“ တချို့က nude ဆိုတာနဲ့ မကောင်းတဲ့အတွေးကို တွေးလိုက်တယ်။ ညစ်ညမ်းတယ်ပေါ့ ”လို့ သူက ဆိုသည်။
Nude ဆိုတာက အနုပညာလုပ်တခုဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်လုံးတီး ဓာတ်ပုံများ၊ ပန်းချီ၊ ပန်းပုစသည့်တို့ဖြင့် ပုံဖော်သည့် အနုပညာ ဖန်တီးမှု ဖြစ်သည်။
ပန်းချီစန္ဒာခိုင်သည် လွန်စွာ“ဝ“ဖိုင့်သည့် အဝတ်အစား မပါသောအမျိုးသမီးများ၏ ကောက်ကြောင်းအလှကို တစိုက်မတ်မတ်ရေးဆွဲနေသူဖြစ်ပြီး Nude ပန်းချီဖြင့် ပန်းချီအသိုင်းအဝိုင်းတွင် နေရာတခုရရှိထားသူလည်း ဖြစ်သည်။
“Nude ပြပွဲတွေကို ဖြစ်နိုင်ရင် ကိုယ့်ပြည်တွင်းမှာ များများပြစေချင်တယ်။ အဓိကက ဒါကို အနုပညာတခု အနေနဲ့ ရင်းနှီးသွားစေချင်တယ်” ဟု ပန်းချီစန္ဒာခိုင်က ၎င်း၏ဆန္ဒကို ပြောသည်။
ပန်းချီစန္ဒာခိုင်၏ ပန်းချီကားများသည် အောက်ခံကာလာအရောင်တခုပေါ်တွင် အနက်ရောင်စုတ်အပြားလိုင်း ထူထူကြီးဖြင့် အဝတ်အစားမပါသည့် ကိုယ်လုံးတီးအမျိုးသမီးဝတုတ်တုတ်ကြီးများ၏ ဟန်အမူအရာ အမျိုးမျိုးကို ရေးဆွဲထားခြင်းဖြစ်သည်။
လူတယောက်၏မျက်နှာ လှပခြင်းကို ရေးဆွဲခြင်းမဟုတ်ပဲ လူတယောက်၏ အလှဆုံးနေရာ၊ အရိုး၊ အကြော၊ အနိမ့်အမြင့်နှင့် အဖု အချိုင့်နှင့် ရေးဆွဲခြင်းသာ Nude ပန်းချီ ဖြစ်သည်။
အရှက်အကြောက်ကြီးသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် Nude ပန်းချီကားများကို အနုပညာတခုဟု လက်ခံထားခြင်း မရှိသည့်အတွက်ကြောင့် ပန်းချီပြပွဲတခု ပြုလုပ်ရန်အတွက်ကိုပင် များစွာအခက်အခဲ ရှိသည်။
Nude ပန်းချီသည် နိုင်ငံတကာတွင် အချိန်အတော်ကြာနေရာယူနေပြီဖြစ်သည့် အနုပညာ တခုဖြစ်သော် လည်း မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ထိ ပြပွဲသွားကြည့်ရန်ကိုပင် ရှက်ရွံ့သည့်အနေအထား၌ ရှိသည်။ ထိုသို့ ဖြစ်ရခြင်းက မြန်မာလူမျိုးများ၏ အရှက်အကြောက်ကြီးမှုနှင့် ရှေးရိုးစွဲများကြောင့်လည်း ဖြစ်သည်။
“ကလေးတွေ ရင်းနှီးအောင် ပြပွဲဖိတ်ရင် မိဘတွေက ဟယ် လုံးတီးတွေ မသွားနဲ့။ သူတို့က ရှူခင်းလေးတွေ၊ ဘုရားကျောင်းကန်လေးတွေဆို သွားကြည့်။ ဒါက ရှက်စရာကြီး၊ မကောင်းတဲ့စိတ်တွေ နိုးကြွားလာမယ်”ဟု ကလေးမိဘများ၏ Nude အပေါ်ထားသည့် သဘောထားကို ပန်းချီ စန္ဒာခိုင်က ပြန်လည်ပြောပြသည်။
ပန်းချီစန္ဒာခိုင်သည် အသက် ၂၀ ကျော်အရွယ်မှ စတင်ပြီး ပန်းချီပညာကို ပန်းချီဆရာဖေညွန့်ဝေ၊ ပုသိမ်မောင် မောင်သိမ်းနှင့် ဦးဝင်းဖေမြင့်တို့ထံတွင် လေ့လာသင်ယူခဲ့သည်။ ပန်းချီဆရာဖေညွန့်ဝေထံတွင်လည်း ကျောင်း အိပ်ကျောင်းစားသဘောဖြင့် ၁၀နှစ်ခန့် လေ့လာသင်ယူထားသူတဦးလည်း ဖြစ်သည်။
ပန်းချီဆရာဖေညွန့်ဝေသည် Nude ပန်းချီရေးဆွဲရာ အောင်မြင်ကျော်ကြားသည့် နာမည်ကြီး ပန်းချီဆရာ တယောက် ဖြစ်ပြီး ပန်းချီဝင်းဖေမြင့်က (still life)၊ (figure)နှင့် ရှုခင်းပုံများ ရေးဆွဲရာတွင် ထင်ရှားသူတဦး ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ပန်းချီတွင် အခြေခံကျသည့် ပုံကြမ်း(sketch)ရေးဆွဲရာတွင် အင်မတန်သေသပ်လှပသူများဖြစ်သည်။
ထို့အတူပဲ ပန်းချီစန္ဒာခိုင်သည်လည်း ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသည့်စကားအတိုင်း Nudeပန်းချီ ရေးဆွဲရာတွင် ဝလွန်းသည့်အမျိုးသမီးများကို ရေးဆွဲခြင်းဖြစ်သော်လည်း အဖုအထစ်ပါသည့် ၎င်း၏ ပုံကြမ်းများက များစွာ အသက်ဝင်လှသည်။
ဆရာဦးဝင်းဖေမြင့်က “ စန္ဒာခိုင်က အရမ်းကြိုးစားတဲ့သူပါ။ သူပန်းချီပေါ်မှာ ထားတဲ့စိတ်ထားက အရမ်း သန့်ရှင်းတယ်။ ဒီအချက်တွေကြောင့် အောင်မြင်တာ” ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံယဉ်ကျေးမူ အနေအထားအရ Nude ပန်းချီရေးဆွဲရန်အတွက် အဓိက အခက်အခဲက ထိုင်ပေးမည့် မော်ဒယ်မရှိခြင်းဖြစ်သည်။ နိုင်ငံတကာတွင် Nude မော်ဒယ် ထိုင်ပေးသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်း တခုအနေဖြင့် လုပ်ကြသော်လည်း မြန်မာ့အမျိုးသမီးများက ယဉ်ကျေးမှုအရ ငြင်းဆန်ကြသည်။
ပန်းချီစန္ဒာခိုင်က ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ မော်ဒယ်ခေါ်ပြီး တပတ်တကြိမ် သို့မဟုတ် မော်ဒယ်မရပါက နှစ်ပတ်တကြိမ်ခေါ်ယူဆွဲခဲ့ကြောင်း၊ ထု့ိသု့ိမော်ဒယ်ခေါ်ယူရေးဆွဲရာတွင် ဆရာများနှင့်အတူလေ့ကျင့်ရသည် ဆိုသော်လည်း ငယ်သည့်အရွယ်ဖြစ်ခြင်းကြောင့် ရှက်ရွံ့စိတ်မဖြစ်ခဲ့မိပါဟု ၎င်းက ဆိုသည်။
Nude ပန်းချီရေးရန် ကိုယ်လုံးတီးမော်ဒယ်ထိုင်ပေးသူ အများစုသည် လိင်အလုပ်သမများဖြစ်ကြသည်။ ၎င်းတို့ကို ၂၀၀၀ ခုနှစ်က တပတ်လျှင်တရက် ထမင်းကျွေးရပြီး အသွားအပြန် စရိတ်အပြီးအစီး ၃သောင်းပေးရသည်။ ထို လိင်အလုပ်သမများကိုယ်တိုင်က မော်ဒယ်ထိုင်ပေးသည့်အလုပ်ကို ပျင်းသည်ဟု အကြောင်းပြငြင်းဆိုကြသည်။
လိင်အလုပ်သမအများစုက လူအများဝိုင်းကြည့်ခံရခြင်းကို ရှက်သည်ဟု ဝန်ခံစကားဆိုသည်။ ပန်းချီ စန္ဒာခိုင်က ဗမာဖြစ်နေသည့်အတွက်ကို ရှက်ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် မော်ဒယ်ရှားလာသည့် နောက်ပိုင်း၌ ၎င်း၏ အမေနှင့်အမကို မော်ဒယ်ထိုင်ခိုင်းသည့်အခါ အမျိုးသမီးအချင်းချင်း ရှက်ကြောက်မှု ရှိကြသည်။
“ မြန်မြန်ဆွဲ၊ မြန်မြန်ဆွဲ အကျီချွတ်ကြီးနဲ့”ဟု ပန်းချီစန္ဒာခိုင်၏အမက မော်ဒယ်ထိုင်ပေးတိုင်း အော်တတ်သည့် အတွက် နောက်ပိုင်းတွင် အလုပ်ပျက်အကိုင်ပျက် မော်ဒယ်အရှာထွက်ရသည့်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် မော်ဒယ်ထိုင်ပေးခဲ့သူ ၁၅ ဦးကျော်ကို ဆွဲခဲ့သည့်အတွေ့အကြုံအရ မော်ဒယ်များသည် သက်ဝင်ပစ္စည်း တခုခုမပါပါက ပို့စ် ၁၀ ခု ထက်ပိုမလုပ်နိုင်သည်ကို သိရှိခဲ့ရသည်။
ထိုတွေ့ရှိခြင်းအပေါ် အခြေခံပြီး ဝဖိုင်ဖိုင် အမျိုးသမီးတဦးက ကိုယ်လုံးတီးနှင့် ကင်မရာတခုကိုင်ကာ အိုက်တင် အမျိုးမျိုး ပေးနေသည်ကို ပန်းချီ ပြပွဲတခုကို ပန်းချီစန္ဒာခိုင်က ပုံဖော်နိုင်ခဲ့သည်။
“လှည်းတန်းတို့ဘာတို့ဘက်မှာလည်း အကုန်ပတ်ရှာဖူးတယ်။ ကားစီးသွားရင် မိန်းမဝဝကြီးတွေ မြင်ရင် ဒီလူကို ဆွဲရင် တော်တော်လှမှာပဲ။ အဲဒီလိုလိုက်ကြည့်နေတာ”ဟု ရယ်မောစွာဖြင့် ပန်းချီစန္ဒာခိုင်က ပြောပြသည်။
ထို့အပြင် ၂၀၁၅ ခုနှစ် လက်ပံတန်းကျောင်းသားအရေးအခင်းဖြစ်နေသည့် အချိန်၌လူတိုင်းက သတင်းစာ၊ ဂျာနယ်များ အလုအယက် ဝယ်ဖတ်ကြသည်ကို သတိထားမိရာမှ သတင်းများနှင့် လူသားများအကြောင်း အပြန်အလှန် ဆက်နွယ်မှုတွေကို ဆင်ခြင်သုံးသပ်ပြီးနောက် ကိုယ်လုံးတီးပုံတူများထဲသို့ သတင်းစာ၊ ဂျာနယ် များထည့်ပြီး ရေးဆွဲခဲ့သည်။ အဆိုပါလက်ရာသည်ပန်းချီစန္ဒာခိုင်၏ ပထမဆုံးသော သုံးဖက်မြင်ရုပ်ကြွ လက်ရာဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာ့အသိုင်းအဝိုင်းအတွင်းတွင် Nude ပန်းချီကားများက ရောင်းရသည့် ပန်းချီကားစာရင်းတွင် ပါဝင်ခြင်း မရှိသကဲ့သို့ ပန်းချီဆရာများကလည်း ငွေကြေးရရှိမှုအတွက် ပန်းချီပြပွဲများ ပြုလုပ်ကြခြင်း မဟုတ်ကြ ပါ။
မြန်မာနိုင်ငံတွင် Nude ပန်းချီသက်သက် ပြသည့်ပြပွဲ လွန်စွာရှားပါးပြီး ဝယ်ယူသူက တရာတွင် တယောက်ရှိပါ သည်ဟု ပြောရန်ခက်သည်။ အဘယ်ကြောင့်ဆိုသော် Nude ပန်းချီကို အနုပညာအနေဖြင့် သတ်မှတ်ခြင်း မရှိ ခြင်းကြောင့်အပြင် Nude ပန်းချီကားများ ပြသမှုကိုလည်း စိစစ်ရေးက ပိတ်ပင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
၂၀၁၂ ခုနှစ်မတိုင်မီက Nude ပန်းချီကားများပြသခြင်းကို စိစစ်ရေးက ခွင့်ပြုခြင်းမရှိသော်လည်း ပန်းချီဆရာ များက ခိုးဝှက်ပြီး ဆွဲခဲ့ကြသကဲ့သို့ ပြပွဲလည်း ပြုလုပ်ခဲ့ဖူးသည်ဟု သိရသည်။
စစ်အစိုးရလက်ထက်က ၂၀၀၀ခုနစ်တွင် ဗိဿနိုးဂယ်လာရီတွင် Nude ပန်းချီပြပွဲ တိတ်တဆိတ်ပြုလုပ်ခဲ့ဖူး ကြောင်း၊ ထိုအချိန်က စစ်ဆေးရေး အရမ်း ကျပ်သည့်အချိန်ဖြစ်ခြင်းကြောင့် ပန်းချီအသိုင်းအဝိုင်းသာ သိကြပြီး ပါဝင်ပြသူ ၂၀ ဦးတွင် ပန်းချီစန္ဒာခိုင်အပါအဝင် မိန်းကလေး ၃ ဦးပါဝင်ခဲ့ကြောင်း သိရသည်။
၎င်းပွဲပြသပြီးနောက်ပိုင်း စစ်ဆေးရေးများက Nude ဆိုသော အရာပါတာနှင့် ဖြုတ်ခိုင်းသည့်အတွက် ထိုအချိန်က ပန်းချီပြပွဲတခုလျှင် စာမေးပွဲဖြေရသကဲ့သို့ ရင်တထိတ်ထိတ်နှင့် ပြသခဲ့ကြသည်ဟု ပန်းချီသမားများက ပြောပြကြသည်။
ပန်းချီစန္ဒာခိုင်က စစ်ဆေးရေးကျပ်နေသော်လည်း ၎င်းတို့ကို ပန်းချီကာ
းနှင့် ပတ်သက်ပြီး ဖြေရှင်းပြောပြ တတ်လျှင် ကင်းလွတ်ခွင့်ရနိုင်ပါသည်ဟု ၎င်း၏ကိုယ်တွေ့အဖြစ်အပျက်ကို ပြောပြသည်။
အမျိုးသမီးပန်းချီဆရာမများ စုပြီး ပြသသည့် ပြပွဲတခုတွင် ပန်းချီစန္ဒာခိုင်၏ Nude ပန်းချီကားပါသဖြင့် စစ်ဆေးရေးဖြုတ်ချမည်စိုးသောကြောင့် ပန်းချီကားကို ကာလာကွဲအရောင်ပြင်းပြင်းပိတ်စများဖြင့် ပတ်စည်း ထားလိုက်သည်။
ထိုပိတ်စများ ပတ်စည်းထားခြင်းနှင့်ပတ်သက်ပြီးစစ်ဆေးရေးက မေးသည့်အခါ “ပိတ်စက အဓိပ္ပါယ်ရှိတယ်။ လူတွေက မွေးကတည်းက ကိုယ်လုံးတီးပဲလေ။ မိခင်ဝမ်းထဲက ထွက်လာကတည်းက လူတွေက သဘာဝ အတိုင်းပဲ။ လူတွေက အဝတ်တွေ ဝတ်ထားလို့သာ အရှက်တရားကို အကာအကွယ် ယူလိုက်တာ။ အဲဒီ သဘောကို ပြချင်တာ”ဟု ပန်းချီစန္ဒာခိုင်က ပြန်လည်ဖြေကြားခဲ့သည့်အတွက် ပထမဆုံးအကြိမ် စစ်ဆေးရေးမှ ကင်းလွတ်ခွင့်ရပုံကို ဝမ်းသာအားရ ပြောပြသည်။
အဆိုပါပြပွဲသည် ပန်းချီစန္ဒာခိုင်အား လူသိများစေသည့် ပြပွဲတခုဖြစ်ခဲ့ကြောင်း သိရသည်။ ပန်းချီစန္ဒာခိုင်သည် ၎င်း၏ပထမဆုံး တကိုယ်တော် Nude ပန်းချီပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် “Naked Truth ”၊ ရန်ကုန်မြို့တွင် Studio Square တွင် “Naked Truth” “Sander Khaing Solo Show”နှင့် လောကနတ်ပန်းချီပြခန်းတွင် “Contentment Cows” ပြသခဲ့ပြီးဖြစ်သည်။
ပြသခွင့်လည်း မရသော Nude ပန်းချီသည် ရောင်းရလွယ်သည့် ပန်းချီကားလည်း မဟုတ်ပါ။ မည်သူကမျှလည်း အထင်ကြီးလေးစား ခံရသည့်အနုပညာမဟုတ်သော Nude ပန်းချီကို သူတို့ ဘာကြောင့် နှစ်ခြိုက်ခုံမင်စွာဖြင့် ရေးဆွဲနေကြသလဲဆိုသည့် အချက်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။
Nude ပန်းချီ ရေးဆွဲရခြင်းက မိန်းကလေးတယောက်၏ပျော့ပျောင်းလှပမှု၊ နူးညံ့သိမ်မွေ့မှုကို ဖော်ညွန်းပြသခြင်း ဖြစ်သကဲ့သို့ Nude ပန်းချီကို အနုပညာတခုကဲ့သို့မြင်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် ဖြစ်သည်။ ထို့အပြင် ပန်းချီဆရာတယောက်၏ ခန္ဒာဗေဒ ကျွမ်းကျင်ပိုင်နိုင်မှုကို ဖော်ပြသည့်အနုပညာတခုလည်း ဖြစ်သည်။
ထို့အပြင် Nude ပန်းချီကို လိင်ပိုင်းဆိုင်ရာ ရာဂစိတ်ကိုနိူးဆော်ရန်အတွက် ရေးဆွဲမည်ဆိုပါက အနုပညာ မဟုတ်သကဲ့သို့ ကြည့်ရှူသူအတွက်လည်း ရာဂစိတ်ဖြစ်ပေါ်စေပါက အနုပညာ မဟုတ်နိုင်ပါ။
မြန်မာနိုင်ငံတွင် ပန်းချီဖြင့် ချမ်းသာလာသူအရေအတွက်သည် လက်ချိုးရေတွက်၍ပင် ရပြီး ပန်းချီဆရာ အများ စုက သာမာန်ရုန်းကန်မှုဖြင့်သာနေကြရသည်။ နာမည်ရှိ ပန်းချီဆရာများသာ နိုင်ငံခြားသို့ သွားရောက်ပြသရန် အခွင့်အရေးရှိသည့်အတွက် ၎င်းတို့၏ ပန်းချီကားများသာ ဈေးကွက်ရှိသည့်အနေအထားဖြစ်သည်။
အနည်းငယ်သာရှိသည့် ပန်းချီကားစုဆောင်းသူများကလည်း Nude ပန်းချီကို ဝယ်ယူရန် အခက်အခဲရှိကြသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ယဉ်ကျေးမှုအရ Nude ပန်းချီကားကို ချိတ်ရန်နေရာ ရွေးသည့်အတွက် မစုဆောင်းဖြစ် ကြောင်း သိရသည်။
ပန်းချီကားစုဆောင်းသူ ကိုမျိုးက”ဒါတွေက ဧည့်ခန်းလည်း ချိတ်မရ။ အိပ်ခန်းထဲချိတ်တော့လည်း သမီးတွေနဲ့ ဆိုတော့ ကိုယ်က ကြိုက်တောင် မလွယ်ဘူး။ နေရာကျယ်ကျယ်ရှိမှပဲ။ သီးသန့်ထားတော့မယ်”ဟု ပြောသည်။
သို့သော်လည်း ရှေးဟောင်းပန်းချီဆရာကြီးများ၏ Nude ပန်းချီများက များစွာတန်ဖိုးရှိပြီး အပြိုင်အဆိုင် ဝယ်ယူ လိုသူများသည်။ ထို့ကြောင့် ပန်းချီ ဆွဲသက်နုနယ်သည့် ပန်းချီဆရာများအဖို့က ရောင်းရရန်မလွယ်ကူသဖြင့် အသက်မွေးဝမ်းကြောင်းတခုအဖြစ် ရပ်တည်ရန် ခက်ခဲသည်။
“ ဒီပန်းချီကားကို ဆွဲပြီးတော့ အခုအသက်အရွယ်အထိ ထမင်းစားပြီး ရပ်တည်ခဲ့တာ မဟုတ်ဘူး” ဟု ပန်းချီစန္ဒာခိုင်က သူ၏ရပ်တည်မှုကို ပြောခြင်းဖြစ်သည်။
၎င်းအနေဖြင့် ကိုယ်တိုင်ရွေးချယ်ထားသည့် ပန်းချီလမ်းကြောင်းပေါ်တွင် ပုံမှန်လျှောက်လှမ်းနေသည့်အတွက် ၎င်း၏ပန်းချီကားများသည့် လူအများအကြိုက်နည်း၊အဝယ်နည်းပြီး ပြည်တွင်းစုဆောင်းသူ လွန်စွာနည်းရခြင်းဟု ပန်းချီစန္ဒာခိုင်က မှတ်ချက်ပြုသည်။
ပန်းချီစန္ဒာခိုင်၏ ပန်းချီကားများသည် ပြည်တွင်းဝယ်ယူသူနည်းပါးပြီး ပြည်ပဝယ်လက်များပြားသည်။ အထူးသဖြင့် ဥရောပနိုင်ငံများက ဝယ်ယူသူများကြောင်း သိရသည်။
ထို့ကြောင့် ပန်းချီစန္ဒာခိုင်သည် ၂၀၁၄ခုနစ်က Asean Museums Collection ပြပွဲကို Busan Art Museum ပြုလုပ်ရာတွင်လည်း ပါဝင်ခဲ့သည်။ Bannned in Burma ပြပွဲကို ဟောင်ကောင်နှင့် လန်ဒန်မြို့ရှိ Tate Gallery စင်ကာပူမြို့ရှိ Art Stage တို့တွင်လည်း ဝင်ရောက်ပြသခဲ့သည်။
Nude ပန်းချီလောကတွင် အမျိုးသမီးများရေးဆွဲခြင်းကို လက်ခံခြင်းမရှိသေးသည့်အပြင် အမျိုးသားများရေးဆွဲ သည့်အခါမှာလည်း ဝေဖန်ခြင်း ခံရသည်။ မြန်မာ့အသိုင်းအဝိုင်းတွင် Nude ပန်းချီမှာ များစွာစိမ်းနေ ပါသေးသည်။ Nude ပန်းချီပြသခွင့်ပေးပြီးနောက်ပိုင်းတွင် ပန်းချီလောက၌ ရေးဆွဲသူများလာသော်လည်း ပြသခွင့်မပေးသည့် ပြခန်းများလည်း ယခုတိုင် ရှိနေသေးသည်။
“ဝင်လာပြီးတော့မှ ဟယ်ဆိုပြီး ထွက်ပြေးသွားကြတယ်။ အဲဒီလိုပဲ ဝင်လာပြီးတော့မှ ကိုယ့်ပန်းချီကားရှေ့ ရောက် ပြီးတော့မှ ချက်ခြင်းလွှဲပြီးတော့ ဟိုကြည့် ဒီကြည့်လုပ်ပြီး ပြန်လှည့်သွားတာတွေလည်း တွေ့ဖူး သေး တယ်။ အဲဒါထဲမှာ အရွယ်စုံပါတယ်။ ကိုယ်စီမှာ အဲဒီလိုမျိုးရှိနေတုန်းပဲ” ဟု ပန်းချီစန္ဒာခိုင်က ဝမ်းနည်းစွာဖြင့် ဆိုသည်။
ပန်းချီစန္ဒာခိုင်၏ပန်းချီကားများသည် အရောင်တခုပေါ်တွင် ကိုယ်လုံးတီးအမျိုးသမီးဝ၊ ဝကြီးများ၏ ခန္ဓာကိုယ်ကို ရေးဆွဲထားသည့်အတွက် မောင်နှမသားချင်း၊ သားအဖချင်း ကြည့်နိုင်သည့် ပန်းချီကားမျိုးဖြစ်သည်။
“ကျမဆွဲတဲ့ nudeက သားအဖချင်း၊ ပခုံးဖက်ကြည့်လို့ရတယ်။ မောင်နှမအချင်းချင်းလည်း လာကြည့်လို့ရတယ်။ မိသားစုလိုက်လည်း လာကြည့်လို့ရတယ်။ ဘယ်သူမဆို ကြည့်လို့ရတဲ့ nudeပေါ့။ ကိုယ့်စိတ်ထဲမှာတော့ ကိုယ် က အဒီဲလိုရည်ရွယ်ပြီး ဆွဲတာ မဟုတ်ဘူး။ ကိုယ့်ပန်းချီကားတွေကို အဲဒီလိုပဲ မြင်တယ်။ လာကြည့်လို့ရတဲ့ ပန်းချီကားမျိုးပေါ့။ ညစ်ညမ်းတာလည်း မပါပါဘူး။ ဒါပေမယ့် တော်တော် များများကတော့ လက်မခံနိုင်တဲ့ သူတွေ ရှိနေသေးတယ်” ဟု ပန်းချီစန္ဒာခိုင်က ပြန်လည်ရှင်းလင်းခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ပန်းချီဆရာဦးဝင်းဖေမြင့်ကလည်း” အဝတ်ချွတ်ထားတဲ့ ကိုယ်လုံးတီးပုံတွေ ကြည့်ရင်၊ ကြည့်တဲ့သူ ရာဂစိတ်ပေါ်ရင် အနုပညာ မဟုတ်ဘူး”ဟု ထောက်ပြထားသည်။
အသက်ကြီးပိုင်းရောက်နေသည့် နာမည်ကြီးပန်းချီဆရာများက ၎င်းတို့ငယ်စဉ်က ဂျပန်နိုင်ငံကလာသည့် Nude ပုံများကို ခိုးကြည့်၊ ခိုးဆွဲခဲ့ရပြီး ၎င်းတို့၏ဇနီးများက တွေ့ရှိသွားသည့်အခါ ဆုတ်ဖြဲခံရသကဲ့သို့ ပန်းချီဆွဲခြင်းကို လည်း ခေတ္တရပ်ဆိုင်းခံခဲ့ရသည်ဟု ရယ်မောစွာ ပြန်လည်ပြောပြကြသည်။
ပန်းချီစန္ဒာခိုင်သည် ပန်းချီတင်မဟုတ်ပဲ အနုပညာနှင့်ပတ်သက်သည့် အရာမှန်သမျှကို ဆန်းသစ်တီထွင်နေသူ ဖြစ်ကြောင်း ၎င်း၏နေအိမ်က သက်သေခံနေပါသည်။
၎င်း၏နေအိမ်အဝင်ဝ တံခါးတွင် ပန်းခြုံသဘောမျိုး အပင်လေးများကြားထဲတွင် စန္ဒာခိုင်ဟု အင်္ဂလိပ်လို သစ်သားပြား တခုပေါ်တွင်ရေးထားသည့် ဆိုင်းဘုတ်လေးကို ချိတ်ဆွဲထားသည်။ အိမ်ထဲဝင်လိုက်သည်နှင့် အမျိုးသမီးဝဝကြီးများထိုင်နေသည့် အရုပ်ကြီးများ၊ ဗူးသီးခြောက်များကို ဆေးသုတ်ထားတာလည်း တွေ့ရသည်။
ထို့အပြင် စာသင်ခုံကို အပေါက်ဖောက်ပြီး ဝါးပင်များစိုက်ထားသည့် အနုပညာတခုနှင့် ပန်းချီရေးဆွဲရန်ချ ထားသည် ပိတ်ကျစ်ပြီးသားပန်းချီကားတချပ်ကို အောက်ခံရေးလက်စတခုကို ရှိပြီး ဆွဲပြီးသား ပန်းချီကားပေါင်း များစွာကိုလည်း အထပ်လိုက်ထားထားသည်။
ကားဘီးအများကြီးကိုလည်း အထပ်လိုက်ထားထားပြီး ပစ္စည်းထည့်သည့် ခြင်းများကိုလည်း ကုတင် သဏ္ဍန်ပြု လုပ်ထားသည်ကိုလည်း တွေ့ရသည်။
သူသည် လက်ရှိစားဝတ်နေရေးအတွက် ကလေးငယ်များအား ပန်းချီပြသည့်အလုပ်ကို အချိန်ပိုင်းပြုလုပ်နေပြီး အပ်ထားသည့် ပန်းချီကားများကို ရေးဆွဲလျှက်ရှိသည်။
ပန်းချီစန္ဒာခိုင်ရေးဆွဲထားသည့် ၄ပေ×၅ပေ ခရိုင်လစ်ပန်းချီကားတချပ်ကို နိုင်ငံခြားသားဖြစ်ပါက သိန်း ၃၀ဖြင့် ရောင်းပြီး ဗမာအချင်းချင်းဆိုပါက ၁၅သိန်းဖြင့်သာ ရောင်းချမှုရှိသကဲ့သို့ ပန်းချီဆရာအချင်းချင်းကိုတော့ ညှိကာ ရောင်းပေးလိုက်ခြင်းမျိုးလည်း ရှိသည်ဟု သိရသည်။
၎င်းအနေဖြင့် ရောင်းရခြင်း၊ မရောင်းရခြင်းထက် Nudeပန်းချီကို လူအများက သိရှိနားလည်လက်ခံလာရန်နှင့် အနုပညာအဖြစ်မြင်လာတတ်စေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။