ဆွီဒင်ကျောင်းသူ တဦးဖြစ်သည့် ဂရီတာ ထွန်းဘယ်ရီသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် နိုင်ငံတကာ အဆင့် လှုပ်ရှားခဲ့သဖြင့် ယခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရန် လျာထားခံခဲ့ရသည်။
အသက် ၁၆ နှစ်အရွယ်ရှိ ကျောင်းသူကို နော်ဝေလွှတ်တော်အမတ် ၃ ဦးတို့က အမည်စာရင်း တင်သွင်း ခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ ယင်းဆု ဆွတ်ခူးခဲ့ပါက ဆုပေးချိန်၌ အသက် ၁၇ နှစ် ရှိမည်ဖြစ်၍ သူသည် ပါကစ္စတန်မှ မာလာလာ ပြီးလျှင် အသက်အငယ်ဆုံး နိုဘဲလ်ဆုရှင်ဖြစ်လာမည်ဟု ဆိုသည်။
“တကယ်လို့ ကျနော်တို့ဟာ ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်တာ ဘာမှမလုပ်ဘူးဆိုရင် စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ ဒုက္ခသည်တွေ တိုးပွားလာစေမှာ ဖြစ်တဲ့အတွက် ဂရီတာ ထွန်းဘယ်ရီ ကို ကျနော်တို့ အဆိုပြုခဲ့ခြင်း ဖြစ်ပါတယ်” ဟု နော်ဝေဆိုရှယ်လစ် လွှတ်တော်အမတ် ဖရက်ဒီအန်ဒရီ အော့စတီဂတ်က AFP သတင်းဌာနသို့ ပြောသည်။
“ဂရီတာ ထွန်းဘယ်ရီဟာ ကျနော့်အမြင်မှာ ငြိမ်းချမ်းရေးအတွက် အဓိက အခန်းကဏ္ဍက ပါဝင်သူတယောက် အဖြစ် လူထုလှုပ်ရှားမှုအသွင် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်” ဟု သူက ဖြည့်စွက်ပြောသည်။

တွစ်တာ စာမျက်နှာတွင် Asperger ရောဂါ ဖြင့် ၁၆ နှစ် အရွယ် ရာသီဥတုအရေး လှုပ်ရှားသူဟု သူ့ကိုယ်သူ ဖော်ပြထားသည့် ဆွီဒင် ဆယ်ကျော်သက်သည် ယမန်နှစ် သြဂုတ်လက ဆွီဒင်လွှတ်တော်ရှေ့တွင် ရာသီဥတု ပြောင်းလဲရေးအတွက် ကျောင်းသားလှုပ်ရှားမှုကို တကိုယ်တော် ပထမဆုံး စတင်ခဲ့သူဖြစ်သည်။
ယင်းနောက် သူသည် သောကြာနေ့အများစုတွင် ကျောင်းပျက်လေ့ရှိလာပြီး ပုံမှန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ပိုလန်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲနှင့် ဇန်နဝါရီလက ဒါးဗို့စ်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တို့တွင် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ဂရီတာ ထွန်းဘယ်ရီ သည် နိုင်ငံတကာ အာရုံစိုက်မှုများ ဆက်လက် ရရှိလာခဲ့သည်။
ဒါဗို့စ်မြို့တွင် ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များအား ထွန်းဘယ်ရီက “ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ ထိန်းချုပ်ရေး လုပ်ဖို့ ကျမတို့ ပျက်ကွက်နေတယ် ဆိုတာ သတိပြုရပါမယ်” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အပတ် သောကြာနေ့တွင် ထောင်နှင့်ချီသော ကျောင်းသားများ ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ ရာသီဥတု ပြောင်းလဲမှုအပေါ် ချီတက်ခဲ့ကြသည်။
ထွန်းဘယ်ရီသည် သောကြာနေ့များ အနာဂတ် လှုပ်ရှားမှုကို #FridaysForFuture ဟူသော ဟက်ရှ်သင်္ကေတအောက်တွင် ကျောင်းသားများ ဆန္ဒထုတ်ဖော်သည့် အသွင်ဖြင့် စတင်ရန် လှုံ့ဆော်ခဲ့သည်။

လက်ရှိကာလအထိ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနှင့် ဂျပန်ကဲ့သို့ နိုင်ငံများအပါအဝင် ကမ္ဘာတလွှားတွင် ရာသီဥတု ပြောင်းလဲလာမှုအတွက် ရုတ်တရက် သပိတ်မှောက် တောင်းဆိုခြင်းမျိုး ပေါ်ပေါက်လာလျှက် ရှိသည်။
သို့သော် သောကြာနေ့ ကျောင်းသားများ ချီတက်ဆန္ဒပြခြင်းမှာ ယခုကာလအထိ အကြီးမားဆုံးဖြစ်သည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်ခြင်းနှင့် ရွေးချယ်ခြင်း
အမျိုးသား နိုင်ငံရေးသမားများ၊ နိုင်ငံတကာ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ယခင် ဆုရဖူးသူများအကြား ဆုချီးမြှင့်ရန် အလားအလာ ကောင်းသူကို အမည်စာရင်းတင်သွင်း အဆိုပြုနိုင်ကြသည်။
ယင်းဆုကို အောက်တိုဘာတွင် ကြေညာပြီး ဒီဇင်ဘာလတွင် နော်ဝေမြို့တော် အော်စလိုတွင် ဆု နှင်းအပ်ပွဲ ကျင်းပသည်။
၂၀၁၉ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်သွင်းခံရသူ ၃၀၁ ဦးရှိပြီး ယင်းတို့အထဲမှ ၂၂၃ ဦးမှာ လူပုဂ္ဂိုလ် တဦးချင်းဖြစ်ကာ ၇၈ ဦးမှာ အဖွဲ့အစည်းများမှ ဖြစ်ကြကြောင်း နိုဘဲလ်ကော်မတီက ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။
ကိုးကား ။ ။ BBC