ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network – GEN) က ပေးအပ် ချီးမြှင့်သည့် “Champion for Gender Equality Award” ဆုကို မွန်အမျိုးသမီးတဦးဖြစ်သူ မိချယ်ရီစိုးက ရရှိသွားကြောင်း သိရသည်။
အဆိုပါဆုကို ပြီးခဲ့သည့် မတ်လ ၉ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ အခမ်းအနား၌ ရွေးချယ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“အဓိကက လူတွေ သိပ်မသိဘဲနဲ့ ကိုယ့်ရဲ့ ဒေသ၊ နယ်ပယ်မှာ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးတွေ စွမ်းရည် မြင့်မား ရေးတွေနဲ့ ပတ်သက်လို့ လုပ်နေကြတာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ မထင်ပေါ်ဘူး။ သိပ်ပြီး မထင်မရှားဖြစ်နေတဲ့ တကယ်ပဲ ကျား/မ တန်းတူညီမျှရေးအတွက် စွမ်းစွမ်းတမံ လုပ်နေကြတဲ့သူတွေ အဖွဲ့အစည်း တွေကို ဖော်ထုတ်ပြီး ဂုဏ်ပြုချင်တာပါ” ဟု GEN အဖွဲ့၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ ဖော်ထုတ်ပြီး အသိအမှတ်ပြု ဂုဏ်ပြုခြင်းအားဖြင့် ဆုရရှိသူနှင့်အတူ ၎င်း၏ လုပ်ငန်းများအ ပေါ် လူအများက ပိုမို စိတ်ဝင်စား လာခြင်းအားဖြင့် တဖက်တလမ်းမှ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ထို့ အတွက် ဆုပေးရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း၊ ယခုနှစ်သည် ပထမဆုံး အကြိမ်ဖြစ်ပြီး နှစ်စဉ် ပေးအပ်သွားရန်ရှိကြောင်း ရှင်းပြသည်။
ဆုရရှိသူ မိချယ်ရီစိုးက “ကျမ လုပ်တဲ့ အလုပ်ကို အသိအမှတ် ပြုတယ်လို့ ခံစားမိတယ်။ ကိုယ်က မှန်တယ် ထင်တယ်။ ယုံ ကြည်ချက် ထားတယ်။ ရအောင်လည်း လုပ်ဆောင်တယ်။ အဲဒီ လုပ်ဆောင်တဲ့အပေါ်မှာ တခြားသူလည်း အသိအမှတ် ပြု လာတယ်ဆိုရင် ကျမလုပ်ရပ်က ပိုပြီးတော့မှ မှန်တယ်လို့ မြင်လာတယ်။ အဲဒီအတွက်လည်း ပိုပြီးတော့ ကြိုးစားသွားမယ်” ဟု ပြောသည်။
မိချယ်ရီစိုးသည် ၂၀၀၄ မှ စတင်ကာ လူ့အခွင့်အရေးဆိုင်ရာ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး၊ ကျား/မ အခြေပြု အကြမ်းဖက်မှု ကိစ္စရပ်များ၊ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များကို အစဉ်တစိုက် ဆောင်ရွက် ခဲ့ပြီး နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ ပိုမို ပါဝင်လာရေး အတွက်လည်း ပညာပေးမှုများ၊ စည်းရုံးလှုံ့ဆော်များ လုပ်ဆောင်ခဲ့သည်။
အမျိုးသမီးနှင့် ကလေးငယ်များ ကြုံတွေ့နေရသည့် အကြမ်းဖက်မှု သက်ငယ်မုဒိမ်း ကဲ့သို့သော အမှုကိစ္စများတွင် တရား ဥပဒေကို လက်လှမ်းမီ ရရှိနိုင်ရေး၊ တရားရင်ဆိုင်ချိန်တွင် လုံခြုံမှုရှိရေးတို့အတွက် နည်းလမ်းညွှန်ပေးခြင်း၊ ကူညီဆောင် ရွက်ပေးခြင်းတို့ လုပ်ဆောင်ပေးနေသည်ဟုလည်း မိချယ်ရီစိုးက ဧရာဝတီကို ပြောသည်။
လူ့ဘောင် အဖွဲ့အစည်းအတွင်း ကျား/မ တန်းတူညီမျှရေးအတွက် လုပ်ဆောင်ရာတွင် အမျိုးသမီးများ ပိုမိုပါဝင်ရန် လိုအပ် သကဲ့သို့ ခေါင်းဆောင်မှု နေရာများတွင် အမျိုးသမီးများ ပါဝင်ခြင်းသည် ကျား/မ တန်းတူညီမျှမှုနှင့် တရားမျှတမှုအတွက် အထောက်အပံ့ ဖြစ်နိုင်လိမ့်မည်ဟုလည်း ၎င်းက ယုံကြည်ထားသည်။
မိချယ်ရီစိုးက “ဓလေ့ ထုံးထမ်းတွေကို ပယ်ဖျက်ပြီး ရှိနေတဲ့ အခွင့်အရေး မပေးတာကို ပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်မှု တွေ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီး ရရှိလာမယ်။ အိမ်တွင်းအလုပ်ဆို အမျိုးသမီးအလုပ်ပဲလို့ ခွဲခြားဆက်ဆံ တဲ့ ဓလေ့ထုံးတမ်းတွေကို အမြင်ပြောင်းဖို့ လိုအပ်တယ်” ဟု ဆိုသည်။
Champion for Gender Equality Award ဆုကို မြန်မာနိုင်ငံ တဝန်းတွင် ကျား/မရေးရာ တန်းတူညီမျှရေးအတွက် စွမ်း စွမ်းတမံ ဆောင်ရွက်လျက်ရှိသော လူတဦးတယောက်ချင်းစီဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပြည်သူလူထု၏ အမည်စာ ရင်း တင်သွင်းမှုအပေါ် အခြေခံ၍ voting စနစ်နှင့်အတူ ဆုရွေးချယ်ပေးရေး ကော်မတီမှ ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သင်္ဂဟဂျန်ဒါ အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ ဦးဘီလီကံမြတ်၊ ၂၀၁၈ တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ပြုလုပ်ခဲ့သည့် Vagina Monologue ၏ စီစဉ်သူနှင့် ညွှန်ကြားသူ၊ ခရမ်းရောင် Feminists Group တည်ထောင်ထားသူ မနန္ဒာ၊ ကျား/မ ရေးရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မရီရီဝင်း၊ မော်လမြိုင်မြို့ ရင်ခွင်မဲ့ကလေး လျော့ကျရေး ကော်မတီ ဥက္ကဋ္ဌ၊ ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူ ကိုငြိမ်းချမ်းအေး၊ အမျိုးသမီး ခေါင်းဆောင်မှုနှင့် ကျား/မရေးရာ တန်းတူညီမျှရေး ဆိုင်ရာ အသိပညာပေးမှုများ လုပ်ကိုင်နေသည့် မသန္တာနွေးတို့လည်း ယင်းဆုအတွက် အမည်စာရင်း တင်သွင်းခံရသည်။
မသန္တာနွေးသည် GEN က ပေးအပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ပန်းချီ ပြိုင်ပွဲတွင် ဆုရရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု မှတ်တိုင်အဖြစ် ၁၉၇၅ ခု မတ်လ ၈ ရက်နေ့မှ စတင်ကာ နှစ်စဉ် ကျင်းပလေ့ရှိကြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ဝန်းကျင်ခန့်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အများပြည်သူလူထု ပါဝင်နိုင် သည့် အခမ်းအနားများအဖြစ် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ နှစ်စဉ် ကျင်းပကြ သည်။
ဆက်စပ်ဖတ်ရှုရန်– ကျား/မ တန်းတူညီမျှရေးလှုပ်ရှားသူများအတွက် ချန်ပီယံဆု ချီးမြှင့်မည်