Women & Gender

သုံးတောင်ဝတ် အားမငယ်သူများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ လူ့ဘောင်လောကအတွက် ပါဝင်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ နှစ်တနှစ်ရဲ့ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားပါတယ်။

အဲဒီနေ့မှာဆိုရင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ အမျိုးသမီးရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ စကား ဝိုင်း ဆွေးနွေးပွဲတွေ၊ သရုပ်ဖော် တင်ဆက်မှုတွေနဲ့ အခမ်းအနားတွေ ကျင်းပကြသလို အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အ ခက်အခဲတွေ၊ အမျိုးသမီး အခွင့်အရေး ရရှိမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေ ရေးဆွဲလေ့ ရှိကြပါတယ်။

ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ “လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီ လုပ် ဆောင်စို့” “Better the balance, better the world” ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုရင်း ၂၀၁၉ ခုနှစ် အတွင်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့မှုတွေကြောင့် အသိအမှတ်ပြု ချီးမြှင့်ခံရတဲ့ မြန်မာ အမျိုးသမီးတွေကို ဧရာဝတီက ရွေးချယ် တင်ပြလိုက်ပါတယ်။

သူရဲကောင်း ရွှေဖလားဆု ရရှိခဲ့တဲ့ လက်ရွေးစင် အမျိုးသမီးအသင်း

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Hero Gold Cup 2019 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ မှာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ဆိုပေမယ့် ဒါဟာ ၂၀၁၉ နှစ်ဦးမှာပဲ အောင်မြင်မှုနဲ့ စဖွင့်လိုက်တယ်လို့ ပြောနိုင်သလို အောင်ပွဲ တွေ ငတ်မွတ်နေတဲ့ မြန်မာ ဘောလုံး ပရိသတ် အတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်စရာ သတင်း ကောင်းတခု ဖြစ်စေခဲ့ပါ တယ်။

ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းမှာ အိန္ဒိယနိုင်ငံကနေ ရန်ကုန် လေဆိပ်ကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကို တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာ နီပေါ၊ အီရန်၊ အိန္ဒိယ အသင်းတို့နဲ့ အုပ်စုပွဲစဉ် တွေ အားလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ပြိုင်ဘက် နီပေါအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံ ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆုဖလားနဲ့အတူ အသန့်ရှင်းဆုံးဆု (Fair Play Award)၊ အကောင်းဆုံး ဘောလုံးသမားဆု (Hero Most Valuable Player) ကို ဝင်းသိင်္ဂီထွန်း၊ အကောင်းဆုံး ဂိုးသမားဆု (Best Goalkeeper Award)ကို ဇာဇာမြင့်၊ ပြိုင်ပွဲတလျှောက် ဂိုး အများဆုံး သွင်းယူသူဆု (Top Goal Scorer Award) ကို ၄ ဂိုးစီ သွင်းယူခဲ့ကြတဲ့ မြန်မာအသင်းက ရီရီဦးနဲ့ နီပေါအသင်း က Sabitra တို့ ပူးတွဲရရှိခဲ့ပြီး ဆုတံဆိပ် အားလုံးနီးပါးကို သိမ်းယူနိုင်ခဲ့ပါတယ်။

ချန်ပီယံ ရွှေတံဆု ရရှိခဲ့တဲ့ မြန်မာအမျိုးသမီး အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နာယက၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ကျပ်သိန်း ၂၀၀၊ MFF ဥက္ကဋ္ဌ၊ ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၂၀၀၊ အမျိုး သမီး ဘောလုံးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ကျပ်သိန်း ၁၀၀၊ ဦးထွန်းနဲ့ မမို့ (Poe Poe Car Company) က ကျပ် သိန်း ၅၀ စုစုပေါင်း ကျပ်သိန်း ၅၅၀ ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။

နည်းပြချုပ် ဦးဝင်းသူမိုး တာဝန်ယူ ကိုင်တွယ်နေတဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ လာမယ့် ဧပြီလမှာ တို ကျို အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲတွေကို နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှားတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီခြေစစ်ပွဲတွေမှာလည်း အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ Hero Gold Cup 2019 ဆုရှင် မြန်မာ့ လက်ရွေး စင် အမျိုးသမီး အသင်းက ကြွေးကြော်ထားသလို ပရိသတ်တွေကလည်း မျှော်လင့် အားပေးနေကြပါတယ်။

စွန့်ဦးတီထွင် လုပ်ငန်းရှင် ဒေါ်မြတ်ဖူးဝေ

စားသုံးသူတွေ ကိုယ်တိုင် မိမိ ကြိုက်နှစ်သက်တဲ့ ပုံစံအတိုင်း အမျိုးမျိုး ရွေးချယ်ပြင်ဆင် သုံးဆောင်နိုင်တဲ့ ကော်ရည်ခေါက် ဆွဲကို ဒေသထွက် ကော်ဖီတွေနဲ့အတူ ရောင်းချပေးလျက်ရှိတဲ့ NooDi စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မြတ်ဖူးဝေဟာ ၂၀၁၉ ခု အတွက် KBZ Entrepreneur of the Year ဆုကို ရရှိခဲ့ပါတယ်။

ဒီဆုဟာ ပြည်တွင်း ပုဂ္ဂလိကဘဏ် တခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ကနေ ပြည်တွင်း အစားအသောက်နဲ့ အဖျော်ယမကာ လုပ် ငန်းနယ်ပယ်တွေမှာ အောင်မြင်လျက်ရှိတဲ့ ထွန်းသစ်စ လုပ်ငန်းရှင်တွေကို ရှာဖွေ အသိအမှတ်ပြုပေးပြီး သူတို့ရဲ့ ရည်ရွယ် ချက်နဲ့ တိုးချဲ့ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ပံ့ပိုးကူညီပေးဖို့ ရွေးချယ်ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

ဒေါ်မြတ်ဖူးဝေဟာ ကမ္ဘောဇဘဏ်က ပေးအပ်တဲ့ ဆုအတွက် ပဏာမ ရွေးချယ်ခံခဲ့ရတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် ၃ ဦးမှာ ပါဝင်ခဲ့ပြီး Myanmore အွန်လိုင်း ချန်နယ်တွေက တဆင့် မဲပေးစနစ်နဲ့ ရွေးချယ်ရာမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

NooDi စားသောက်ဆိုင်ရဲ့ ရည်မှန်းချက်ကတော့ မြန်မာ့ရိုးရာ ချက်နည်း ပြုတ်နည်းအတိုင်း ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်ဆန်း သစ်ထားတဲ့ မြန်မာအကြိုက် ကော်ရည်ခေါက်ဆွဲ အမျိုးမျိုးနဲ့ ကော်ဖီအမျိုးမျိုးကို ပိုမို နှစ်ခြိုက်စွာ စားသုံးလာအောင် ဆောင် ရွက်သွားဖို့လို့ ဒေါ်မြတ်ဖူးဝေက ပြောပါတယ်။

KBZ Entrepreneur of the Year ဆု ရရှိသွားတဲ့ ဒေါ်မြတ်ဖူးဝေအနေနဲ့ ကမ္ဘောဇဘဏ်က ပေးအပ်မယ့် အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အတွက် ငွေကြေးပံ့ပိုးမှုနဲ့ အကြံဉာဏ်တွေ ရရှိမှာအပြင် ကမ္ဘောဇဘဏ်က သင်ကြားပို့ချပေး မယ့် အထူး Mentoring Programme ကိုလည်း ၆ လ တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

NooDi စားသောက်ဆိုင်ကို ၂၀၁၅ ခု ဒီဇင်ဘာလမှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

International Women of Courage ဆု ရရှိသူ နော်ကညောဖော

ဒီနှစ်အတွက် အမေရိကန်ပြည်ထောင်စုက ပေးအပ်ချီးမြှင့်တဲ့ International Women of Courage (IWOC) ဆုကို ကရင် အမျိုးသမီး အစည်းအရုံး (KWO) က နော်ကညောဖောက ရရှိခဲ့ပါတယ်။

IWOC ဆုကို ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျား/မ တန်းတူညီမျှရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင် ရေးဆိုင်ရာ အထူး တက်ကြွလှုပ်ရှားတဲ့ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေကို ၂၀၀၇ မတ်လကစလို့ အသိအမှတ်ပြု ရွေးချယ် ချီးမြှင့်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှ အမျိုးသမီး ၁၂၀ ကျော်ကို ရွေးချယ်ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီနှစ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ IWOC ဆုကို ရရှိခဲ့တဲ့ နော်ကညောဖောဟာ ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ် ရှားသူ တဦးဖြစ်သလို ကျား/မ တန်းတူညီမျှရေး၊ ဒေသခံ တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေတဲ့ KWO ရဲ့ အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

သူဟာ ၁၉၉၈ မှာ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရမိုးဒုက္ခသည်စခန်းက အထက်တန်းကျောင်းမှာတက်ရောက်ခဲ့ပြီး ဆယ်စုနှစ် များစွာ ကြာရှည်နေတဲ့ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ တိုင်းရင်းသား လူထုအတွက် သူ့ဘဝတလျှောက်လုံး အထောက် အပံ့ ပြုပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၀၄ လောက်ကစလို့ နော်ကညောဖောနဲ့ KWO ဟာ မြန်မာနိုင်ငံ ပဋိပက္ခဒေသအတွင်းက လိင်နဲ့ ကျား/မ ကွဲပြားမှုကို အ ခြေခံတဲ့ အကြမ်းဖက်မှုတွေကို အန္တရာယ်တွေ ကြားကနေ မှတ်တမ်းတင်ခဲ့ကြပြီး လက်ရှိမှာလည်း ကရင်ပြည်နယ်က ပဋိ ပက္ခဒဏ်ခံ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ဘဝတိုးတက်ကောင်မွန်ရေး နေ့စဉ် ဆောင်ရွက်ပေးနေသလို ငြိမ်းချမ်းရေးနဲ့ အရပ်သားအစိုးရ ပေါ်ပေါက်ရေးအတွက် ဆက်လက် လုပ်ဆောင်နေပါတယ်။

ကြက်တောင်အားကစားကို ပြန်လည်ဦးမော့စေခဲ့သူ မသက်ထားသူဇာ

ကြက်တောင်အားကစားမှာ မြန်မာကို ကမ္ဘာ့အလယ် မျက်နှာပန်းလှစေခဲ့ပြီး ရွှေတံဆိပ်ဆု ၂ဆုနဲ့ အိမ်ပြန် လာခဲ့သူ ကတော့ မသက်ထားသူဇာပါ။

မသက်ထားသူဇာဟာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တဦးဖြစ်ပြီး ဖေဖော်ဝါရီလ တွင်းက ယူဂန်ဒါ နိုင်ငံနဲ့ ကင်ညာနိုင်ငံတို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု ၂ခု ရရှိလာခဲ့သူပါ။

ယူဂန်ဒါနိုင်ငံမှာ ကျင်းပတဲ့ ပွဲကတော့ Uganda Inernational 2019 ဖြစ်ပြီး ကင်ညာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပွဲကတော့ Kenya International 2019 တို့ ဖြစ်ပါတယ်။

မသက်ထားသူဇာဟာ ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် တန်းဝင်တဲ့ နိုင်ငံတကာ ကြက်တောင်ကစားသမားတွေနဲ့ ကွာတား၊ ဆီမီး၊ ဖိုင်နယ် အဆင့်ဆင့် ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုတွေကို ရရှိလာ ခဲ့တာပါ။

သူဟာ နိုင်ငံတကာပြိုင်ပွဲပေါင်း ၁၀ ပွဲ ယှဉ်ပြိုင်ဖူးပြီး Egypt International Series 2018 ပြိုင်ပွဲမှာ အမျိုးသမီး တဦးချင်းယှဉ်ပြိုင်မှု ဖိုင်နယ်ပွဲစဉ်မှာ ချန်ပီယံ ပထမဆုနဲ့ အခြားပွဲစဉ်တွေမှာ တတိယဆု ၃ ကြိမ်လည်း ရရှိဖူးပါတယ်။

မသက်ထားသူဇာဟာ ကြက်တောင်အားကစားလောကကို ငယ်စဉ်ကတည်းက လေ့ကျင့်ရင်း ဝင်ရောက် လာသူပါ။ မိဘနှစ်ပါးလုံးကလည်း ကြက်တောင်အားကစားသမားဟောင်းတွေဖြစ်ပါတယ်။

ဖခင်က ၁၉၉၅ ခုနှစ်၊ အရှေ့တောင်အာရှဆီးဂိမ်းမှာ တတိယဆု ရရှိထားတဲ့ လက်ရွေးစင်ဟောင်းပါ။

မသက်ထားသူဇာ ငယ်စဉ်က မိဘနှစ်ပါးနဲ့ အတူ ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည် အခြေချ လာချိန်မှာတော့ ဖခင်ဖြစ်သူက မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှာ နည်းပြအဖြစ် လုပ်ကိုင်ပါတယ်။

သက်ထားသူဇာလည်း ဖခင်နဲ့အတူ ကစားကွင်းကို လိုက်သွားရင်း ဖခင်ဆီက သင်ယူရင်း ကြက်တောင်ရိုက် ရင်းနဲ့ ကြက်တောင်ကစားသမား ဘဝထဲကို ခြေလှမ်း စတင် ဝင်ရောက်ခဲ့တာပါ။

အခုဆိုရင်တော့ အသက် ၁၉ နှစ်သာရှိသေးတဲ့ မသက်ထားသူဇာဟာ မြန်မာ့ဂုဏ်ကို ဆောင်နိုင်တဲ့ ကြက်တောင်အားကစားသမားတဦး အဖြစ် ရပ်တည်နေပါပြီ။

မြန်မာ့အားကစားဟာ နှစ်ပေါင်းအတော်ကြာ နိုင်ငံတကာမှာ နောက်ကျကျန်နေတာပါ။ ကြက်တောင် အားကစား မှာ ဆိုရင် ၁၉၇၉ ခုနှစ်၊ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖိတ်ခေါ်ပြိုင်ပွဲမှာ ဒေါ်မြလေးစိန်က ဒုတိယဆု ရရှိပြီးနောက် ထူးချွန်တဲ့ ကြက်တောင်ကစားသမား အမျိုးသမီးတွေ ပေါ်ထွက်ခဲ့တာ မရှိပါဘူး။

နှစ်ပေါင်း ၄၀ အကြာမှာ မြန်မာ့ကြက်တောင်အားကစား လောကကို တဖန် မျက်နှာပန်းလှစေခဲ့သူဟာ မသက်ထားသူဇာ ဖြစ်ပါတယ်။

သူဟာ ၂၀၂၀ ခုနှစ်၊ ဂျပန်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အိုလံပစ် ပြိုင်ပွဲမှာလည်း ကွာလီဖိုင်း Round အဆင့်ထိ ရိုက်နိုင်အောင် ကြိုးစားသွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

တရားမျှတမှုဘက်က ရပ်တည်သူ ဒေါ်နန်ပူ

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြား အရပ်သား ၂၀၀၀ ကျော် ပိတ်မိနေတုန်းက အရပ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားရင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့ ကချင်အမျိုးသမီး ဒေါ်နန်ပူကို ဥရောပသမဂ္ဂ (EU) က ၂၀၁၉ ခုနှစ်ရဲ့ Schuman Awards 2019 ကို ချီးမြှင့် ပေးထားပါတယ်။

Schuman Awards ဆိုတာကတော့ ဒီမိုကရေစီအရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့် အရေးဆိုင်ရာ လုပ်ငန်းတွေမှာ ကြိုးစားဆောင်ရွက်နေသူတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ EU က ချီးမြှင့်ပေးတဲ့ ဆုတခုပါ။

ဖေဖော်ဝါရီလက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ EU ရဲ့ ဆုပေးပွဲ အခမ်းအနားကိုတော့ ဒေါ်နန်ပူ တက်ရောက် နိုင်ခြင်း မရှိပါဘူး။

တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အရပ်သား ၂၀၀၀ ကျော်ကို ကယ်ခွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လူငယ်တွေကို ဦးဆောင်ရာမှာ တပ်မတော်ကို အကြည်ညိုပျက်စေတဲ့ စကားတွေ ပြောဆိုခဲ့တယ် ဆိုတဲ့ ပုဒ်မတွေနဲ့ တရား စွဲဆို၊ အပြစ်ရှိကြောင်း အမိန့်ချခံခဲ့ရတာကြောင့် ဒေါ်နန်ပူဟာ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ကျခံနေရပါတယ်။

တရားရုံးက ပြစ်ဒဏ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် ချမှတ်ထားပေမယ့် ကချင်လူမှုအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးတတ်ကြွလှုပ်ရှားသူတွေကတော့ ဒေါ်နန်ပူတို့ လုပ်ရပ်ဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထောက်ခံနေကြတာပါတယ်။

ဒေါ်နန်ပူဟာ ကချင်ပြည်နယ်က တိုက်ပွဲတွေကြားမှာပဲ မိဘတွေက စစ်ဘေးရှောင်ရင်း ပြေးရင်း တောထဲမှာ မွေးဖွားကြီးပြင်းလာခဲ့ရတဲ့ ကချင်အမျိုးသမီး တဦးပါ။

သူဟာ အမျိုးသမီးအရေးမှာလည်း တတ်ကြွလှုပ်ရှားသူတဦးဖြစ်သလို ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေအတွက် လှုပ်ရှားတဲ့ မြစ်ကြီးနားမြို့ အခြေစိုက် ထွယ်ဂျန်ဒါ အဖွဲ့အစည်းမှာလည်း ဒါရိုက်တာ တဦးအဖြစ်လည်း တာဝန်ယူထားပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်စခန်းက အမျိုးသမီးတွေအရေး၊ ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှုတွေ နဲ့ နယ်စပ်ကနေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ အရေးကိစ္စတွေမှာလည်း ထွယ်ဂျန်ဒါ အဖွဲ့အစည်းဟာ လိုက်လံ ကူညီနေတာပါ။

ဒေါ်နန်ပူဟာ တရားရုံးက ပေးတဲ့ ပြစ်ဒဏ် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ကျပ် ၅သိန်းကို ဒီဇင်ဘာလ ၇ ရက်က ချမှတ်ခံရတာ ဖြစ်ပါတယ်။

အဆုတ်တီဘီရောဂါ၊ ဆီးချိုရောဂါအခံတို့ ရှိတာကြောင့် ဒေါ်နန်ပူဟာ လက်ရှိမှာတော့ အကျဉ်းထောင်တွင်း ကျန်းမာရေးချို့တဲ့ တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာအနှံ့နေထိုင်ကြတဲ့ ကချင်တွေ စုပေါင်းထားတဲ့ နိုင်ငံတကာ ကချင်ကွန်ဂရက်ကလည်း (WKC) ကချင်လူ့အခွင့်အရေးဆုတခုကို ဒေါ်နန်ပူအား ပေးအပ်ထားပါတယ်။

(ဧရာဝတီမှ အမျိုးသမီး သတင်းထောက်များဖြစ်သည့် နန်းလွင်နှင်းပွင့်နှင့် ဇူးဇူးတို့ ပူးပေါင်း ရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading