အမျိုးသမီးများ အနေဖြင့် ကဏ္ဍ အသီးသီး၌ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန် အတွက် ဆောင်ရွက်သွားမည်ဟု ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ဒု သမ္မတ က “ပြည်ထောင်စု သဘောတူ စာချူပ်တွင် နိုင်ငံရေး ကဏ္ဍ အခြေခံမူ သဘောတူညီချက်၌ ကဏ္ဍ အသီးသီး တွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နေရသည့် နိုင်ငံတွင် အမျိုးသား၊ အမျိုးသမီး အချိုးအစားညီ ပါဝင်မှုမှာလည်း အရေးကြီးသည့် အချက် ဖြစ်ကြောင်း၊ နယ်ပယ် အားလုံးတွင် အမျိုးသမီးများ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရေး အတွက် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ဦးစားပေး လုပ်ငန်း နယ်ပယ် ၁၂ ရပ်ကို အခြေခံ၍ အကောင်အထည် ဖော်ဆောင်လျက် ရှိကြောင်း ဦးဟင်နရီ ဗန်ထီးယူက ပြောဆိုသည်။
ယင်း စီမံကိန်းတွင် အမျိုးသမီး အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဆိုင်ရာ နည်းဥပဒေ လုပ်ငန်း အဖွ့ဲ၊ အမျိုးသမီးများအား နိုင်ငံရေး စီးပွားရေးကဏ္ဍ တွင် ပါဝင် ဆောင်ရွက်ခြင်း ဆိုင်ရာ နည်းဥပဒေ အဖွဲ့၊ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာ ထည့်သွင်း ဆောင်ရွက်ခြင်း ဆိုင်ရာ နည်းပညာ လုပ်ငန်း အဖွဲ့နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ နည်းပညာ လုပ်ငန်း အဖွဲ့ ဟူ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာ အမျိုးသမီး အဖွဲ့များ ကွန်ရက်မှ စီမံကိန်း မန်နေဂျာ နော်ထဲလာရီးလှ ကလည်း ကဏ္ဍတိုင်းတွင် ၃၀ ရာခိုင်နှုန်း ပါဝင်မှု နိုင်ရန် အမျိုးသမီးများ ကိုယ်တိုင် စိတ်ပါဝင်စားမှု လိုအပ်ကြောင်း၊ အရှေ့ကို ထွက်လာရန် တွန်းတိုက်ပြီး တွန်းအားပေးမှသာလျှင် ရှေ့ကို ရောက်လာသည့် အမျိုးသမီးများလည်း ရှိနေကြောင်း၊ အမျိုးသားနှင့် အမျိုးသမီးများ တန်းတူ အခွင့်အရေး ရရှိရန် မိမိနှင့် အနီးစပ်ဆုံး ရှိနေသည့် အမျိုးသားများမှ စ၍ ချိုးနှိမ်ဆက်ဆံသည့် စရိုက်များကို ပြုပြင်ရန် လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “အမျိုးသမီးတွေဟာ အခုထိ ခွဲခြား ဆက်ဆံ ခံနေရတာတွေ ရှိနေသေးတဲ့ အတွက် ဒီလို ကိစ္စတွေကို ဖြေရှင်းပေးဖို့ လုပ်ငန်း တရပ် အနေနဲ့ ဆောင်ရွက်ဖို့ အများကြီး လိုနေသေးတယ်လို့ မြင်ပါတယ်” ဟု သုံးသပ် ပြောဆိုသည်။
မြန်မာနိုင်ငံ အတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ အပြင်၊ စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ၊ နှုတ်ဖြင့် ဖြစ်စေ၊ ကိုယ် အမူအရာဖြင့် ဖြစ်စေ၊ လိင်ပိုင်း ဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်း၊ နှိမ့်ချ စော်ကားသော အသုံးအနှုန်းများဖြင့် အမည်တပ်၍ ခေါ်ဆို ဆက်ဆံခြင်း အစရှိသည်များကို အမျိုးသမီးများမှာ ရင်ဆိုင် ကြုံတွေ့ နေရဆဲ ဖြစ်ကြောင်း သိရသည်။
လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အကြမ်းဖက် ခံနေရသည့် အမျိုးသမီးများအား တနေရာတည်းတွင် ဝန်ဆောင်မှု ပေးရန် အတွက် “One Stop Women Support Center” များကို ရန်ကုန်၊ မန္တလေး ၊ လားရှိုးနှင့် မော်လမြိုင် မြို့တို့တွင် ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ကယားနှင့် ကရင် ပြည်နယ် တို့၌ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
အမျိုးသမီး အရေး ဆောင်ရွက်ပေးနေသူ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုး ကလည်း “အမျိုးသမီး ပါ ဝင်ဖို့ အတွက် ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့် ပြုထားတယ် လို့ ပြောသော်လည်း ဆုံးဖြတ်ချက် ချလို့ ရတဲ့ နေရာလား ဆိုတာက လည်း အရေး ကြီးပါတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍက နေရာတိုင်းမှာ အလွန်နည်းနေ ပါသေးတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ဆွေးနွေးပွဲများ အပြင် မြေပြင်၌ အမှန်တကယ် အကြမ်းဖက် ခံနေရသူများကို လက်တွေ့ ကျကျ ကူညီဖြေရှင်း ပေးခြင်း၊ ဥပဒေပိုင်း ဆိုင်ရာ ကိစ္စများကိုလည်း ထိထိရောက်ရောက် ဖြေရှင်းနိုင်သည့် တရား ဥပဒေ စိုးမိုးသည့် ဥပဒေ တရပ် ပေါ်လာရန်လည်း အရေးကြီးကြောင်း နော်လှလှစိုးက ဆိုသည်။
၁၉၁၁ ခုနှစ် မတ်လက ရုရှားနိုင်ငံရှိ စက်ရုံ မီးလောင်မှုတွင် အမျိုးသမီး ၁၄၆ ယောက် သေဆုံးရာကနေ အမျိုးသမီး အလုပ်သမားများ၏ ကြိုးစား လှုပ်ရှားမှုကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ ကျော် ရှိခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ “ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးလို့ ပြောင်းလဲမှုကို ဖန်တီးစို့” “Think equal, build smart, innovate for change” ဟူ၍ ဖြစ်သည်။
တရား ဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ လူမှု စီးပွားဘဝ တိုးတက်မြင့်မားရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည် တွင်း ငြိမ်းချမ်းရေး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေး တို့အတွက် အခြေခံ အုတ်မြစ် ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည့် နိုငိငံတော် အစိုးရ၏ ရည်မှန်းချက် ပန်းတိုင် ၃ ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် ကျား၊ မ မရွေး အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံ လူဦးရေ ၏ ထက်ဝက်ကျော် ကိုယ်စားပြုသည့် မြန်မာ အမျိုးသမီးထု၏ စွမ်းပကားကို ပိုမို ဖော်ထုတ် အသုံးချသွားရန်ဟု ဒုသမ္မတ က ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်ချိုချို၊ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ INGO, NGO အဖွဲ့အစည်းများနှင့် အမျိုးသမီး ရေးရာ လှုပ်ရှား သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။