဲ့တဲ့ အရာတော့ ပြီးခဲ့သွားပြီ။ ပြီးခဲ့တာတွေကို နောင်တရပြီးတော့ တကယ့် စစ်မှန်တဲ့ နောင်တနဲ့ ပြန်ပြီးဆွဲဆောင်နိုင်တဲ့ အရည်အချင်းလည်း ရှိပါလျှက်နဲ့ ရှေ့ကို ပြန်ထွက်မလာကြဘူး။ သူတို့ဆီ ပြန်လာမယ့် ပုတ်ခတ်တဲ့ဒဏ်ကို မခံနိုင်သလို၊ ရင်ဆိုင်နိုင်တဲ့ အစွမ်းအစလည်း မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် အမျိုးမျိုး ဝေဖန်ပြစ်တင်နေပါစေ၊ ကိုယ်ယုံကြည်လို့ ကိုယ်သွားခဲ့တဲ့ လမ်းမှန်ပါစေ၊ ကိုယ်မှန်လို့ ကိုယ်မြင်ခဲ့တဲ့ အရာကို သူတို့မမြင်ဘူးဆိုရင် သူတို့မြင်လာအောင် ကိုယ်တိုင်လျှောက်ပြ စေချင်တယ်လို့ ဆရာမ ဆုန်းကော်လ်က ပြောပါတယ်။
ဧဖရိမ်ကို တည်ထောင်ထားတဲ့ ဆရာမကို ရည်ငံသူက အသင်းတော်ကတဆင့် စကားကြောင်းလမ်းခဲ့တယ်။ ဒီဘဝကို လက်ခံနိုင်မှ သည်ရင်ခွင်ထဲကိုဝင်ဖို့ ခွင့်ပြုခဲ့တယ်။ ဆရာမတို့ နှစ်ဦးစလုံး ဧဖရိမ်အတွက် အားကြိုး မာန်တက် လုပ်ဆောင်ကြတယ်လို့ သိရတယ်။
အမှတ်မထင် ဆရာမရဲ့ အမျိုးသား ရုတ်တရက် ဆုံးပါးသွားလို့ ဆရာမဆုန်းကော်လ်ဟာ မုဆိုးမ တဦးဘဝနဲ့ပဲ ဧဖရိမ်ရဲ့ ယန္တရားကို ဆက်လက် မောင်းနှင်ခဲ့တယ်။
အခုဆိုရင် ဧဖရိမ်က ဆယ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကလေးတွေကလည်း အယောက် လေးဆယ် ကျော်လာခဲ့ပါပြီ။ ဗမာ၊ ကယား၊ ကချင်၊ လီဆူးနဲ့ တရုတ်လူမျိုးတွေပါဝင်တယ်။ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် နှစ်မျိုး ရှိပါတယ်။ ဆရာမဆုန်းကောလ် ကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင် ဖြစ်ပေမယ့်လည်း စောင့်ရှောက်ထားတဲ့ ကလေးငယ်အားလုံးအတွက် ပညာရေးကိုသာ အဓိက ဦးစားပေး ဆောင်ရွက်နေသူပါ။
မြန်မာ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ ယူနီဆက်ဖ် အဖွဲ့ကြီးက စစ်တမ်းတခု ထုတ်ပြန်ခဲ့တယ်။ အဲဒီအဖွဲ့က ကလေးသူငယ်များနဲ့ ပတ်သက်ရင် ပြောရေးဆိုခွင့်အရှိဆုံး အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရက်ကို ငါးနှစ်အောက် ကလေးငယ် သေဆုံးမှု ၁၀၄ ယောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
အမျိုးမျိုးသော အကြောင်းကြောင်းတွေကြောင့် သူတို့လေးတွေ သေဆုံးနေကြရတာပါ။
ယူနီဆက်ဖ်အဖွဲ့ကပဲ ၂၀၁၃ ခုနှစ် သြဂုတ်လမှာ “သဘာဝသယံဇာတ အရင်းအမြစ်များမှ လူသားအရင်းအမြစ်သို့” (From Natural Resources to Human Capital) ဆိုတဲ့ အစီရင်ခံစာ တစောင်ကိုလည်း ထုတ်ပြန်ထားပါတယ်။ သဘာဝသယံဇာတ ရောင်းချရာကနေ ရရှိလာတဲ့ ဝင်ငွေထဲက အနည်းငယ်သော ရာခိုင်နှုန်းကို သုံးစွဲရုံနဲ့ မြန်မာ့ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်နိုင်မှာဖြစ်ပြီး ပညာရေး ကဏ္ဍကိုလည်း မြှင့်တင်နိုင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ဟာ နည်းပါးလွန်းနေတာကို တွေ့ရပါတယ်။ မိဘမဲ့ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် အစိုးရမဟုတ်တဲ့ ဆရာမဆုန်းကော်လ်တို့လို ပရဟိတ လူသားတွေရဲ့ ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် ကလေးငယ်တွေရဲ့ ရှင်သန်မှု လမ်းကြောင်းလေးတွေ တောက်ပ နေခဲ့ရတာပါ။
သူ့အနေနဲ့ ပညာရေးကို ဦးစားပေးထားတဲ့အတွက် အဆိုးအကောင်း အားလုံးကို ကိုယ်ပိုင်အသိဉာဏ်နဲ့ သိမြင်လာမယ်၊ ခွဲခြားတတ်လာမယ်၊ ကိုယ်ကိုယ်တိုင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လာနိုင် လိမ့်မယ်လို့ ဆရာမက ခံယူထားတယ်။
“သူတို့ကို ခေါ်ပြီး ကျမက ရှာဖွေကျွေးမွေးထားလို့ သူတို့ကို ဒါပဲ ကိုးကွယ်ရမယ်လို့ ကျမ ဇွတ်လုပ်ရင် သူတို့ စိတ်ဒဏ်ရာ ပိုကြီးသွားမှာပေါ့။ ဒါကြောင့် သူတို့စိတ်ထဲ ဘာသာရေးကို ထည့်မပေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေ အရွယ်ရောက်လာရင် လူမျိုးတမျိုးထဲမှာပဲ နေမှာမဟုတ်ဘူး။ တိုင်းရင်းသား လူမျိုးအစုံနဲ့နေကြ ရမှာ။ ဒါကြောင့် ပညာရေးကိုပဲ ဦးစားပေးတယ်” လို့ ဆရာမက ဆိုပါတယ်။
သူတို့ပညာရေးကြောင့် သူတို့ယုံကြည်တဲ့ ဘာသာရေးအပေါ်မှာ အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာ လိမ့်မယ်လို့ ဆရာမဆုန်းကောလ်က မျှော်လင့်ထားပါတယ်။ အများနဲ့ နေထိုင်တဲ့အခါ ဘယ်လိုနေဖို့၊ ပြောတတ် ဆိုတတ်ဖို့၊ သင့်တင့်မျှတအောင် ပေါင်းသင်းတတ်ဖို့နဲ့ ဘယ်လို ဝတ်စားနေထိုင်ရမယ် ဆိုတာကအစ အသေးစိတ်ကို လက်တွေ့ကျကျ သင်ကြားပေးတာ တွေ့ရတယ်။
ဧဖရိမ်က ကလေးငယ်တွေမှာ အထူးသင်ကြားပေးစရာမလိုဘဲ အလေ့အကျင့်ကောင်း ဖြစ်နေတဲ့ အချက်တွေ အများကြီးရှိတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်တယ်။ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ စသည်ဖြင့် မွန်မွန်ရည်ရည် ရှိကြတယ်။ အငယ်လေးတွေ ရောက်လာခဲ့ရင် ရှိနှင့်တဲ့ အရွယ်ကြီးတွေက အဆင့်ဆင့် ထိန်းကျောင်း ပေးကြရင်း၊ ပြုစုစောင့်ရှောက် ပေးကြရင်းနဲ့ သူတို့ရဲ့ မိသားစုကမ္ဘာလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်း ကြတယ်။
သို့သော်လည်း အရွယ်မတိုင်ခင်မှာ ဧဖရိမ်ကနေ ထွက်ခွာသွားကြတဲ့ တချို့သော ကလေးတွေရှိခဲ့ပါတယ်။ ဆွေမျိုးရင်းချာရယ်လို့ မရှိခဲ့လို့ ဧဖရိမ်ကို ရောက်လာခဲ့ကြပေမယ့် အချိန်တန်၊ အရွယ်လေးရောက်လာခါစ အချိန်လေးမှာတော့ ဆွေမျိုးတွေ ပေါ်လာခဲ့ပြီး တရုတ်ပြည်ဘက်ကို တိတ်တိတ်လေး လိုက်သွားတာမျိုးတွေ ကြုံတွေ့ ခဲ့ရတယ်။
“အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ အမေလို့ခေါ်ပြီး ကျမဆီ ဆက်သွယ်လာတယ်။ ရင်ထဲမှာ စိတ်မကောင်း ဖြစ်လိုက်ရတာ။ အမေ့အိမ်လို မဟုတ်ဘူးလို့ သူတို့ပြောတော့ သူတို့အမျိုးတွေဆိုတာကို ဒေါသအရမ်း ဖြစ်ခဲ့တယ်။ သူတို့ပြန်လာရင်လည်း ကြိုဆိုပါတယ်” လို့ ဆရာမဆုန်းကောလ်က ပြောပြတယ်။
အရွယ်ရောက်လို့ ထွက်သွားတာမျိုး၊ အစွမ်းအစရှိလို့ ထွက်သွားခဲ့တာမျိုး မဟုတ်တဲ့အတွက် အောင်မြင်မှု ဆိုတာကိုရဖို့ အခက်အခဲတွေ အများကြီး ကြုံရမယ့်အရေးကိုတွေးပြီး ဆရာမက စိတ်မကောင်းဖြစ်နေတယ်။
ဒီနေရာလေးမှာ ဆယ်နှစ်ကျော်နေလာခဲ့ပြီမို့ ဒီရပ်ကွက်နဲ့ ဒီနေရာလေးဟာ ဧဖရိမ် မိသားစုလေးအတွက် လုံခြုံနွေးထွေးတဲ့ နေရာလေး တခုဖြစ်နေပါပြီ။ ဒါကြောင့်လည်း ဒီနေရာ၊ ဒီဝန်းကျင်ကနေ တခြားနေရာတခုကို ပြောင်းရွှေ့ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အနီးအနားမှာပဲ ဂေဟာ တည်ဆောက်ဖို့အတွက် မြေကွက်လေး တကွက် ဝယ်ဖို့ ဆရာမဆုန်းကောလ်ရဲ့ ပိုင်ဆိုင်မှု အကုန်၊ စုဆောင်းထားသမျှ ပုံအောလို့ စရံချခဲ့ကြောင်း သိရပါတယ်။
ဒီအကြောင်းတွေကို ကြားသိရတဲ့ ထာပွဲကစေတနာရှင်၊ အလှူရှင်တွေက စုပေါင်းပြီး ဧဖရိမ်မိသားစုအတွက် ကူညီပေးခဲ့ကြလို့ မြေနေရာ အပိုင်လေးလည်း ရှိလာခဲ့ပြီ။ ကလေးငယ်တွေအတွက် ကျန်းမာရေး ရှုထောင့်က ကြည့်ရင် အေးတဲ့ဒေသမှာ နေကြတာရယ်၊ သမံတလင်းလို နေရာမှာ ကုတင်မပါဘဲ အိပ်လို့မဖြစ်တာကြောင့် ကုတင်တွေ ဖြည့်တင်းဖို့နဲ့ မီးကြိုးသွယ်ဖို့ အဆင့်တွေတော့ လိုအပ်နေပါသေးတယ်။
“မိဘမရှိတဲ့သူ၊ မျှော်လင့်ချက်မဲ့နေတဲ့သူ၊ စွန့်ပစ်ခံ ကလေးတွေကို လမ်းမှန်လျှောက်ပြဖို့အတွက် ကျမရဲ့ ယုံကြည်ချက်၊ ရိုးသားစွာနဲ့ ဆောင်ရွက်မှု၊ ကိုယ်တိုင်အမှန် လျှောက်ပြခဲ့ပါတယ်။ ဒါကြောင့် ဧဖရိမ်ဟာ ကျမအတွက်တော့ ဖောင်ဒေးရှင်းတခု၊ ကျမဘဝပါပဲ” လို့ ဆရာမဆုန်းကောလ်ရဲ့ ပြောပြချက်တွေအရ သူ့မှာ ဧဖရိမ်အတွက် အင်အားတွေ၊ မျှော်လင့်ချက်တွေ အပြည့်အ၀ ရှိနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းမရခဲ့ပါဘူး။
အလှူရှင်တွေ လှူဒါန်းတဲ့ ငွေကြေးအပါအဝင် ကိုယ်တိုင်လည်း ဓမ္မကျောင်းမှာ စာသင်လို့ရတဲ့ ငွေကြေးနဲ့ သူ့ဘဝကို ဧဖရိမ်အတွက် ပေးဆပ်ထားလိုက်ပါပြီ။ ဆရာမရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်က အနာဂတ်မှာ ထွန်းလင်း လာမယ့် ကြယ်ပွင့်တွေအတွက် ပရဟိတ သမားတွေ၊ အသင်းအဖွဲ့တွေက တတ်နိုင်တဲ့ အားနဲ့ အထောက်အကူ ပြုထားသလို၊ အစိုးရပိုင်း အနေနဲ့လည်း အနာဂတ်နိုင်ငံကို မျှော်မှန်းလို့ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေကို ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ဖို့ ဆိုတာပါပဲ။
(သင်းသင်းသော်သည် မန္တလေးမြို့တွင် နေထိုင်ပြီး သတင်းနှင့် ဆောင်းပါးများကို ရေးသားလျှက်ရှိပါသည်။)