နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများ အတွက် တနေရာထဲတွင် ဝန်ဆောင်မှုပေးသည့် ဌာ နသို့ တလ အတွင်း ရောက်ရှိလာသည့် အကြမ်းဖက်ခံရသူ ၁၂ ဦး ရှိကြောင်း သတင်း ရရှိသည်။
စင်တာသို့ ရောက်ရှိလာသည့် ၁၂ ဦးထဲမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ၉ ဦးရှိပြီး၊ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ၃ ဦးရှိ ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် ၉ ဦးစလုံး အမှု ဖွင့်လှစ်၍ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၃ ဦးထဲမှ ၁ ဦး အမှုဖွင့်လှစ်ခဲ့ကြောင်း နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၊ မှုခင်းဆေးပညာဌာနမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာ တင်မိုးမိုးခိုင် က ရှင်းပြသည်။
အဆိုပါ ၁၂ ဦးမှာ သမီးရည်းစား အတွဲအနေဖြင့် တိုင်တန်းသည့် အမှု ၄ ဦး၊ လင်မယားချင်း ရန်ဖြစ်ရာမှ ဆေးရုံသို့ ရောက်ရှိလာသူ ၃ ဦး၊ သူစိမ်းယောက်င်္ကျားမှ အကြမ်းဖက် ပြုကျင့်သူ ၅ ဦး စုစုပေါင်း ၁၂ ဦး ရှိပြီး အသက်အရွယ် အပိုင်းမှာ ၃ နှစ်မှ ၅၃ နှစ် အရွယ် အမျိုး သမီးအထိ ပါဝင်ကြောင်း ကုတင် ၁၀၀၀ ဆေးရုံကြီး၏ မှတ်တမ်းများ အရ သိရသည်။
ဒေါက်တာ တင်မိုးမိုးခိုင် က “ အကြမ်းဖက်မှု ကိစ္စတွေမှာ အမှုဖွင့်ဆောင်ရွက်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဒဏ်ရာ ဒဏ်ချက်တွေကို မှတ်တမ်းတင်ရတယ်။ ထင်မြင် ချက်ပေးရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ သက်သေခံ အဖြစ် သွားရောက် ထွက်ဆို ပေးရပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ အများစုက အမှုဖွင့်တာ တွေ့ရပါတယ်” ဟု ပြောသည်။
ထိုသို့ အကြမ်းဖက်ခံ ရသူများကို နှစ်သိပ်ဆွေးနွေးပြီး၊ ကိုယ်ဝန်မရရှိရန် အတွက် တားဆေးတိုက်ကျွေးမှုများ ပြုလုပ်ခြင်း၊ သွေးဖောက် စစ်ဆေး ခြင်းများကို ပြုလုပ်၍ HIV ရောဂါပိုး နှင့် အခြား ရောဂါပိုးများ ကူးစက်ခံရမှု ရှိ၊မရှိကို စစ်ဆေးမှုများ ပြုလုပ်ပေးကြောင်း၊ ဆေး တိုက်ကျွေးရန်အတွက်လည်း အကြမ်းဖက်ခံရသူများကို ကျန်းမာရေး ပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းနှင့် ပြစ်မှု ကျူးလွန်သူကို အမှုဖွင့် အရေးယူလိုပါကလည်း တနေရာထဲမှာဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း နေပြည်တော် ကုတင် ၁၀၀၀၊ အရေးပေါ် ဌာနမှ သိရသည်။
နေပြည်တော် ကုတင် ၁၀၀၀၊ အရေးပေါ် ဌာနမှ အထူးကုဆရာဝန် ဖြစ်သူ ဒေါက်တာ သီသီဟန် က ‘’လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုလို ဖြစ်စဉ်မျိုးဆိုရင် ကျူးလွန်ခံရပြီး ၅ ရက် အတွင်း ကိုယ်ဝန် မရနိုင်အောင် ဆေးတိုက်ပေးနိုင်တယ်။ တချို့ဆိုရင်နားမလည်ဘူး။ ဒီလို မျိုးဖြစ်လို့သာ လာရတယ် သူတို့သည် ကိုယ်ဝန် ရသွားနိုင်တာလား၊ မရနိုင်တာလား ဆိုတာ မသိကြတာတွေ ရှိတယ်” ဟု ရှင်းပြသည်။
ဆေးလူမှု ဆက်ဆံရေး ဌာနမှ အရာရှိ ဦးအောင်အောင် ကလည်း အဆိုပါ စင်တာသို့ ရောက်ရှိလာသည့် အကြမ်းဖက်ခံရသည့် သူများမှာ စိတ်ပိုင်းဆိုင်ရာပါ အကြမ်း ဖက်ခံရလိုက်ရသဖြင့် အမှန်တိုင်း ထွက်ဆိုရန် အတွက် ယုံကြည်မှု အရင် တည်ဆောက်ရကြောင်း ပြောပြပြီး “ ဒီလိုတွေဖြစ်ပြီဆိုရင် အမေပါ လာတာမျိုး၊ အဒေါ် ပါလာတာမျိုး ရှိတယ်။ အဲဒီအခါမှာ သူတို့ရဲ့ အဖြေက အဖြေမှန် ဘယ်တော့မှ မထွက်လာဘူး။ အဲဒီလိုမျိုးဆို လူခွဲ လိုက်ရတာ မျိုး ရှိတယ်။ လူခွဲလိုက်ပြီးမေးတဲ့ အခါမှာ အမှန်တွေ ပေါ်လာတာ ရှိတယ်။ သူတို့မှာ စိတ်ဒဏ်ရာ ရှိနေတော့ သူစိမ်း မပြောနဲ့ မိခင်နဲ့ ဆွေမျိုးပါလာတာတောင် မပြောရဲတဲ့ စိတ်ဒဏ်ရာတွေ ရှိနေပါတယ်” ဟုရှင်းပြသည်။
အဆိုပါ စင်တာ ဖွင့်လိုက်ခြင်း အားဖြင့် အကြမ်းဖက်ခံရသူ အတွက် အကျိုးကျေးဇူး များစွာရရှိကြောင်း၊ စင်တာ မဖွင့်ခင်က အကြမ်းဖက် ခံရသည့် သူများ ရောက်ရှိလာပြီဆိုပါက အမှုဖွင့်မည်ဆိုလ ျှင် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းကို ပြန်လွှတ်ရကြောင်း၊ ယခုကဲ့သို့ စင်တာ ဖွင့်ထားခြင်းအားဖြင့် တနေရာထဲ အပြီးသတ် ဆောင်ရွက်ပေးနိုင်ကြောင်းကိုလည်း ဦးအောင်အောင်က ရှင်းပြသည်။
အမျိုးသမီးများဘက်မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် အရှိုအမျိုးသမီးများ အဖွဲ့အစည်း တည်ထောင်သူလည်း ဖြစ်သလို ဒါရိုက် တာလည်းဖြစ်သည့် မိုင်သန့်စီဦးက “ ဒီလို စင်တာ ရှိတာက ကျမတို့ အမျိုးသမီး အရေး ဆောင်ရွက်ပေးနေသူအတွက် အားတခု ဖြစ် စေပါတယ်။ တနေရာထဲမှာ အကုန် အဆင်ပြေအောင် ဆောင်ရွက်ပေးတာ ဖြစ်တဲ့ အတွက် အလွန်ကောင်းမွန်တဲ့ စင်တာ တခုဖြစ်ပါ တယ်” ဟု ပြောသည်။
အဆိုပါ စင်တာမှာ အရေးပေါ်ဌာနမှ တဆင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၄ နာရီ လုံး ဖွင့်လှစ်ထားမည် ဟုသိရသည်။ ၂၀၁၈ ခုနှစ် အတွင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ရောက်ရှိလာသည့် လူနာပေါင်း ၃၀ ကျော် ရှိသည်ဟုလည်း သိရသည်။
၂၀၁၅- ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ လူနေမှု ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက် စစ်တမ်းအရ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မှာ အမျိုးသမီး ၇ ဦးတွင် ၁ ဦးမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ ထိန်းချုပ်လွှမ်းမိုးခြင်းမှာ ၁၀ ဦးလျှင် ၃ ဦးမှာ ခင်ပွန်းသည်မှ ထိန်းချုပ် လွှမ်းမိုးမှု ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှု ခံနေရခြင်းမှာ အမျိုးသမီး ၅ ဦးတွင် ၁ ဦး ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးတွင် ၄ ဦးက ဒဏ်ရာများ ရရှိနေခြင်း ဖြစ်သည်ဟု သိရသည်။
ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသူများထဲမှ ၂၂ ရာခိုင်နှုန်းကသာ အကူအညီများ ရယူခဲ့ပြီး၊ ၃၇ ရာခိုင်နှုန်းမှာ ဖွင့်ဟ ပြောဆိုမှု မရှိခဲ့ကြခြင်း၊ ကျန် ၄၁ ရာခိုင်နှုန်းမှာ ဖွင့်ဟ ပြောဆိုသော်လည်း အကူအညီ များ မရခဲ့ကြောင်း စစ်တမ်း အရ သိရ သည်။
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံရှိ ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများ အတွက် တနေ ရာထဲ တွင် ဝန်ဆောင်မှုများ ရရှိ နိုင် သော ဌာန (One Stop Crisis Center (OSCC) For Gender Based Violence) ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က စတင် ဖွင့် လှစ်ခဲ့ခြင်း ဖြစ်ပြီး ရုပ်ပိုင်းဖြင့် ဖြစ် စေ၊ လိင်ပိုင်းဖြင့် ဖြစ်စေ၊ နှုတ်စကားဖြင့် ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ အကြမ်းဖက် နှိပ်စက်ခံ နေရသူများ အတွက် နေရာ တနေရာ ထဲတွင် ကူညီဖြေရှင်းပေးသည့် စင်တာ ဖြစ်သည်။
ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများ အနေဖြင့် အကြမ်းဖက်ခံရပါက ဆေးရုံသို့ လာရောက်စေလိုကြောင်း၊ ဆေးရုံဘက်မှလည်း ဘေးကင်း လုံခြုံမှု နှင့် သတင်း အချက်အလက်များ မပေါက်ကြားစေရန် အတွက် စောင့်ထိန်းမှု ၊ အကြမ်ဖက်ခံရသူများကို ခွဲခြား ဆက်ဆံ ခြင်းမပြုဘဲ ၊ တနေ ရာထဲမှာဘဲ ဝန်ဆောင်မှု ပေးနေခြင်းကို ပြည်သူများ အနေဖြင့် သိစေလိုကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ပပ ကဆိုသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လာမည့် နှစ်များတွင် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ ခရိုင်ဆေးရုံ များ အထိ တဆင့်ချင်း တိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း၊ အကြမ်းဖက်ခံနေရသူများအတွက် အားကိုးစရာ နေရာ တခု အနေဖြင့် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။