Women & Gender

ကျား/မ တန်းတူညီမျှရေးလှုပ်ရှားသူများအတွက် ချန်ပီယံဆု ချီးမြှင့်မည်

ကျား/မ ရေးရာ တန်းတူ ညီမျှရေး ကွန်ရက် (Gender Equality Network –GEN) သည် မြန်မာနိုင်ငံတွင် ကျား/မရေးရာ တန်းညီမျှရေး လှုပ်ရှား ဆောင်ရွက်သူများ အတွက် “Champion for Gender Equality Award” ရွေးချယ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့် စနေနေ့ (မတ်လ ၉ ရက်) တွင် မဟာဗန္ဓုလ ပန်းခြံ အတွင်း ညနေ ၄ နာရီမှ ၆ နာရီခွဲထိ ပြုလုပ်မည့် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား၌ ရွေးချယ်ခံရသည့် ဆုရရှိသူ/အဖွဲ့အစည်းကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း အပြည် ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေး လုပ်ငန်း အဖွဲ့ဝင် တဦးဖြစ်သူ မရည်မွန်ဦးက ဧရာဝတီကို ပြောသည်။

အဆိုပါ ဆုကို ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီး အခွင့်အရေးများ တိုးတက်လာစေရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု၊ အောင်မြင်မှုများကို အသိအမှတ်ပြု လေးစား ဂုဏ်ပြုသည့် အနေဖြင့် ရွေးချယ်ပေးအပ်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

မရည်မွန်ဦးက “မြန်မာနိုင်ငံမှာ ကျားမ ရေးရာ တန်းတူ ညီမျှရေး အတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရော ပုဂ္ဂိုလ် တွေရော အများကြီး ရှိတယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုဖို့ ဒီဆုကို ရွေးချယ် ပေးအပ်တာပေါ့။ သူတို့က ဆုရချင်လို့ လုပ်တာ မဟုတ်ဘဲနဲ့ ဆုရတဲ့အခါ သူတို့အတွက် အသိအမှတ်ပြုမှု တခု ဖြစ်သွားစေချင်လို့ပါ” ဟု ဆိုသည်။

GEN အနေဖြင့် Champion for Gender Equality Award ကို ၂၀၁၉ မှစ၍ နှစ်စဉ် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပြီး ယခု နှစ်အတွက် အဖွဲ့အစည်း တခု သို့မဟုတ် လူပုဂ္ဂိုလ် တဦးအား ရွေးချယ် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဆု အတွက် အမည်တင်သွင်း ခံရသည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများကို အများ ပြည်သူ သိရှိစေရန် မျှဝေပြီး မတ် ၁ ရက်မှ ၇ ရက် အတွင်း အွန်လိုင်းမှ မဲပေးမှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ မဲ အများဆုံး ရရှိသူ ၃ ဦး/ အဖွဲ့ အမည်ကို နယ်ပယ် အသီးသီးမှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် ဆုရွေးချယ်ရေး ကော်မတီဝင် ဂျူရီ လူကြီးများထံ တင်ပြ သွားပြီးနောက် ၎င်းတို့က ရွေးချယ်ပေးမည် ဖြစ်သည်။

စနေနေ့တွင် ပြုလုပ်မည့် အခမ်းအနားကို GEN အပါအဝင် မြန်မာ နိုင်ငံရှိ ကျား/မရေးရာ တန်းတူညီမျှရေး လှုပ်ရှား ဆောင် ရွက်နေသည့် အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားတွင် ဆောင်ပုဒ် သတင်းစကားများဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း၊ ဉာဏ်စမ်း မေးခွန်းများ၊ တေးသီချင်းများ၊ သရုပ်ဖော် ဇာတ်လမ်းတိုများ၊ ပြခန်းများနှင့် လူထု အသိ ပညာပေး လှုပ်ရှားမှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“ကျားမ ရေးရာ တန်းတူညီမျှရေး အတွက် လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချင်တဲ့ မည်သူကိုမဆို အားလုံးကို ပါဝင်စေချင်ပါ တယ်” ဟု မရည်မွန်းဦးက တိုက်တွန်းသည်။

ယခုနှစ် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် ဆောင်ပုဒ်သည် “လူမှုဘဝ ပို ကောင်းဖို့ ဟန်ချက် ညီညီ လုပ်ဆောင်စို့” ဟု ညွှန်းဆိုထားသည်။

အခြားသော အမျိုးသမီး အရေး လှုပ်ရှားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနားကို ပုံစံ မျိုးစုံဖြင့် ကျင်းပပြုလုပ်ကြမည် ဖြစ်သည်။

Loading