Women & Gender

ဒေသငြိမ်းချမ်းရေးမျှော်လင့်နေသည့် ရှမ်းမြောက်စစ်ရှောင်အမျိုးသမီးများ

Want create site? Find Free WordPress Themes and plugins.

“ ဘယ်နေ့မှာ သေမှာလဲ။ ဘယ်နေ့မှာ ကျမမိုင်းနင်းမိမှာလဲ” ဆိုသည့် စိုးရိမ်ပူပန်သောကများနှင့် အသက်ရှင်နေရသူများကတော့ ရှမ်းပြည်မြောက်ပိုင်းက အမျိုးသမီးများဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲ၊ မြန်မာ့တပ်မတော်နှင့်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ နေရာအနှံ့ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ယနေ့အထိပင် ဖြစ်သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် လက်မှတ်မထိုးသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ကြသလို TNLA နှင့် မြန်မာ့တပ်မတော်တို့လည်း တိုက်ပွဲများဖြစ်နေသည်။

ထိုသို့တိုက်ပွဲများမကြာခဏဖြစ်ပွားမှုကြောင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် အသက်အရွယ်ကြီးသူများမှာ “ဘယ်အချိန်သေကြရမလဲ၊ ဘယ်အချိန်မိုင်းနင်းမိမလဲ” ဆိုသည့် စိုးရိမ်ပူပန်မှုများ ကိုယ်စီရှိနေကြောင်း ရှမ်းပြည် မြောက်ပိုင်း နားမခေါ်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် နန်းလောဝ်က ဝမ်းနည်းစွာဖြင့် ပြောပြသည်။

နန်းလောဝ်က “ ကျမဒီတနှစ်အတွင်းမှာ စစ်ဘေးရှောင်ရတာ ၆ ကြိမ်ရှိပြီ။ စစ်ဖြစ်ရင် ပြေးလိုက်၊ စစ်နားရင် လယ်ပြန်လုပ်လိုက်။ ဘယ်နေ့ဘာဖြစ်မလဲဆိုတာ မသိတော့ဘူး” ဟု ပြောပြသည်။

တိုက်ပွဲဖြစ်မည့်အချိန်ကို ကြိုတင်မသိရှိရသဖြင့် တချို့ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် မွေးကင်းစ ကလေးများနှင့် မိခင်များလည်း အခက်အခဲများစွာ ရှိသည်ဟု နန်းလောဝ်က ဆက်ပြောသည်။

“ ကျမတို့ ၅ ကြိမ်မြောက် စစ်ဘေးရှောင်တုန်းကဆိုရင် မွေးကင်းစလသားလေးပါလာတယ်။ နောက်ကိုယ်ဝန်ဆောင်လည်းပါတယ်။ ၈ နာရီလောက် လမ်းလျှောက်လာရပြီး ကလေးက လေစိမ်းမိပြီးဖျားတော့ အရေးပေါ် ဆေးရုံတင်လိုက်ရတယ်” ဟု နန်းလောဝ်က ပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရှမ်းလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နားမခေါ်ကျေးရွာတွင် နေရပ်စွန့်ခွာတိမ်းရှောင်သူ ၅ ထောင်နီးပါးရှိကာ၊ တိုက်ပွဲများရပ်တန့်ဖို့ သက်ဆိုင်ရာကို လက်မှတ်ရေးထိုးတင်ပြကြသော်လည်း လက်ရှိအခြေအနေထိ စစ်ရေးတင်းမာနေဆဲဟု နားမခေါ် စစ်ဘေးရှောင် အမျိုးသမီးများက ဆိုကြသည်။

“ တိုက်ပွဲတွေကြောင့် ကျမတို့ဒုက္ခရောက်ရတယ်။ အလုပ်လည်း မလုပ်နိုင်၊ ကလေးတွေလည်း စာကောင်းကောင်း မသင်နိုင်၊ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲဆိုတာပဲ ခေါင်းထဲမှာ အမြဲရှိနေတယ်” ဟု သီပေါမြို့မှ စစ်ဘေးရှောင်တဦး ဖြစ်သူ နန်းအီကလည်း ပြောသည်။

တိုက်ပွဲဖြစ်ပွားပါက အဓိကဒုက္ခရောက်ရသူများမှာ ကလေးမိခင်များ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများဖြစ်သောကြောင့်၊ တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်စေလိုသည်ဟုလည်း နန်းအီက ဆက်ပြောသည်။

“ စစ်ဘေးရှောင်မှာ မွေးလူနာအရေးပေါ်တင်ရတာတွေရှိတယ်။ စစ်အေးရင် နေရပ်ပြန် အလုပ်လုပ်၊ အဓိက ဒုက္ခရောက်တာ ကလေးအမေတွေပါ။ ရုတ်တရက်ထလာရတော့ ကလေးတွေလည်း တော်တော်များများ ဒုက္ခရောက်တယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် လယ်ယာစိုက်ပျိုးရေးများ မလုပ်နိုင်သဖြင့် ဝင်ငွေလည်း မရှိကြောင်း၊ ထွက်ငွေသာရှိသဖြင့် မိသားစုရှေ့ရေး၊ စားဝတ်နေရေးတို့အတွက် စဉ်းစားလျှင် စိတ်ဓာတ်ကျနေကြကြောင်းလည်း နန်းအီက ဆိုသည်။

တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်ကိုလည်း အလွန်ပင် ရှက်မိကြောင်း ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှ စစ်ဘေးရှောင် အမျိုးသမီးများက ပြောဆိုကြသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အစောပိုင်းကာလများတွင် ရှမ်းပြည်မြောက်ပိုင်းဒေသရှိ အမျိုးသမီးများသည် မိမိတို့လယ် ယာလုပ်ငန်းနှင့် ကလေးငယ်များ၏ပညာရေးကိုသာ နေ့တဓူဝ စဉ်းစားလုပ်ဆောင်ကြရပြီး စိတ်ချမ်းသာစွာဖြင့် ဘဝကို ဖြတ်သန်းခဲ့ကြသည်။

ထိုအချိန်က မြန်မာ့တပ်မတော်အပါအဝင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမျှ ကြောက်ရွံ့စရာမလိုဘဲ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရသလို ခြိမ်းခြောက်ခံရမှုများလည်း မရှိခဲ့ပါ။

သို့သော် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံနှင့် မြန်မာ့တပ်မတော်စစ်ကြောင်းတို့ ဒေသတွင်း လှုပ်ရှားလာကြကာ စစ်ရေးတင်းမာလာကြပြီး ဒေသခံအမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်းရှိလာသည်ဟု ရှမ်းပြည်နယ်တွင် လှုပ်ရှားနေသည့်အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုသည်။

“ ကျမတို့စစ်ရှောင်စခန်းမှာ နေထိုင်တဲ့သူတွေ နေ့စားလိုက်တဲ့အခါ လမ်းမှာစစ်တပ်နဲ့တွေ့ရင် ခြိမ်းခြောက်ခံရတယ်။ တောထဲ ထင်းရှာရင် ဟင်းရှာရင် မလုံခြုံဘူး။ စစ်တပ်တွေနဲ့ တွေ့မှာကို ကြောက်ကြတယ်” ဟု ကွတ်ခိုင်မြို့နယ်၊ ပန်ကူးကျေးရွာ စစ်ရှောင်စခန်းတွင် နေထိုင်သူ လွေးအေးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တပ်များ သွားလာလှုပ်ရှားမှု ရှိနေသဖြင့် စခန်းထဲတွင်နေထိုင်သည့် ဆယ်ကျော်သက် မိန်းကလေးငယ်များမှာလည်း အကြမ်းဖက်ခံရမည်ကို စိုးရိမ်ပြီး ကျောင်းထွက်ကြရကြောင်း လွေးအေးက ပြောသည်။

“ နေရာအနှံ့မှာ တပ်တွေရှိနေတော့ အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိဘူးလေ။ ဆယ်ကျော်သက်တွေဆို ပိုစိုးရိမ် ပြီး မိဘတွေကိုယ်တိုင်က မိန်းကလေးတွေကို ကျောင်းမလွှတ်တော့ဘူး” ဟု စစ်ရှောင်စခန်းမှ အခြေအနေများကို ပြောပြသည်။

ပဋိပက္ခနယ်မြေအတွင်း အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ဓားစာခံပြုလုပ်ကာ အတင်းအဓမ္မခေါ်ဆောင်သွားမှုများ လည်း ရှိခဲ့သည်။

စစ်ပွဲဖြစ်သည့်အခါ ယောက်ျားများက ပေါ်တာဆွဲခံရမည်ကို စိုးရိမ်ပြီး ကြိုတင်ပုန်းရှောင်ကြသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များသာ ရွာတွင်ကျန်ရစ်ခဲ့ကာ လက်နက်ကိုင်တပ်ဖွဲ့များကို ထမင်းဟင်းများ သွားရောက်ချက်ပြုတ်ပေးရသည်များလည်းရှိကြောင်း နန်းမီးက ကြုံတွေ့ရသည်များကို ပြောပြသည်။

“ အမျိုးသားတွေ မရှိရင် အမျိုးသမီးတွေကို ခေါ်ခိုင်းတာတွေ ရှိတယ်။ ထမင်းချက်ခိုင်းတယ်၊ လမ်းပြခိုင်းတယ်။ အမျိုးသမီးတွေလည်း ကြောက်ကြောက်နဲ့သွားရတယ်။ ဒါလည်း အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပဲ” ဟု နန်းမီးက ပြောသည်။

ပဋိပက္ခနယ်မြေတွင် နေထိုင်နေကြသည့် အမျိုးသမီးများမှာ မကြာခဏစစ်ပြေးနေရသည့်အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ရကာ စိတ်ကျရောဂါများ ခံစားနေကြရသည်ဟုလည်း သိရသည်။

“ စစ်ပွဲတွေ ခဏခဏရှောင်ရ၊ ပြေးရ၊ ပြန်လာရဆိုတော့ စိတ်ရှုပ်ကြတယ်။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် မရှောင်ဘဲနေလိုက်တော့မယ်ဆိုတဲ့ အတွေးတွေတောင် ဖြစ်ကြတယ်” ဟု နန်းမီးက ဆိုပြန်သည်။

“ မိခင်တွေဘဝက အချိန်တိုင်း အစစအရာရာကို တွေးပူနေရတယ်။ ကိုယ့်ယောကျ်ားကို ဘယ်အဖွဲ့က ဘယ်အချိန် လာခေါ်မလဲ။ ကိုယ့်ကလေးပညာရေးက ဘယ်လိုဖြစ်နေပြီလဲ။ ဘယ်အချိန်စစ်ဖြစ်မလဲ။ စစ်ဖြစ်ရင် ဘာတွေ သယ်ပြေးရမလဲဆိုတဲ့ ပူပန်မှုတွေနဲ့ ပြောမပြတတ်အောင်ပါပဲ” ဟု နန်းမီးက သူမခံစားချက်ကို ပြောသည်။

စစ်ပဋိပက္ခများ ဖြစ်ပွားမည်ဆိုပါ အမျိုးသမီးများနှင့် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ရှောင်ရှားကြစေလိုကြောင်း စစ်ရှောင်အမျိုးသမီးတွေက ပြောဆိုကြသည်။

“နယ်မြေလုတာတွေ တိုက်ပွဲဖြစ်တာတွေက ကျမတို့ဝင်ပြီး ဖျန်ဖြေလို့မရဘူး။ ကျမအနေနဲ့တော့ ပြည်သူတွေကို မထိခိုက်စေချင်ဘူး။ တခါတလေ သူတို့တိုက်ပွဲရှုံးရင်လည်း ရွာသားတွေကို လာပြီးတော့ မဲတဲ့အပိုင်းတွေရှိတယ်။ ဘယ်သူရှုံးရှုံးနိုင်နိုင် ကျမတို့ကတော့ အရပ်သားတွေကို မထိခိုက်ဖို့ပဲ ပြောချင်တယ်” ဟုလည်း နန်းမီးက လက်နက်ကိုင်အဖွဲ့များကို ရည်ရွယ်ပြောဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းဒေသရှိ အမျိုးသမီးများသည် တောင်ယာစိုက်ပျိုးခြင်းဖြင့် ဘဝကို အေးအေးချမ်းချမ်းရပ်တည် နေထိုင်ကြသဖြင့် စစ်ပွဲများမဖြစ်မီက စားဝတ်နေရေး မခက်ခဲသော်လည်း ယခုနောက်ပိုင်း တိုက်ပွဲများကြောင့် အလုပ်လက်မဲ့ဘဝနှင့် ကျီးလန့်စာစားဖြစ်နေရသည်။

တိုက်ပွဲများကြောင့် ဒေသဖွံ့ဖြိုးရေး နှောင့်နှေးလာသကဲ့သို့ အမျိုးသမီးများ၏ ဘဝလုံခြုံရေးမှာလည်း အလွန်ဆိုးဝါး လာသဖြင့် ကိုယ့်လူမျိုးအချင်းချင်း တိုက်နေသောတိုက်ပွဲများ အရင်ဆုံးရပ်တန့်ရန် စစ်ဘေးရှောင် အမျိုးသမီးထု က တောင်းဆိုလိုက်သည်။

စစ်ပွဲများကြောင့် မကြာခဏ အထိတ်တလန့်နှင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် လက်ရှိဘဝတွင် လွတ်လပ်မှုမရှိ၊ အေးချမ်းမှု မရှိဘဲ နည်းမျိုးစုံ အကြမ်းဖက်ခံရမှုများနှင့်လည်း အချိန်မရွေးရင်ဆိုင်ရနိုင်ပြီး လူ့ဘဝတွင် အသက်မရှင်ချင်တော့သည့်အဆင့်ဖြစ်နေကြပြီဟုလည်း နန်းလောဝ်တယောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။

“ကျမတို့ စစ်မြေပြင်မှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေက ဘာအခွင့်အရေးတွေမှ မသိဘူး။ တနေ့တနေ့ အသက် ဆုံးရှုံ့းသွားမှာကိုပဲ စိုးရိမ်နေကြရပေမယ့် တခါတလေတော့ ဘာမှမကြောက်နေချင်တော့ဘူး၊ ဖြစ်ချင်ရာဖြစ်ပဲ” လို့ သူက ပြောသည်။

စစ်ဘေးရှောင်အမျိုးသမီးများ၊ ဒေသခံများသည် စစ်ကြောင့် ဒုက္ခရောက်နေရသည်ကို မုန်းတီးနေပြီး စစ်ကြောင့် ရှောင်ပြေးနေရသည်ကိုလည်း ညည်းငွေ့နေကြပြီဖြစ်သည်။ ကြားခံ မြေဇာပင် ဘဝများမှ လွတ်မြောက်ချင်ကြပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းလိုသည့် ဆန္ဒများဖြင့် တနေ့တွင် ရရှိလာနိုင်မည်ဟု ယုံကြည်နေကြသည့် ငြိမ်းချမ်းသည့် အနာဂတ်ကို စိတ်ကူးတွင် ပုံဖော်နေကြဆဲဖြစ်သည်။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ စီစဉ်လုပ်ဆောင်သည့် HI news- Honest Information မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading