Women & Gender

ရှမ်းပြည်က မြင်းစီးမယ် နော်လုလုကျော်

Want create site? Find Free WordPress Themes and plugins.

ပင်နီဘောင်းဘီ ရှမ်းအကျီအနက်ရောင် ဝတ်ဆင်ထားပြီး ခါးတွင် ပဝါစတခုချည်ထားသည့် ဟန်ပန်ဖြင့် အမျိုးသမီးတဦးသည် ယုံကြည်မှုအပြည့်ဖြင့် မြင်းစီး လေ့ကျင့်နေသည်။ မြင်းကဆုန်ပေါက် ပြေးလွှားရာ နောက်သို့ လူကအလိုက်တသင့်ဖြင့် လိုက်ပါသွားပုံက မြင်းနှင့်လူ တွဲဖက် ကခုန်နေသည့် အလားသဏ္ဍန်နှင့် တူသည်။ မြင်းဇက်ကြိုးကို ထိန်းညှိပေးရင်း မြင်းနှင့် စီးသူတို့ တသားတည်းရှိချိန်တွင် မြင်းကြိုးကို လျော့လိုက် တင်းလိုက်၊ နှေးလိုက် မြန်လိုက်ပြုလုပ်ကာ ကစားပုံက ကြည့်ရှုသူများကို စိတ်ခွန်အား တခုဖြစ်စေသည်။

ထိုမြင်းစီးလေ့ကျင့်နေသည့် အမျိုးသမီးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ မကျဉ်းပင်ကျေးရွာတွင် နေထိုင်ကာ မြင်းမွေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် အင်းရှမ်းသူလေး နော်လုလုကျော်ဖြစ်သည်။ နော်လုလုကျော်သည် ရှမ်းပြည်နယ်အတွင်း ကျင်းပသည့် ရိုးရာမြင်းပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိထားသူလည်း ဖြစ်သည်။

ရှမ်းရိုးရာ မြင်းပြိုင်ပွဲတွင် စံနက်ကျော် အမည်ရှိမြင်းဖြင့် နှစ်သိမ့်ဆု ၂ ဆုရရှိခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း မြင်းစီးအဖွဲ့ ၏ ပဉ္စမ အကြိမ်မြောက် မြင်းစီးအားကစားပြိုင်ပွဲတွင် ရန်ပိုင်ကျော် အမည်ရှိ မြင်းဖြင့် ရှမ်းရေအိုးကိုင်နှင့် ရှမ်းဒုန်း ပြိုင်ပွဲစသည့် ၂ ပွဲလုံးတွင် တတိယဆု ရရှိထားသူ ဖြစ်သည်။

မြင်းက လူကို အန္တရာယ်ပေးတတ်သည့် သတ္တဝါမဟုတ်သော်လည်း မြင်းစီးခြင်းက လူကို ပြင်းထန်သည့် ထိခိုက် အနာတရ ဖြစ်စေသည်။ မြင်းစီးခြင်းက အန္တရာယ်မဖြစ်လောက်ဆိုသော်လည်း မြင်းဒုန်းစိုင်းစီးရာတွင် ခြေခေါက်လဲတတ်သည့် အန္တရာယ်ရှိသည်ကို မြင်းစီးသူက သတိပြုရမည်ဖြစ်သည်ဟု သူက ရှင်းပြသည်။

နော်လုလုကျော်က “သဲကုန်းပွဲမှာဆို ရှေ့က မြင်းက ပြေးနေရင်း ရုတ်တရက်ရပ်သွားတော့ အရှိန်နဲ့ မြင်း အချင်းချင်း ရှောင်လိုက်တာ ဟန်ချက်ပျက်ပြီး လဲကျတာ မျက်ခုံးကွဲသွားတာ အခုထိ အမာရွတ် ကျန်နေ သေးတယ် ” ဟု သူ၏ ဒဏ်ရာကို ပြသရင်း ပြောသည်။

ထိုနည်းတူစွာ မျိုးရိုးအစဉ်အဆက် မြင်းထိန်းလုပ်လာသည့် မြင်းထိန်းကိုမျိုးနေဇာထွန်းကလည်း “မြင်းက ကြိုး ပြုတ်သွားလို့ လိုက်ဖမ်းတဲ့အခါ မြင်းရော လူပါလဲသွားတယ်။ မြင်းက ပြန်အထမှာ မြင်းခွာနဲ့ ပေါက်မိပြီး ပါးစပ်ကွဲသွားလို့ အတွင်းအပြင် ချုပ်ထားရတယ်”ဟု ဆိုသည်။

မြင်းစီးခြင်းသည် မြန်မာလူမျိုးများအတွက် ရင်းနှီးသည့် အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ရှေးခေတ်ကတည်း က မြင်းစီးခြင်း အလေ့အထများရှိခဲ့သည်။ မြင်းစီးခြင်းက ကျန်းမာရေး လိုက်စားသူများအတွက် ကောင်းမွန်စေ သည့် အလေ့အကျင့်ကောင်းတခုဖြစ်ပြီး အမျိုးသမီးများအတွက် ရာသီလာရာချိန်တွင် ခံစားရသည့် ကိုက်ခဲနာ ကျင်မှုကို သက်သာစေသည်။

ငယ်စဉ်ကတည်းက ဖခင်နှင့်အတူ မြင်းများမွေးမြူကာ မြင်းစီးခဲ့သူ နော်လုလုကျော် / အောင်ကျော်ထက် / ဧရာဝတီ

မြင်းမွေးခြင်း၊ မြင်းစီးခြင်းများကို ခေတ်အဆက်ဆက်က တရွာနှင့် တရွာ ကူးလူးဆက်သွယ်ရေးအတွက် အသုံး ပြုခဲ့ကြသောကြောင့် “လူပျင်း မြင်းမွေး”ဆိုသည့်စကားပုံပင် ရှိခဲ့သည်။ ရှေးက အမျိုးသားများ ဈေးသွားသည့် အခါ မြင်းဖြင့် သွားရသည်။ အပြန်တွင် သောက်စားထားသည့်အတွက် မပြန်နိုင်သည့်အခါ မြင်းများက အိမ်သို့ ရောက်အောင် ပို့ဆောင်ပေးလေ့ရှိသည်ဟု သိရသည်။

သို့သော် မြင်းစီးသည့်အမွေအနှစ်ကိုပေးထားသည့် နော်လုလုကျော်၏ဖခင်ဖြစ်သူ ဦးကျော်ကျော်က ထိုစကားပုံ ၏ အဓိပ္ပါယ်သည် မှားယွင်းနေကြောင်း ရှင်းပြသည်။ မြင်း၏ဝေယျာဝစ္စသည် များပြားလွန်းခြင်းကြောင့် လူပျင်း များအနားမရအောင် အလုပ်လုပ်ရသည့်အတွက် လူတော်များ ဖြစ်လာနိုင်သည်ကို ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ မြင်းမှာ အုန်းခွံ” ဆိုတာက အုန်းခွံရောင်မြင်းများကို မြန်မာများက ကြိုက်နှစ်သက်ကြသည်ဟု အဓိပ္ပါယ် ရ သည်။ သို့သော် လူတဦးနှင့် တဦးအကြိုက်မတူကြပြီး မြန်မာလူမျိုးများက မြင်းတကောင်၏ ခေါင်းနှင့် လည် ဆစ်ရိုးများ၏လှပမှုအပြင် ခန္ဓာကိုဖွံ့ထွားမှု ကိုယ်လုံးကိုယ်ထည်ကို ကြည့်ကြကြောင်း သိရသည်။

မြန်မာမြင်းများသည် နိုင်ငံခြားမြင်းများနည်းတူ မြင်းအင်္ဂါရပ်နှင့် ညီသော်လည်း နေရာဒေသအလိုက် ဖွံ့ထွားမှု နေရာတွင် ကွာခြားမှုများ ရှိသည်။ မြင်းတကောင်၏ ပုံသဏ္ဍန်က ရုပ်ရည်၊ လည်ဆံမွှေးများ လှပရန် လိုအပ်ပြီး ကိုယ်လုံးအချိုးကျလှပမှုကိုလည်း မြန်မာများက ကြည့်တတ်ကြသည်။

မြင်းစီးခြင်းက လူတယောက်အတွက် လွယ်ကူမှု မရှိသကဲ့သို့ မြင်းတကောင်မွေးမြူရန်အတွက်ကလည်း ခေတ် ကာလစီးပွားရေးအခြေအနေအရ မလွယ်ကူလှပါ။ လက်ရှိအနေအထားအရ ၃နှစ်သားမြင်းတကောင်၏ တန်ဖိုး သည် ၁၅သိန်းမှစ၍ မြင်းများ၏ပုံသဏ္ဍန်အရွယ်အစားလိုက် ဈေးကောင်း ပေးရသည်ဟု သိရသည်။

“ မြင်းတကောင်ထိန်းသိမ်းရတာက တခြားတိရစ္ဆာန် ထိန်းသိမ်းရတာနဲ့ မတူဘူး။ အစာစားတာကအစ အမြဲတမ်း ဂရုစိုက်ကျွေးရတယ်။ အချိန်မှန်စီးပေးရတယ်။ ပွတ်တိုက်ပေးရတယ်။ မြင်းခွာရိုက်ပေးရတယ်။ နောက်ကျန်းမာ ရေးဆိုလည်း အချိန်ပြည့်ကြည့်နေရတယ် ”ဟု နော်လုလုကျော်က မြင်းအကြောင်း ရှင်းပြသည်။

နော်လုလုကျော်သည် ငယ်စဉ်ကတည်းက ဖခင်နှင့် အတူ မြင်းစီး လာတာဖြစ်သည့်အတွက် မြင်းဖြင့် ဖက်မွေး လာသည်ဟုလည်း ပြော၍ရသည်။ ၎င်းတွင် မြင်းထီး ၈ ကောင်၊ သားတင်နေသည့် မြင်းမတကောင်လည်း ရှိသည်။

၎င်းမြင်းများကို အလှူပွဲအခမ်းအနားတွင် အသုံးပြုပါက တရက်လျှင် ၇ သောင်းရပြီး နယ်အတွက် ခေါ်ယူပါက ၁ သိန်းခွဲ ကျပ် ရရှိသည်။ မြင်းတကောင်၏အသုံးစရိတ်က တလကို ၁သိန်းခွဲရှိပြီး မြင်းတကောင်၏ သက်တမ်းက နှစ် ၅၀ ခန့်အထိ ရှိသည်ဟု သိရသည်။

မြင်းများသည် တကောင်နှင့် တကောင် စရိုက်လက္ခဏာ၊ အမူအကျင့်များ မတူညီကြပါ။ တချို့သော မြင်းများက အချော့ကြိုက်ပြီး တချို့မြင်းများ ကြမ်းသည့်သဏ္ဍန်ရှိသည်။ မြင်းများ၏စရိုက်လက္ခဏာသည် သင်ပြပေးသူ၊ သခင်များ၏သွန်သင်မှုအပေါ်တွင် များစွာ မူတည်သည်။

မြင်းများက ဉာဏ်ကောင်းကြသည့်အတွက် အချိန်အနည်းငယ် သင်ပြရုံဖြင့် တတ်မြောက်လွယ်ကြသည်။ သို့သော် မြင်းတကောင်က သခင်ကိုကြောက်၍ လိမ္မာရသည်ဆိုသည့် နည်းစနစ်က မှန်ကန်မှု မရှိပါ။ မြင်းကို ရင်းနှီးလွယ် အောင် ပွတ်သပ်ပြီး သင်လိုက်၊ ကျွေးလိုက်ဖြင့်သာ သင်ကြား သင့်သည်ဟု ဦးကျော်ကျော်က ထောက်ပြသည်။

“ရှေ့ဆက်ပြီး မြင်းတွေကို သူ့တသက် ကိုယ့်တသက် မြင်းတွေကို မွေးသွားမယ်။တချို့ကတော့ မြင်းတွေကို အိုသွားရင် ထုတ်ရောင်းကြတယ်။ ကျမကတော့ မြင်းတွေကို ချစ်တော့ ဘယ်တော့မှ မထုတ်ဘူး။ အဆင်ပြေ ရင်တော့ ကျမစီးဖို့ ပြိုင်ပွဲဝင်ဖို့ မွေးသွားမယ်”ဟု နော်လုလုကျော်က သူ၏မြင်းကို ပွေ့ပိုက်ရင်း ပြောသည်။

နော်လုလုကျော်သည် မြင်းများကို ချစ်တတ်ရုံတင်မက တိရစ္ဆာန်တိုင်းကိုလည်း သနားချစ်ခင်တတ်သူဖြစ်သည်။ ၎င်း၏နေအိမ်တွင် ခွေးများ၊ ကြောင်များအပြင် ဖိုးကံကောင်းဟု ခေါ်သည့် မိခင်မရှိတော့သည့် နွားလေးကို လည်း နို့တိုက် မွေးမြူထားသည်။

ထို့အပြင် နော်လုလုကျော်သည် ၎င်းငယ်စဉ်ကတည်းက စီးခဲ့သည့် စံနက်ကျော်ဆိုသည့် မြင်းတကောင်ရှိသည်။ ၎င်းမြင်းနှင့် ပြိုင်ပွဲ ၂ပွဲဝင်ခဲ့ပြီး ၂ ပွဲလုံး နှစ်သိမ့်ဆုရရှိခဲ့သည်။ စံနက်ကျော်သည် အသက် ၃၀ ခန့်တွင် သေဆုံး သွားပြီး ၎င်းတို့၏နေအိမ်အနီးတွင် မြုပ်နှံထားသည်။

နော်လုလုကျော်သည် မြင်းစီးခြင်း၊ မြင်းမွေးခြင်း ဝါသနာထုံသည့်အပြင် မြင်းပြိုင်ပွဲဝင်ရောက်ရန် ပိုပြီး အာသီသ ရှိနေသည်ဟု ၎င်း၏ဆန္ဒကို ပြောပြသည်။ ယခင်က မြင်းမွေးခြင်းဖြင့်သာ ရှင်သန်နေသော်လည်း စံနက်ကျော် မြင်းဖြင့် ပြိုင်ပွဲစတင်ဝင်ရောက်ရမှ ပိုးဝင်ခဲ့ခြင်းဟု သိရသည်။

မြန်မာပြည်အတွင်းရှိ မြင်းများသည် လူနှင့်နီးကပ်စွာရှိသည့်အတွက် ရိုင်းစိုင်းသည့် မြင်းမျိုးမရှိကြပါ။ သို့သော် သခင်အပြောင်းအလဲရှိပါက ရင်းနှီးမှုအသစ်တဖန် ပြန်ယူရခြင်းမျိုးလည်း ရှိသည်။ မြင်းအသစ်တကောင် ရောက် လာပါက သားသမီးသဖွယ် အစာကျွေးမှုကအစ သန့်ရှင်းလုပ်ပေးရသည့်အထိ ထိတွေ့မှုပေးရသည်။

မြင်းများ အညောင်းမမိစေရန် နေ့စဉ် တနေ့ကို နှစ်ကြိမ် မြင်းစီးပေးရပြီး ရံဖန်ရံခါ ကြိုးအရှည်ဖြင့် ကွင်းထဲသို့ မြင်းအစာရှာစားရန် လွှတ်ပေးရခြင်းမျိုးလည်း ရှိသည်။ မြင်းများသည် ရာသီဥတုအပြောင်းအလဲရှိသည့် အချိန် အခါတွင် ဖျားနာခြင်းရှိတတ်သည်။ ပြိုင်ပွဲဝင်မည့် မြင်းတကောင် စီးမည့်သူနှင့် အသားကျရန် အချိန် တနှစ် ခန့်အထိ ယူရကြောင်း သိရသည်။

မြင်းစီးမယ် နော်လုလုကျော် / အောင်ကျော်ထက် / ဧရာဝတီ

“မြင်းက သူ့ကျောပေါ်ရောက်ရင်သာ ကိုယ်က သခင်ဖြစ်တာ ကျန်တဲ့အချိန်ကျတော့ ကိုယ်က သူကိုပဲ လုပ်ပေးနေရတယ်”ဟု နော်လုလုကျော်က ရယ်မောရင်းဖြင့် ပြောသည်။

နော်လုလုကျော်က ၎င်းမွေးထားသည့် မြင်းများကို သား၊ သမီးဟု ခေါ်ကာ ပြောဆို ဆက်ဆံသည်။ မြင်းများ မရှိ ရင် မနေတတ်အောင်ဖြစ်ရပြီး မြင်းပေါ်ရောက်သွားပါက အရာအားလုံးကို မေ့သွားအထိ ပျော်ရွင်ခဲ့သည်ဟု ပြောသည်။

၎င်းသည် မြင်းများကို ဝါသနာပါသဖြင့် မွေးမြူထားသော်လည်း မြင်းတကောင် လိမ္မာယဉ်ကျေးသင်ပြမှုကိုဖြင့် မကျွမ်းကျင်ပါဟု ဝန်ခံစကားဆိုသည်။

နော်လုလုကျော်သည် ငယ်စဉ်ကတည်းက မြင်းစီးလာသည်မှာ မှန်သော်လည်း ပြိုင်ပွဲဝင်ရန်အထိ မြင်းစီးနည်း စနစ်တကျ သင်ကြားခဲ့ဖူးခြင်းမရှိသည့်အတွက် နိုင်ငံတကာအတွေ့အကြုံရှိသည့် မြန်မာနိုင်ငံမြင်းစီးအသင်းမှ ဆရာတဦးထံမှ ဖုန်းဖြင့် လေ့ကျင့်ခန်း ယူပါသည်ဟု သိရသည်။

ထိုဆရာများ၏ ညွန်ကြားချက်အတိုင်း ပြိုင်ပွဲမဝင်မီ ၃ လခန့်အလို၌ ခုန်ရမည့်ရက်၊ ပြေးရမည့်ရက်၊ လမ်း လျှောက်ရမည့်ရက်၊ အချိန်နာရီများအား သေချာစွာ မှတ်သားပြီး သင်ယူလေ့လာကြောင်း၊ ရှေ့ဆက်ပြီးလည်း နိုင်ငံခြားပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားသွားမည်ဟု နော်လုလုကျော်က ပြောသည်။

နော်လုလုကျော်၏ဖခင်က “သူရဲ့ဗီဇလို့ ပြောရမလား။ မိန်းကလေးဖြစ်ပြီး အဘနဲ့ဝါသနာတူနေတာကို တွေ့ရ တော့ ဝမ်းသာတယ်။ ကိုယ့်ဝါသနာကို သူက ဆက်ခံပြီးလုပ်နေတာဆိုတော့ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဆက်အား ပေးမယ်” ဟု ဂုဏ်ယူစွာဖြင့် ပြောကြားသည်။

နော်လုလုကျော်၏ မိဘနှစ်ပါးစလုံးက မြင်းချစ်တတ်ပြီး မြင်းစီးဝါသနာပါသူများဖြစ်ကြသည်။ နော်လုလုကျော်၏ မြင်းစီးခြင်းကို အမွေဆက်ခံမည့်သူက ၎င်း၏တူဖြစ်သူ မောင်ကောင်းဆက်ဝင်းဖြစ်သည်။ ၎င်းသည် အသက် ၁၀နှစ်ကျော်သာရှိပြီး ရှမ်းဒုန်းပြိုင်ပွဲတွင် ပထမဆုရရှိကာ အသက်အငယ်ဆုံးမြင်းစီးသမားလေး ဖြစ်သည်။

၎င်းသည် မြင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ စီးတတ်သကဲ့သို့ ထိန်းရခက်သည့် မြင်းဇက်ကြိုးကိုလည်း ပိုင်နိုင်စွာ ကိုယ်တွယ်နိုင်သည်။ မြင်းပေါ်မှနေ၍ ၎င်းထက် သုံးဆခန့်ကြီးသည့် မြင်းကို ကပြခိုင်းပုံက ပညာသားပါလှ သည်။

ပြိုင်ပွဲဝင်ရန်အတွက် မြင်းကောင်းရှိမှ ဖြစ်နိုင်သကဲ့သို့ ပြိုင်ပွဲရှိမှလည်း ပြိုင်ပွဲဝင်မည့် ဝါသနာရှင်များ ထွက်ပေါ် လာမည်ဖြစ်သည်။ မြင်းတကောင်အနေဖြင့် ပြိုင်ပွဲဝင်နိုင်လောက်သည့် အရည်အချင်းမျိုးရှိမှသာ ပြိုင်နိုင်မည် ဖြစ်သည်။ ထိုမှသာ မြင်းကောင်းများ ထွက်လာပြီး မြင်းတန်ဖိုးလည်း မြင့်လာမည်ဟု မြင်းမွေးသူများက သုံးသပ် ကြသည်။

မြန်မာနိုင်ငံတွင် မြင်းနှင့်ပတ်သက်သည့် ပုံတိုပတ်စများ၊ ရာဇဝင်များ မြောက်များစွာရှိပြီး မြင်းစီးပြိုင်ပွဲများတွင် လောင်းကစားလုပ်သည့် အလေ့အထပင် ရှိခဲ့သည်။ “ စနေနေ့ ဆင်းရဲပိုအောင်၊ မြင်းပွဲကို သွားလို့တဲ့လောင်း” ဆိုသည့် ကဗျာစကားပင် ရှေးက ပေါ်ပေါက်ခဲ့ဖူးသည်ဟု ကြားသိရသည်။

မြင်းပွဲလောင်းရာတွင် နိုင်သူက နည်းပြီး ရှုံးသူများကာ လူပေါင်းများစွာ ဒုက္ခပေးနေသော မြင်းပွဲကြီးဖြစ်ခြင်း ကြောင့် တော်လှန်ရေးအစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဆက်၍ မကျင်းပရန် ပိတ်ပင်ခဲ့သည်။ ရှေးဘုရင်ခေတ်များ တွင်လည်း မြင်းများကို စာပို့ရာ၊ အမဲလိုက်ရာစသည့် နေရာမျိုးစုံတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။

ယခုအခါတွင် အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် မြင်းအစား မော်တော်ဆိုင်ကယ်၊ ကား၊ ဖုန်းစ သည့် အရာများပေါ်ပေါက်လာသည့်အတွက် မြင်းအသုံးပြုမှုက နည်းပါးသွားသည်။ ထို့အပြင် ခြံများ၊ လယ်ယာ မြေများ မရှိခြင်းကြောင့် မြင်းစားကျက်များ ပျောက်ဆုံးသွားရသည့်အတွက် မြင်းများ မျိုးတုံးလုနီးပါး ဖြစ်နေ သည်။

သို့သော် မြန်မာတနိုင်ငံလုံးတွင် မြင်းကောင်ရေ ရာဂဏန်းခန့်ရှိပြီး ပအို့ဝ်ဒေသအပါအဝင် တိုင်းရင်းသားအများစု က မြင်း မွေးသည့် ဓလေ့ကို ယခုတိုင် ကျင့်သုံးနေဆဲဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၌ ပအိုဝ့်ရိုးရာ ခေါပုတ် ထောင်းပြိုင်ပွဲနှင့် ဒုတိယအကြိမ်မြောက် မြင်းစီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ဟားခါးမြို့တွင် ကျင်းပခဲ့သည့် ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် မြင်းစီးပြိုင်ပွဲကို ထည့်သွင်း ကျင်းပ ခဲ့သည်။ရှမ်းပြည်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်တွင်လည်း ဝါသနာအရ မြင်းစီးရန်၊ အလှဓာတ်ပုံရိုက်ရန်၊ မြင်းဖြင့် ခရီးတို၊ ခရီးရှည်သွားရောက်ရန် လုပ်ဆောင်ပေးသည့် မြင်းစီးကလပ်လည်း ရှိသည်။ မြင်းစီးခ နှုန်းထားက အနိမ့်ဆုံး ၅ထောင်မှ ၈သောင်းခွဲအထိ ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေးအနီး အမရပူရက မဟာဝိဇယရံသီ ပုထိုးတော်ကြီး၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တွင် မြင်းစီးပြိုင်ပွဲလည်း ပါဝင်သည်။ ပုဂံတွင်လည်း မြင်းဖြင့် ဘုရားဖူးရန် ဝန်ဆောင်မှုပြုလုပ်လာသည်ကို တွေ့မြင်ရသည်။

မြင်းပြိုင်ပွဲတခုဖြစ်မြောက်ရန်အတွက်က ပံ့ပိုးမှုရှိမှ ဖြစ်နိုင်သကဲ့သို့ မြင်းစီးလေ့ကျင့်ရန် မြင်းစီးကွင်းများ ဖန်တီး ပေးရန်လည်း လိုအပ်ပါသည်ဟု နော်လုလုကျော်က ၎င်း၏အမြင်သဘောထားကို ပြောပြသည်။

၎င်းအနေဖြင့် မြင်းများ ရေရှည်မွေးမြူနိုင်ရေးနှင့် မြင်းစရိတ်များ ရရှိရန် မြင်းဖြင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်း တခု ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု သိရပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading