မြန်မာ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် ၎င်းတို့ ဘဝများကို လှောင်ပြောင် သရုပ်ဖော် တင်ဆက်မှုများ ရပ်တန့်ပေးရန် အလွှာ ပေါင်းစုံမှ LGBTIQ များက တောင်းဆို လိုက်သည်။
ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် မတ်လ ၄ ရက်က အလွှာစုံမှ LGBTIQ (Lesbian,Gay, Bisexual, Transgender, Intersex and Queer) များ ဦးဆောင် ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် ယင်းသို့ တောင်းဆို လိုက်ခြင်း ဖြစ်ပြီး LGBT များကို ကိုယ်ကျိုး စီးပွား အတွက် အသုံးချခံ လူသား အဖြစ်၊ လှောင်ပြောင် ပြက်ရယ်ပြု မှုများ အပေါ် ကန့်ကွက် ရှုတ်ချသည့် သဘောထား ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
LGBT အရေး တက်ကြွ လှုပ်ရှားသူ ရှင်းသန့်က“အခုမှ ဒီပွဲကို ထလုပ်တာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ကတည်းက အားလုံးရဲ့ ရင်ထဲမှာ ဒီပွဲကိုလာတဲ့ သူတွေရဲ့ ရင်ထဲမှာ ပြောင်းလဲ လာမလား ဆိုတဲ့ ဆန္ဒရှိတယ်။ စောင့်ကြည့်ခဲ့ကြတယ်။ တဦးချင်း ပြောခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေတွေက ဖြစ်မလာဘူး။ ဒီအချိန်ထိ ပြောင်းလဲလာမှု မရှိသေးတဲ့အတွက် အစုလိုက် အခုလို လုပ်လိုက်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
တချို့သော ရုပ်ရှင်၊ ဗီဒီယိုများတွင် ပြင်ပ လောကရှိ LGBTIQ များ၏ သရုပ်၊ အသွင်ကို မူလ သဘာဝထက် ပိုသော သရုပ် ပျက် ဝတ်စား ဆင်ယင်မှု၊ သရုပ်ဆောင်နေမှုများ၊ လိင်မှု ကိစ္စနှင့် ထိတွေ့သွားပါက မိုးမမြင်၊ လေမမြင် ၂၄ နာရီ တိုင်အောင် အလုပ်အကိုင် မလုပ်ဘဲ လိင်မှု ကိစ္စနောက်သို့ တန်းတန်းမတ်မတ် လိုက်စားနေသူများ အသွင်ဖြင့် သရုပ်ဖော် တင်ဆက် နေ ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက အမျိုးသမီးမှ အမျိုးသားကဲ့သို့ ဝတ်စား ဆင်ယင် ခံယူ နေထိုင်သည့် အမျိုးသမီးများနှင့် အမျိုးသားမှ အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင် ခံယူနေထိုင်သည့် အမျိုးသားတို့သည် လိင်မှုကိစ္စ ဖြစ်ပြီးသွားပါက ၎င်းတို့၏ မွေးရာပါ ခံယူချက်သည် လုံးဝ ပြောင်းလဲသွားမှုများ၊ ဟော်မုန်းဆေး မှားထိုးမိ၍ အမျိုးသားမှ အမျိုးသမီး စိတ်ကဲ့သို့ ပြောင်းလဲသွား သည် ဟူသော တင်ဆက်မှုများသည် LGBTIQ များနှင့် ပတ်သက်၍ ပုံရိပ် အမှားများ၊ အယူအဆ အလွဲများ၊ ဖန်တီး ဖြန့်ဖြူး ပေးရာ ရောက်သည်ဟုလည်း ဆိုသည်။
ထိုကဲ့သို့ လွဲမှားသော ဇာတ်သရုပ်များကြောင့် LGBTIQ တို့သည် လူ့ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ မြို့ပြနှင့် ကျေးရွာနေ လူထု တို့က ၎င်းတို့အပေါ် လွဲမှားသော အမြင်များရှိလာပြီး ကျောင်း၊ အလုပ်ခွင်နှင့် ပွဲလမ်း သဘင်များတွင် ခွဲခြားဆက်ဆံ၊ လှောင် ပြောင်ခြင်းနှင့် ကိုယ်ထိ လက်ရောက် အကြမ်းဖက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခံရခြင်း၊ ၎င်းတို့ အပေါ် ယုံကြည်မှု အားနည်းလာပြီး စီးပွားရေး လုပ်ငန်းများတွင် အတူ လက်တွဲလုပ်ရန် ငြင်းဆန်ခံရခြင်းတို့ တွေ့ကြုံခံစားရ လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရုပ်ရှင်က ရုပ်ရှင်လိုပဲ ကြည့်ပါ။ အနုပညာက အနုပညာလိုပဲ ခံစားပါလို့ ဘယ်လိုပဲ ပြောပြော အဲဒီ ရိုက်ခတ်မှုတွေက အပြင်မှာ နှုတ်နဲ့ စော်ကားခံရမှုတွေ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုတွေ ကြုံတွေ့ခံစားရပါတယ်” ဟု LGBT အရေးတက်ကြွ လှုပ်ရှားသူ မဟန်နီ က ပြောသည်။
ဆက်လက်၍ ၎င်းက အမျိုးသမီးမှ အမျိုးသားကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်သူများကို ပတ်ဝန်းကျင်၊ မိသားစု အသိုင်းအ ဝိုင်းက အတင်း အဓမ္မ အိမ်ထောင်ပြုပေးခြင်း ဟူသည့် သွတ်သွင်းမှုများ၊ မိန်းကလေးက မိန်းကလေးကဲ့သို့ မနေဘဲ အမျိုး သားများနှင့် တန်းတူနေသောကြောင့် ဗိုက်ကြီးလာမည် ဟူသော နှုတ်ဖြင့် စော်ကားမှုများကို ခံရကြောင်း ရှင်းပြသည်။
မဟန်နီက “ကျမတို့ LGBT တွေဟာ အမြဲတမ်း ချစ်မှုရေးရာ တခုတည်းမှာ အချိန်ကုန်ဆုံးနေတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ အသက်ရှင် ရပ်တည်နေထိုင်တဲ့ ဘဝတွေ၊ စီးပွားရေး၊ လူမှုရေး ပညာရေးတွေ ရှိတယ်။ ကျမတို့ရဲ့ တကယ့် ဖြစ်တည်မှုအ ပေါ်တွေမှာပဲ ခံစား သက်ဝင်ပေးပါ။ ကျမတို့ရဲ့ ဘဝတွေကို ထူးထွေပြီး အခွင့်အရေးတွေ ပေးနေစရာ မလိုပါဘူး။ သူများနဲ့ တန်းတူ အခွင့်အရေးတွေ ပေးပြီး လူသားဆန်တဲ့ ချစ်ခြင်း မေတ္တာနဲ့ပဲ ကြည့်ပေးပါလို့ မေတ္တာ ရပ်ခံပါတယ်” ဟု ဆိုသည်။
ယင်း သတင်းစာ ရှင်းလင်းပွဲပြီးလျှင် LGBT ဘဝများကို လှောင်ပြောင် တင်ဆက်မှုများ ရပ်တန့်ပေးရန်အတွက် ကောက်ခံ ထားသော အလွှာစုံမှလက်မှတ်များကို စုစည်းကာ ရုပ်ရှင် ဆင်ဆာ အဖွဲ့ကို ပေးပို့သွားမည် ဖြစ်ကြောင်း၊ ရုပ်ရှင် ဆင်ဆာ ဘုတ် အဖွဲ့တွင် LGBT ကိုယ်စားပြုများ ပါဝင်ခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရှင်းသန့်က ပြောသည်။
“ရုပ်ရှင် ဆင်ဆာအဖွဲ့မှာ LGBT တွေ ပါဝင်ပြီး ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ဖန်တီးထားတဲ့ ဟာတွေကို ကျမတို့ကိုယ်တိုင် ဆင် ဆာဘုတ် အဖွဲ့ဝင် အနေနဲ့ ထိုင်ကြည့်မယ်။ အဲဒီဇာတ်ကားတွေက LGBT တွေရဲ့ ဖြစ်တည်မှု ဂုဏ်သိက္ခာကို မလေး စား ဘူး။ ပေးတဲ့ Message တွေက မှားနေတယ်။ အဓိပ္ပာယ် မရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက် ကျောရိုးနောက်ခံ ထားတယ် ဆိုရင် ဆင်ဆာဘုတ် အဖွဲ့ကို ဆက်လက် ပန်ကြားမယ်။ ဒါကို ခွင့်မပြုဘူး ဆိုတာမျိုး ဆက်လုပ်သွားမယ်”ဟု ၎င်းက ရှင်းပြသည်။
LGBTIQ များကလည်း မိမိတို့၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များကြောင့် မိမိတို့၏ အသိုက်အဝန်း ဂုဏ် မပျက် စေရန် နှင့် လေးစားမှု ရှိစေရန်အတွက် ပြုမူနေထိုင်ကြရန် တိုက်တွန်း နှိုးဆော်သကဲ့သို့ အသိပညာ ပေးမှုများလည်း ပြု လုပ်သွားမည် ဖြစ်ကြောင်း ရှင်းသန့်က ပြောသည်။
အဆိုပါ LGBTIQ တို့၏ ကြေညာချက်တွင် ရုပ်ရှင် ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ ဝတ္ထုု၊ ဇာတ်ညွှန်းရေး ဆရာများ၊ ရုပ် ရှင်သရုပ်ဆောင်များ၊ ရုပ်ရှင် ဆင်ဆာအဖွဲ့နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တို့ကို အကျိုးစီးပွားအတွက် ရုပ်ရှင်၊ ဗီဒီယို များ ဖန်တီးရာတွင် LGBTIQ များ၊ မသန်စွမ်းများ၏ လူ့ဂုဏ်သိက္ခာနှင့် ဖြစ်တည်မှုကို မလေးစားသော၊ လွတ်လပ်စွာ ကိုး ကွယ် ယုံကြည်မှုကို ပြက်ရယ်ပြုသော ဇာတ်လမ်း ဇာတ်ကွက်များ မဖန်တီးရန်၊ မရိုက်ကူးရန်၊ ခွင့်မပြုပေးရန် တောင်းဆို အကြံပြုထားသည်။