အသက် ၁၈ နှစ်ပြည့်မှ အမျိုးသားနှင့် အမျိုးသမီး ထိမ်းမြား လက်ထပ်ခွင့် ပါဝင်သည့် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ် ဥပဒေအား ဥပဒေ ပြုပြီးနောက် စိစစ်ခြင်း အစီရင်ခံစာကို အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် က လေးသူငယ် အခွင့်အရေး ဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဒေါက်တာ ဝင်းမင်းချစ်က လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရာ လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။
မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် လွှတ်တော် အမျိုးသမီးနှင့် ကလေး သူငယ် အခွင့်အရေး ဆိုင်ရာကော်မတီ၏ ၁၉၉၃ ခုနှစ်၊ ကလေးသူငယ် ဥပဒေအား ဥပဒေပြုပြီးနောက် စိစစ်ခြင်း အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ အပေါ် ကော်မတီ၏ သုံးသပ်ချက်များမှာ ကလေးသူငယ်၏ အသက်နှင့် လက်ထပ် ထိမ်းမြား နိုင်သည့် အသက်အရွယ် သတ်မှတ်ချက်အား ၁၈ နှစ်သို့ ပြောင်းလဲ သတ်မှတ် ပြင်ဆင်ရန်၊ ခွဲခြားမှု မရှိခြင်းဆိုသည့် အဓိပ္ပာယ်အား ကလေးသူငယ်ကို အကြမ်းဖက်ခြင်းနှင့် ညှဉ်းပမ်း နှိပ်စက်ခြင်း ဆိုသည်ကို ပိုမိုပြည့်စုံစွာ အဓိပ္ပာယ် ဖွင့်ဆိုရန်၊ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲ ခံရသော ကလေး သူငယ်၏ အသက်ကို အပြည်ပြည် ဆိုင်ရာ စံနှုန်း အတိုင်း အသက် ၇ နှစ်မှ အသက် ၁၂ နှစ်သို့ တိုးမြှင့် သတ်မှတ်ရန် အစရှိသည်များကို ပြင်ဆင်ရေးဆွဲခဲ့ ခြင်း ဖြစ်သည်ဟု ဒေါက်တာ ဝင်းမင်းချစ်က ဆိုသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၁ မှ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်က “ ဒီဟာ မှတ်တမ်းတင်တာက အဆိုတင်သွင်းတာ မဟုတ်ဘူး။ သူတို့ ကော်မတီ ရဲ့ လေ့လာတွေ့ရှိချက်ကို ဒီဥပဒေ ပြင်ဆင်တဲ့ အခါမှာ ဒါတွေကို ထည့်သွင်း စဉ်းစား နိုင်ဖို့ တင်တာ။ လွှတ်တော် ကိုယ်စားလှယ် သိအောင်ပဲ တင်တာပါ” ဟု ဧရာဝတီ သို့ ပြောသည်။
အမျိုးသားလွှတ်တော်တွင် ကော်မတီပေါင်း ၁၆ ခု ခန့် ရှိကြောင်း၊ အဆိုပါ ကော်မတီများမှ လည်း ထို့ကဲ့သို့ သက်ဆိုင်ရာ အလိုက် ဥပဒေ များ ပြင်ဆင်၍ လွှတ်တော်သို့ အစီရင်ခံစာ အနေဖြင့် တင်သွင်းမှုများရှိကြောင်း၊ လွှတ်တော် နှစ်ရပ် အငြင်းပွားနေသည့် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ကြမ်းပါ ထိမ်းမြားလက်ထပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေအား ဥပဒေပြုပြီးနောက် စိစစ်ခြင်း အစီရင်ခံစာကို ပထမ အဆင့်နေဖြင့် အစီရင်ခံတင်သွင်းခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်က ရှင်းပြသည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က “ ဒီဥပဒေကိုအစီရင်ခံစာ အနေနဲ့ ကနဦး အစီအစဉ် ပေါ့ ။ ဒီထဲမှာ ဆောင်ရွက်ချက်၊ တွေ့ရှိချက်များ၊ သုံးသပ် အကြံပြုချက်များကို လွှတ်တော်ကို အစီရင်ခံစာ အနေနဲ့ တင်ပြတာ ဖြစ် ပါတယ်” ဆိုသည်။
၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေသည် ပြန်လည် ပြင်ဆင်ရေးဆွဲရန် လိုအပ်သည့် ဥပဒေ တရပ်ဖြစ်ကြောင်း၊ ပြင်ဆင်ရေးဆွဲထားသော ဥပဒေသည် ကလေးသူငယ် အခွင့်အရေး ဥပဒေ၏ သုံးသပ်ချက်များနှင့် ဌာနဆိုင်ရာ အပါအဝင် ဆက်စပ် ပတ်သက်နေသည့် အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ထည့်သွင်းကာ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွား အတွက် ( the best interest of the child ) ရည်မှန်း၍ ရေးဆွဲရန် လိုအပ်ကြောင်း သိရသည်။
လူမျိုးစု နှင့် ဓလေ့ထုံးစံ ကျင့်သုံးမှုများ အလိုက် ကွဲပြားခြင်း ရှိနေသည့် အတွက် ကလေးသူငယ်၏ ဘက်စုံ ဖွံ့ဖြိုးမှုအား ထိခိုက်စေသော ကျင့်သုံးမှုများကို ပယ်ဖျက်ရန် လိုအပ်ကြောင်း၊ ဥပဒေ ကျင့်သုံးမှုများ ပိုမို ကောင်းမွန်စေရန် ကော်မတီ အဆင့်ဆင့်၏ ဖွံ့စည်းပုံ၊ ဘဏ္ဍာငွေ အစီအမံများ ပါဝင်သော အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ပြင်ဆင် ပြဌာန်းသည့် ဥပဒေအား သုံး သပ်ခြင်းတို့ ပါဝင်စေရန်လည်း အရေးကြီးကြောင်း ဒေါက်တာ ဝင်းမင်းချစ်က ဆိုသည်။
အသစ်ပြင်ဆင်ရေးဆွဲနေသည့် ကလေးသူငယ်ဥပဒေကြမ်းပါ ထိမ်းမြားခွင့်အသက် ထည့်သွင်းခြင်း၊ မထည့်သွင်းခြင်းကိုမူ လွှတ်တော် နှစ်ရပ်အကြား အငြင်းပွားဆဲပင်ဖြစ်သည်။