လူငယ်များအနေဖြင့် အောင်မြင်ရေးအတွက် ၎င်းတို့ အမြင်များကို ထုတ်ဖော်ပြောဆိုရန် လိုအပ်ကြောင်း နည်းပညာနယ်တွင် ဦးဆောင်နေသော အမျိုးသမီးများက ရန်ကုန်တွင် ကျင်းပသော လုပ်ငန်းခွင်နှင့် မိသားစုဘ၀ ချိန်ခွင်လျှာညှိသည့် အတွေ့အကြုံဖလှယ်သည့် ဆွေးနွေးပွဲတခုတွင် တိုက်တွန်းပြောဆိုသည်။ မတ်လ ၈ ရက်တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကာ ထိုဆွေးနွေးပွဲကို မတ်လ ၁၂ ရက်က ကျင်းပခြင်း ဖြစ်သည်။
ဆက်သွယ်ရေးအော်ပရေတာ အူရီဒူး မြန်မာ Ooredoo Myanmar နှင့် Viu Myanmar ရုပ်ရှင် အပလီကေးရှင်းတို့က ပူးတွဲကျင်းပသော နည်းပညာကဏ္ဍမှ အမျိုးသမီးများ ဆွေးနွေးပွဲသည် ကဏ္ဍအသီးသီးမှ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မီးမောင်ထိုးပြရန်နှင့် အလုပ်နှင့်ဘ၀ ချိန်ခွင်လျှာညီမျှစွာ လုပ်ကိုင်နေသော အမျိုးသမီးများ၏ အတွေ့အကြုံများ ခေါင်းဆောင်မှုများအား ဖလှယ်ရန် ကျင်းပခြင်း ဖြစ်သည်။
ဦးဆောင်ဆွေးနွေးသူများက အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ လူငယ်အလုပ်သမား ဝန်ထမ်းများသည် ၎င်းတို့၏ အမြင်များကို ထုတ်ဖော်ပြောပြနိုင်သည့် သတ္တိရှိကြရန် လိုသည်ဟု တိုက်တွန်းသည်။
အလုပ်ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ခံစားရလျှင် လူငယ်များအနေဖြင့် ပွင့်လင်းစွာ ထုတ်ဖေါ်ပြောဆိုရန် လိုသည်ဟု Ooredoo Myanmar ၏ အရောင်းနှင့် ဖြန့်ချိရေးဆိုင်ရာ အရာရှိချုပ် ဒေါ် ထားသန့်ဇင်က ဆိုသည်။
မန်နေဂျာများသည် ၎င်းတို့လက်အောက် ဝန်ထမ်းများ၏ စိုးရိမ်ပူပန်မှုများကို နားလည်ပြီး တခုခု လိုအပ်ပါက ထုတ်ဖော်ပြောဆိုခြင်းဖြင့် လစာကိစ္စဖြစ်စေ၊ ပြဿနာတခုခုရှိကိုဖြစ်စေ ဖြေရှင်းနိုင်ကာ အလုပ်လက်မဲ့ပြဿနာကို လျော့နည်းလာစေမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောသည်။
“တခါတခါကျလို့ရင် အဓိက က ပွင့်ပွင့်လင်းလင်း စကားပြောဖို့လိုတယ်။ ကျမ အဖွဲ့ကို အမြဲအားပေးတာက တခုခု ပြောစရာရှိရင် သွားပြောဖို့ အလုပ်ဝန်ပိတဲ့အခါ ခဏအနားယူဖို့လိုတယ်ဆိုတာ ပြောဖို့လိုတယ်။ အဲဒီလို ဆက်ဆံရေးရှိတာက ကောင်းတယ်။ ထုတ်ပြောရမယ်။ မန်နေဂျာတွေက နားလည်တယ်။ ပြောဖို့ပဲ လိုတယ်။ မပြောဘဲ အလုပ်မထွက်သင့်ဘူး။ ကိုယ့်ရဲ့ အလုပ်ကို အဲလို မလုပ်သင့်ဘူး။ အမြဲပဲ လူငယ်တွေကို ပြောတယ်။ အလုပ်တခုက တန်ဖိုးရှိတယ်။ အခက်ခဲကြုံနေရင် ထုတ်ပြောပါ။ တခါတခါ ပွင့်ပွင့်လင်းလင်းပြောရရင် လခက နည်း အလုပ်ကများရင် ကိုယ့်ဟာကို ဖီးလ်တက်ပီး ထွက်သွားကြတာ များတယ်။ အဲဒါ နှမြောဖို့ကောင်းတယ်။ ကိုယ့်အခက်အခဲကို ပြောပြဖို့လိုတယ်” ဟု သူမက ဆိုသည်။
ဒေါ်ထားသန့်ဇင်သည် ၂၀၁၄ ခုနှစ်က Ooredoo Myanmar သို့စတင်ဝင်ရောက်ခဲ့ပြီး ထိုလုပ်ငန်း၏ အမှုဆောင်အရာရှိ ၈ ဦးတွင် တဦးတည်းသော အမျိုးသမီးဖြစ်သည်။ အူရီဒူး ကုမဏီတွင် အလုပ်သမားပေါင်း ၉၀၀ ကျော်ရှိသည့်အနက် ၄၆ ရာခိုင်နှုန်းသည် အမျိုးသမီးဝန်ထမ်းများ ဖြစ်သည်။ ထိုအမျိုးသမီးများထဲမှာ သုံးပုံတပုံခန့်သည် စီမံခန့်ခွဲရေးရာထူးများတွင် လုပ်ကိုင်နေကြသည်။
“မြန်မာနိုင်ငံကဖြစ်ဖြစ် တခြားနိုင်ငံကဖြစ်ဖြစ် လုပ်ဖေါ်ကိုင်ဖက်တွေ ဝန်ထမ်းကို ကျမအမြဲပြောတာက ပြဿနာကို ထုတ်ဖေါ်ပြောဆိုလို့ ဘယ်တော့မှ အလုပ်ပြုတ်မှာမဟုတ်ဘူးလို့ ပဲ။ ကျမနဲ့ အမြင်မတူလို့ အလုပ်ထုတ်ခံရမလားလို့ မစဉ်းစားသင့်ပါဘူး” ဟု Viu Myanmar မှ မြန်မာပြည်ဆိုင်ရာ မန်နေဂျာ လာဗီနာ တော်ရိုကလည်း ဆိုသည်။
အာရှ ရုပ်ရှင်များ တစုတစည်းရှာဖွေကြည့်ရှုနိုင်သည့် Viu Myanmar ရုပ်ရှင် အပလီကေးရှင်းကို ယမန်နှစ်ကမြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး၊ ထိုလုပ်ငန်း၏ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။
မီဒီယာနှင့် ဖျော်ဖြေရေးကဏ္ဍတွင် ၁၈ နှစ်ကြာ နိုင်ငံတကာ အတွေ့အကြုံရှိသည့် လာဗီနာတော်ရိုက သူမလုပ်ငန်း၏ တိုးတက်မှုသည် မတူညီကွဲပြားသော ထင်မြင်ယူချက်များရှိသည့် အလုပ်သမားများအပေါ်တွင် မူတည်သည်ဟု ဆိုသည်။
သူမ ဝန်ထမ်းများ၏ အမြင်ကို နားထောင်ခြင်းက ကုမဏီအောင်မြင်မှုအတွက် အထောက်အကူ ဖြစ်သည်ဟု သူမက ဆိုသည်။ “မြန်မာဈေးကွက်ကို ကျမရဲ့ ဝန်ထမ်းတွေလောက် ကျမ နားမလည်ဘူး။ ကျမက ဈေးကွက်အသစ်တွေအကြောင်းကို သိတယ်။ ဗီဒီယိုဝန်ဆောင်မှုတွေ အခြားဈေးကွက်သစ် ၆ ခုလောက်မှာ ဘယ်လိုလည်ပတ်တယ်ဆိုတာကို ကျမသိတယ်။ ကျမက အဲဒါတွေကို ဆွေးနွေးတယ်။ သူတို့တွေက ပြည်တွင်းအတွေ့အကြုံကို ဆွေးနွေးတယ်။ ကျမတို့ အလုပ်က ကမ္ဘာ့ကျွမ်းကျင်မှုတွေနဲ့ ပြည်တွင်း အတွေ့အကြုံတွေပေါင်းစပ်ခြင်းပဲ။ ဒါကြောင့် သူတို့တွေထုတ်ဖေါ်ပြောဆိုဖို့ ကျမအားပေးတယ်” ဟု သူက ရှင်းပြသည်။
မြန်မာနိုင်ငံလူဦးရေ ၅၃ ရာခိုင်နှုန်း၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ သိရသော်လည်း အမျိုးသမီးများ၏ ၅၀.၅ ရာခိုင်နှုန်းသာ အလုပ်အကိုင်ရှိကြပြီး အမျိုးသားများတွင်မူ ၈၅.၆ ရာခိုင်နှုန်း အလုပ်လုပ်ကြသည်။ လုပ်ငန်းခွင်ရောက်အမျိုးသမီးများအကြားတွင်လည်း နည်ပညာကဏ္ဍ ထိပ်တန်းအလုပ်အကိုင်တွင် လုပ်ကိုင်သူ အနည်းငယ်သာရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့ခေါင်းဆောင်ဖြစ်သည့်တိုင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်တိုင်းအစိုးရများတွင် ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသာ အမျိုးသမီးအရေအတွက်မှာ အမျိုးသား အရေအတွက်ထက်နည်းနေသေးသည်။
လုပ်ငန်းခွင်တွင် ကျား-မ တန်းတူရေးအတွက် ပညာပေးလှုပ်ရှားမှု များရှိလာပြီး ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေသော အမျိုးသမီးအရေအတွက် တိုးပွားလာသော်လည်း အမျိုးသမီးများသည် အသိအမှတ်ပြုခံရရေးအတွက် အမျိုးသားများထက် အလုပ်ပို လုပ်ကြရသည်။ အမျိုးသမီးများသည် ဒုတိယအဆင့် နိုင်ငံသားသာဖြစ်သည်ဟူသောအယူအဆ၊ အမျိုးသမီးအလုပ်အကိုင် အတွက် ပုံသေသတ်မှတ်ထားသည့် အယူအဆမှားများလည်း ရှိနေကြဆဲဖြစ်သည်။
ထိုသို့ ပုံသေသတ်မှတ်ယူဆချက်ကြောင့် အလုပ်အကိုင်အပေါ် ထင်ယောင်ထင်မှား မှတ်ယူပြောဆိုမှု များကို ကျော်လွှားနိုင်ခဲ့ကြောင်း ဒေါ်ထားသန့်ဇင်ပြောသည်။
“ခရီးသွားတဲ့အခါ အရင်တုန်းက ကြုံရတယ်။ နည်းနည်းလေး စိတ်ဆိုးဖူးတယ်။ ကိုယ်က ကိုယ့်အဖွဲ့နဲ့သွားတာ။ ဒါပေမယ့် ဟိုတယ်တွေ ဘာတွေကို ရောက်ရင် ကိုယ့်ကို တွေ့လိုက်တာနဲ့ စကားပြန်လောက်ပဲ ထင်တာ။ ပထမ တခေါက် နှစ် ခေါက်လောက်တော့ စိတ်ဆိုးတယ်။ နောက်ပိုင်းကျတော့ အိုကေတယ်။ ပြန်စဉ်းစားတော့ ဒါက ကိုယ့်ရဲ့ အမြင်ကိုက ဖြစ်နေတာ။ တဖြည်းဖြည်းနဲ့ဒီဟာက ပြောင်းလာမှာပဲ။ မြန်မာပြည်မှာလည်း အမျိုးသမီးခေါင်းဆောင်တွေ များလာနေပီလေ။ ဆိုတော့ အချိန်ကကြာမယ် သူ့ဟာသူ ပြောင်းလာမယ်။ ဒါကို ကိုယ်က စိတ်ဆိုးနေစရာ အကြောင်းမရှိဘူး။ ကြုံဖူးတယ်” ဟု ဒေါ်ထားသန့်ဇင်က ဆိုသည်။
လူမှုအဖွဲ့အစည်းနှင့် ပုဂ္ဂလိက ကဏ္ဍတွင် ကျားမ တန်းတူရေးရာ ကိစ္စရပ်များ ပိုမိုပြောဆိုလာခြင်းက အမျုးိသမီးများအပေါ် မြင်သည့် အမြင်များ ပြောင်းလဲလာမည်ဟု သူမက အကောင်းမြင်သည်။
ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Myanmar Youth Empowerment Opportunities ကို တည်ထောင်သူ မထက်သီရီရွှေကမူ ပိုမို သတိထားပြောသည်။
“အမျိုးသမီးတွေဟာ ခေါင်းဆောင်နေရာရောက်သွားတိုင်း အလိုအလျှောက် အမျိုးသမီးအခွင့်အရေးတွေ များလာမယ်လို့ မထင်ဘူး။ ချက်ချင်းကြီး အော်တိုမစ်တစ် ဖြစ်သွားမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ယဉ်ကျေးမှုအရ အမျိုးသမီးတွေကပဲ တခြားအမျိုးသမီးတွေကို ဖိနှိပ်တာ၊ ကျား-မ တန်းတူမှုကို နားမလည်တာ ရှိတယ်။။ ဒါကြောင့် ကျား-မ တန်းတူမှုကို နားလည်တဲ့ အမျိုးသမီးခေါင်းဆောင်တွေလိုတယ်” ဟု သူမက ဆိုသည်။
( Nyein Nyein ၏ Female Tech Sector Leaders Urge Women to Speak Up ကို ဘာသာပြန်သည်။)