အမေရိကန်သံရုံးက နှစ်စဉ်ချီးမြှင့်သော ၂၀၁၉ ခုနှစ် အပြောင်းအလဲအတွက်အမျိုးသမီးများဆု (Women of Change Award)ကို ကချင်ပြည်နယ်မှ ဒေါ်နန်ပူနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ၊ သတင်းသမား ကမန်တိုင်းရင်းသူ မစိုးစံထိုက်တို့ နှစ်ဦးက ရရှိခဲ့သည်။
အမေရိကန်သံရုံး၏ အပြောင်းအလဲအတွက် အမျိုးသမီးများဆုသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေး ပိုမိုတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်သည်။
“ဒီဆုကို ရတဲ့အတွက်လည်း ကျမရှေ့ဆက်ဖို့အတွက် အားအင်တွေ အများကြီးရတယ်။ တွန်းအားတွေ အများ ကြီး ရတယ်လို့လည်း ခံစားနေရတယ်။ ရှေ့ဆက်ပြီး လုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့ ကျမခံစားရတယ်။ နောက် ဒီဆုက ကျမတယောက်ထဲကို ပေးတာမဟုတ်ပဲနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်လုပ်နေကြတဲ့ သတင်းမီဒီယာ အဖွဲ့တွေ၊ လူ့အခွင့်အရေးသတင်းကို ရေးသားနေကြတဲ့ သတင်းထောက်တွေ၊ အမျိုးသမီးအခွင့်အရေးလုပ်နေ တဲ့ genderအခွင့်အရေး လုပ်နေတဲ့သူတွေအကုန်လုံးကို ရည်ညွန်းပြီး ဂုဏ်ပြုတယ်လို့ ကျမထင်မြင်ယူဆပါ တယ်” ဟု မှတ်တမ်းရုပ်ရှင်ဒါရိုက်တာအမျိုးသမီးသတင်းထောက် မစိုးစံထိုက်က ပြောသည်။
စိုးစံထိုက်သည် စုံစမ်းထောက်လှမ်းသတင်းသမား၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ နှင့် မြန်မာအမျိုးသမီး သတင်း များအဖွဲ့ ပူးတွဲ တည်ထောင်သူဖြစ်ပြီး မီဒီယာကဏ္ဍအတွင်း အမျိုးသမီးများ၏အခွင့်အရေးအတွက် ဦးဆောင် လှုပ်ရှားနေသူလည်းဖြစ်သည်။
မသန်စွမ်းသူများအတွက် နေ့စဉ်ခွဲခြားဆက်ဆံခံနေရမှုများ၊ သမားရိုးကျ မဟုတ်သောလုပ်ငန်းခွင်များအတွင်းမှ အမျိုးသမီးများနှင့် မြို့ပြနေ နွမ်းပါးသူများ အကြောင်းတို့ကို အရှိန်မြှင့်တင်ခြင်းဖြင့် ခွဲခြားဆက်ဆံခံနေရသော အုပ်စုများအတွက် လူမှုရေးနယ်ပယ်တွင် ပိုမိုဝင်ဆံ့နိုင်စေနိုင်မည့် မူဝါဒဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာ စေရန် လှုံ့ဆော်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။
မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံမှု အကြောင်း ၎င်း၏ အထူး စုံစမ်း ရေးသားခဲ့သော သတင်းဆောင်းပါး ကြောင့် ဘဏ်များအနေဖြင့် မူဝါဒများ ပြောင်းလဲရန် ဦးတည်စေခဲ့ပြီး မသန်စွမ်းသူများ နေ့စဉ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ကို အသုံးပြုခွင့်ရစေရေး အတွက် ၎င်းတို့၏ဝန်ထမ်းများအတွက် လေ့ကျင်သင်တန်းများပေးရန် ပြဋ္ဌာန်းပေးနိုင်ခဲ့ ကြောင်း သိရသည်။
နောက်ထပ် ဆုရသူတဦးဖြစ်သူ ဒေါ်နန်ပူသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ ထွယ်ဂျန်ဒါဖောင်ဒေးရှင်း တည်ထောင်သူနှင့်ဒါရိုက်တာဖြစ်သည်။ ဒေါ်နန်ပူသည် ယခုလက်ရှိတွင် သူ၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ကိုလွမ်းဇောင်း၊ ကိုဇော်ဂျတ်တို့နှင့် အတူ မြန်မာတပ်မတော်အား အသရေဖျက်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ဖြင့်ထောင်ဒဏ် ခြောက်လ ကျခံနေရ သည်။
ဒေါ်နန်ပူနှင့်လုပ်ဖော်ကိုင်ဖက်များသည် ကချင်ပြည်နယ် အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ပိတ်မိနေသော ထောင်နှင့်ချီသည့် နေရပ်စွန့်ခွာနေရသူများအား ကယ်ဆယ်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြမှုကို ဦးဆောင်ခဲ့ခြင်း ကြောင့် ထောင်ကျခံခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ဒေါ်နန်ပူသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အပြည့်အဝ ပါဝင်နိုင်ရေးအတွက် မြှင့်တင်ဆောင် ရွက်နေသည့် ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သို့ဖြစ်ရာ ဒေါ်နန်ပူ၏ကိုယ်စား ၎င်း၏ဖခင် ဦးအန်ဘောင်နော်က ဆုကိုလက်ခံရယူမည်ဖြစ်သည် ဟု သိရသည်။
“ဒီနှစ်ဂုဏ်ပြု ချီးမြှင့်တာခံရတဲ့ ဆုရှင်တွေဟာ အမှန်တရားအတွက်စွန့်စားဆောင်ရွက်ခဲ့ကြပြီး၊ တရားမျှတမှု အတွက် သန္နိဋ္ဌာန်ချထားမှုကိုပြသခဲ့ကြသလို၊ အဲဒီ သန္နိဋ္ဌာန်တွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်ရာမှာ ဝေဖန်ခံခဲ့ကြ ရပြီး ပုဂ္ဂိုလ်ရေးအရလည်း စွ့န်စားဆောင်ရွက်ခဲ့ကြသူတွေဖြစ်ပါတယ်” ဟု သံအမတ်ကြီးကမာစီရယ်က ပြောသည်။
အမေရိကန်သံရုံးသည် ၎င်းဆုကို ပထမဆုံးအနေဖြင့်၂၀၁၇ ခုနှစ်တွင် စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အမျိုးသမီးခေါင်းဆောင် ၁၀ ဦး အပြင် အမျိုးသမီးအဖွဲ့အစည်းတခုတို့ကို ၎င်းဆုများပေးအပ်ခဲ့ပြီး ဖြစ်ပြီး အမျိုးသမီးသတင်းထောက်အနေဖြင့် မစိုးစံထိုက်က ပထမဆုံးရရှိခြင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအတွင်း ပိုမိုကောင်းမွန်သောငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးသာယာရေးကို အားပေးကူညီသော အစိတ်အပိုင်း တရပ်အနေဖြင့် အမျိုးသမီးများ ဦးဆောင်သော အရပ်ဘက်အဖွဲ့အစည်း များကို အထောက်အပံ့ပေးရေး အစီအစဉ်များ အပါအဝင် မြန်မာနိုင်ငံအတွင်း ကဏ္ဍများစွာမှ အမျိုးသမီး ခေါင်းဆောင်များကို အားပေးကူညီလျက်ရှိသည်ဟု သိရသည်။