အမျိုးသမီးငယ်များအတွက် နည်းပညာကို အသုံးပြု၍ ဦးဆောင်မှုအပိုင်းနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပေးမည့် Tech Age Girls သင်တန်းကို မတ် ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Myanmar Book Center 3 တွင် ဖွင့်လှစ်လိုက်သည်။
၎င်းသင်တန်းသည် အသက် ၁၆နှစ်မှ ၂၀ အတွင်း အမျိုးသမီးငယ်များအား နည်းပညာနှင့် ဘဝတိုးတက်မှု အ တွက် အခြားလိုအပ်သော ကျွမ်းကျင်မှုနှင့် စွမ်းရည်များအား စာကြည့်တိုက်များတွင် စနစ်တကျလေ့ကျင့်သင် ကြားပေး၍ ၎င်းတို့၏ လူမူအသိုင်းအဝိုင်းတွင် ခေါင်းဆောင်များဖြစ်လာနိုင်ရုံသာမက ၂၁ ရာစု၏ စိန်ခေါ်မှုများ ကိုပါ စံပြအခန်းကဏ္ဍတခုတွင် ပါဝင်၍ ရင်ဆိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။
“ကျနော်တို့နိုင်ငံမှာ နည်းပညာကွာဟမှုက မြို့ပြနဲ့ ကျေးလက်ကွာဟမှုအပြင် Gender လို့ခေါ်တဲ့ ကျား၊ မ ကွာ ဟမှုကလည်း ရှိနေကြပါတယ်။ နည်းပညာနဲ့ စာကြည့်တိုက်တွေကို အသုံးပြုတဲ့နေရာမှာ မိန်းကလေးနဲ့ ယောကျာ်းလေး အချိုးချမယ်ဆိုရင် ယောကျာ်လေးက ၂ ဆလောက်ပိုများနေတာတွေ့ရတယ်။ ဒါကြောင့် အမျိုးသမီးငယ်လေးတွေကို နည်းပညာတွေသင်ပေးတယ်” ဟု MBAPF မှ Executive Director ဒေါက်တာ သန့်သော်ကောင်းက ဧရာဝတီသို့ ပြောကြားသည်။
Tech Age Girls ဆိုသည်မှာ နည်းပညာခေတ်မိန်းကလေးဟုခေါ်ပြီး ၎င်းစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် Myanmar Book Aid and Preservation Foundation(MBAPF)က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။Tag Age Girls သင်တန်း သည် အမျိုးသမီးငယ်များအား ITသင်တန်းပေးပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နိုင်မှု စွမ်းရည်နှင့် ဦးဆောင်မှု ပိုင်းဆိုင်ရာ အရည်အချင်းများအား သင်ကြားပေးသည်။
ဆက်လက်ပြီး ၎င်းက “ဒီလိုအသက်အရွယ်ကို ရွေးရတာက ဒီအမျိုးသမီးငယ်တွေက အများအားဖြင့် ၁၀တန်း အောင်ပြီးသား ဖြစ်နိုင်တယ်။ ပထမနှစ်၊ ဒုတိယနှစ်ကလေးတွေလည်း ဖြစ်နိုင်တယ်။ ဒီကလေးတွေက မကြာခင် အလုပ်ခွင် ဝင်တော့မယ်။ အဲဒီလို အလုပ်ခွင်မဝင်ခင်မှာ သူတို့တွေ အလုပ်တတ်ကျွမ်းမှုရှိပြီး အလုပ်ရှာဖွေတဲ့ နေရာမှာ အလုပ်ကောင်းရနိုင်ဖို့ ဖြစ်တယ်” ဟု ရှင်းပြသည်။
၎င်းသင်တန်းသူများ အရည်အချင်း ပြည့်လာစေရန် နည်းပညာပိုင်းဆိုင်ရာမှ သင်ကြားပေးသူများ၊ အမျိုးသမီး ခေါင်းဆောင်များ၊ နိုင်ငံရေး၊ စီးပွားရေးတွင် စွမ်းစွမ်းတမံလုပ်ဆောင်နေသည့် အမျိုးသမီးငယ်များနှင့် စွန့်ဦး တီထွင်အမျိုးသမီးငယ်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲများပြုလုပ်ပေးခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းကြောင့် ၃နှစ်ဆက်တိုက်အောင်မြင်ခဲ့သဖြင့် ISIF Asia 2018 Gender Empowerment and Innovation Award ဆုကို MBAPFမှ Tech Age Girls Myanmar Project ဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။ ၎င်းဆု သည် ကမ္ဘာတဝှမ်းမှ အမည်တင်သွင်းခြင်းခံရသည့် အဖွဲ့အစည်းပေါင်း ၁၂၂ဖွဲ့ထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သင်တန်းသူဟောင်းဖြစ်သူ မနန္ဒာ “ ဒီမှာက သင်တန်းသူဟောင်း trainer တွေလည်း လာပြန်တက်ကြတယ်။ ဒီသင်တန်းတက်တာက အလုပ်ရဖို့လွယ်တယ်။ ခေါ်ကြတယ်” ဟု ပြောသည်။
Tech Age Girls အစီအစဉ်အား ဒီဂျစ်တယ်စက်ပစ္စည်းများနှင့် စာကြည့်တိုက်များတွင် အင်တာနက်ချိတ်ဆက် ပေးခြင်းနှင့် သင်တန်းများပေးအပ်နိုင်ရန်အတွက် ကုန်ကျစရိတ်များ ပံ့ပိုးပေးခြင်း စသည့်တို့ကို ပေးအပ်နိုင်ရန် အတွက် အူရီဒူးက အစီအစဉ်တခုလုံးအတွက် ကူညီပံ့ပိုးပေးထားခြင်းဖြစ်သည်။
အူရီဒူးမြန်မာမှ Head of Corporate Communications ဦးတင့်နိုင်ထွဋ်က“အူရီဒူးမြန်မာအနေနဲ့ ဒီအစီအ စဉ်ကို ပံ့ပိုးရခြင်းက တဦးတယောက်အတွက် မဟုတ်ပဲ ကျနော်တို့ လူမူအဖွဲ့အစည်းနဲ့ တိုင်းပြည်ကို အကျိုး ပြုမယ့် အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာနိုင်စေဖို့ ဖြစ်တယ်” ဟု ရှင်းပြသည်။
Tech Age Myanmar program သည် သင်ကြားရေးနှင့် တီထွင်ဆန်းသစ်နိုင်မှုတို့အတွက် ရေရှည်တည်တံ့ ခိုင်မြဲသည့် လေ့ကျင့်သင်ကြားရေး နေရာများအား ဖန်တီး၍ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ပညာရေးနှင့် ခေါင်းဆောင်မှုအခွင့်အလမ်းများအား မြှင့်တင်ပေးလျက်ရှိသည်။