မွတ်ဆလင်ဆန့်ကျင်ရေး သဘောထား၏ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်ခဲ့သော အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုအတွက် နယူးဇီလန်နိုင်ငံတွင် ထိတ်လန့်အံ့အားသင့်နေချိန် ၎င်း၏ ဝန်ကြီးချုပ်က နိုင်ငံ အကျပ်အတည်းကာလတခုအတွင်း သူ၏ ကရုဏာနှင့် ပြတ်သားသော ခေါင်းဆောင်မှုအတွက် ချီးကျူးခြင်း ခံနေရသည်။
ခရိုက်စ်ချာ့ချ် Christchurch မြို့မှ ဗလီ၂ ခု မှ လူ ၅၀ သေဆုံးခဲ့သည့် တိုက်ခိုက်မှု နောက်ပိုင်းရက်များတွင် ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒါန် Jacinda Ardern က ဝမ်းနည်းကြေကွဲဖွယ်ရာ အကြမ်းဖက်မှုဟု အမည်တပ်ခဲ့ပြီး နိုင်ငံ၏ သေနတ်ဥပဒေများကို အမြန်ဆုံး အပြောင်းအလဲ ပြုလုပ်ရန် တောင်းဆိုလိုက်သည်။
ရွှေ့ပြောင်းအခြေချလာသည့် အသိုင်းအဝိုင်းများကို “နယူးဇီလန်က သူတို့ အိမ်ပါ။ သူတို့က ကျမတို့ပါပဲ” ဟု အားပေးနှစ်သိမ့်ခဲ့သည်။ သူ လိုချင်သည့် တခုတည်းသော အရာမှာ မွတ်ဆလင် အသိုင်းအဝိုင်း အားလုံးအတွက် စာနာမှုနှင့် မေတ္တာဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နယူးဇီလန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပြီး နောက်တရက်တွင် ဂျာစင်ဒါ အာဒါန်က မြို့တော် ဝယ်လင်တန် Wellington ရှိ ကီဘာနီ Kilbirnie ဗလီတွင် သွားရောက်၍ ပန်းခွေချခဲ့သည်။ ခေါင်းတွင် ပဝါခြုံထားပြီး ငိုကြွေးနေသည်ကို ထင်ထင်ရှားရှား တွေ့နေရသော ဝန်ကြီးချုပ်က သေဆုံးခဲ့ရသူတို့၏ ဆွေမျိုးများကို ပွေ့ဖက်နှစ်သိမ့်ခဲ့သည်။ တိုင်းပြည်မှ မွတ်ဆလင် အသိုင်းအဝိုင်းနှင့် အတူရှိကြောင်း ဖော်ပြခဲ့သည်။ သူက သူ့ခရီးစဉ်၏ အစီအစဉ်ကို သေဆုံးသူများ၏ မိဘဆွေမျိုးများအား ဦးဆောင်ခွင့်ပေးခဲ့ပြီး အချိန်များစုကို သူတို့၏ စကားကို နားထောင်ပေးခြင်း၊ နှစ်သိမ့်အားပေးခြင်းဖြင့် ကုန်ဆုံးခဲ့သည်။
နယူးဇီလန်၏ သေနတ်ဥပဒေများကို တင်းကျပ်ရန် ဂျာစင်ဒါ အာဒါန်၏ ဆုံးဖြတ်ချက်က စစ်မြေပြင်သုံး သေနတ် ဝယ်ယူ ရရှိရေးက (အခြားနေရာများထက်) လွယ်ကူသည့် နိုင်ငံတခုတွင် နိုင်ငံရေး ဆိုင်ရာ ရဲတင်းသော လုပ်ရပ်တခု ဖြစ်သည်။ သေနတ်အခွင့်အရေး အဖွဲ့အစည်းများက ချက်ချင်းပင် စတင် ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း ဂျာစင်ဒါ အာဒါန်က ခရိုက်စ်ချာ့ချ်မှ အဖြစ်ဆိုးက ပြောင်းလဲရတော့မည်ဆိုသည်ကို ဖော်ပြသည့် ကာလတခုဟု ယတိပြတ် ပြောဆိုထားပြီး ဖြစ်သည်။
အသက် ၃၈ နှစ်အရွယ် ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒါန်က ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးသော အမျိုး သမီး နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။ သူ၏ အသက်အရွယ်နှင့် အမျိုးသမီးတဦး ဖြစ်နေခြင်းတို့က သူ၏ တိုးတက်သော စံနမူနာများနှင့် ခေါင်းဆောင်မှု ဟန်ပန်ကို ဖော်ပြနေသည်။ ပြင်သစ် သမ္မတ အီမန်ညူယယ် မာခရွန် Emmanuel Macron၊ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး Justin Trudeau တို့ကဲ့သို့သော တိုးတက်သည့် လူငယ်ခေါင်းဆောင်များ လှိုင်း၏ တစိတ်တပိုင်းအနေဖြင့် အာဏာရရှိလာခဲ့သော ဂျာစင်ဒါ အာဒါန်သည် ၂၀၁၇ ခုနှစ်က ဝန်ကြီးချုပ်ရာထူးအတွက် ကျမ်းသစ္စာမဆိုမီ ရက်ပိုင်းအလိုတွင်မှ သူ့တွင် ကိုယ်ဝန် ရှိနေကြောင်း သိခဲ့ရသည်။
၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် တာဝန်ယူစဉ်အတွင်း ကလေးမွေးဖွားသည့် ဒုတိယမြောက် အစိုးရခေါင်းဆောင် ဖြစ် လာခဲ့သည်။ ပါကစ္စတန်မှ ဘနာဇီယာ ဘူတို Benazir Bhutto က ပထမဆုံး ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် ဝန်ကြီးချုပ် တာဝန်ယူထားစဉ် ကလေးမွေးခဲ့သည်။ သူ၏ သမီးဖြစ်သူကို မွေးဖွားပြီးနောက် ဂျာစင်ဒါ အာဒါန်က ဒုတိယ ဝန်ကြီးချုပ်ကို တာဝန်လွှဲအပ်၍ မီးဖွားခွင့် ၆ ပတ် ယူခဲ့သည်။ အလုပ်လုပ်သော အမျိုးသမီးများအတွက် တိုးတက်မှု သင်္ကေတ တခုအဖြစ် ထိုလုပ်ရပ်အပေါ် အများက ချီးကျူးခြင်းခံခဲ့ရသည်။
ယခုအခါတွင် အားလုံးနှင့် ပတ်သက်လာခဲ့သည့် ဖြစ်ရပ်ဆိုးတခုအပေါ် သူ၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ အများစုက ချီးကျူးနေကြသည်။ သူစိမ်းကြောက်ရောဂါ နှင့် အမုန်းတရားက မီးထိုးပေးခဲ့ပြီး လက်နက်များနှင့် ပတ်သက်၍ လျော့လျဲသော ဥပဒေစည်းကမ်းများကြောင့် ပေါ်ပေါက်ခဲ့ရသည့် ကိစ္စတခု ဖြစ်သည်။ အသတ်ခံခဲ့ရသူများအတွက် သူ၏ စာနာမှု၊ နယူးဇီလန်ရှိ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ် နွေးထွေးသော ဆက်ဆံမှုနှင့် ပြည့်စုံသည့် သေနတ်ဥပဒေများကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက်တို့က အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ကာလအတွင်းတွင် အခြားသော ကမ္ဘာ့ခေါင်းဆောင်များအတွက် စံနမူနာတခု ဖန်တီးပေးနေသည်။
ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်စဉ်ကာလအတွင်း ဝေဖန်သူများက သူ၏ ကျော်ကြားမှုကိုသာ အခြေခံသော၊ ပေါ်လစီ အငြင်းအခုံကို အခြေမခံသော အနှစ်သာရမဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုဟု ဝေဖန်ခဲ့ကြသည်။ သို့သော် ယခုအခါ ဂျာစင်ဒါ အာဒါန်က ကြေကွဲဖွယ်ရာ အကောင်းဆုံး အဖြစ်ဆိုးအတွင်း သူ၏ တိုင်းပြည်ကို ကျွမ်းကျင်စွာ ဦးဆောင်ခဲ့သော၊ အခြားသူများကိုလည်း အလားတူ မည်သို့ ပြုလုပ်ရမည်ကို ပြသခဲ့သော ခေါင်းဆောင်အဖြစ် သမိုင်းတွင်ရစ်တော့မည် ဖြစ်သတည်း။
(womenintheworld.com ပါ Jacinda Ardern is redefining leadership in an age of terror ကို ဘာသာပြန်ဆိုသည်။)