Women & Gender

မုဒိမ်းမှုကို တိုင်ချက်ဖွင့်တာနဲ့ ချက်ချင်းဖမ်းသင့်သလား

Want create site? Find Free WordPress Themes and plugins.

နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုနဲ့ တရားစွဲဆိုလိုက်တဲ့ အိမ် အကူအမျိုးသမီးကို ရက်ပိုင်းအတွင်းမှာပဲ လီဆယ်တိုင်တန်းမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ သာဓကဟာ အမျိုးသားတွေသာမက အိမ်ထောင်ရှင် အမျိုးသမီးတွေကြားမှာ အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။

“မိန်းကလေးမို့လို့ ဥပဒေက မုဒိမ်းမှုကို ယောက်ျားလေးဘက်က ဘာဖြေရှင်းချက်မှ မရှိဘူး၊ မိန်းကလေး ပဲ မှန်တယ်၊ အဲဒီမိန်းကလေးက လွန်ပါပြီပြောလို့ရှိရင် ယောက်ျားလေးက ဘလိုင်းကြီးခံရမှာလား၊ အဲဒါကတော့ မဟုတ်သေးဘူးလို့ ကျမထင်တယ်။ အဲဒါ မမျှတဘူး” လို့ သရုပ်ဆောင် သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင်ဇင်မာဦးက လီဆယ်တိုင်ကြားမှုနဲ့ အိမ်အကူပြန်အဖမ်းမခံရခင် ရုပ်သံအင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

ဒါကြောင့် မုဒိမ်းမှုနဲ့ တိုင်ချက်ဖွင့်ဖွင့်ချင်းမှာ စစ်ဆေးအမေးမြန်းမခံပဲ သရုပ်ဆောင်သီဟတင်စိုးက ရှောင်ထွက်သွားတဲ့အပေါ်မှာလည်း မှန်ကန်ကြောင်း အတော်များများက ထောက်ခံပြောဆိုခဲ့ကြပါတယ်။

ဒီအမှုပေါ်လာပြီးနောက်ပိုင်းမှာပဲ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အမှားအမှန်မသဲကွဲပဲ မုဒိမ်းမှုလို့ တိုင်ကြားလိုက်တာနဲ့ အပြစ်မဲ့တဲ့ အမျိုးသားတွေက အဖမ်းခံရတော့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဝေဖန်မှုတွေဟာ ဆူညံသွားခဲ့ပြီး မုဒိမ်းမှုဥပဒေလုပ်ထုံးလုပ်နည်းတွေအပေါ် မေးခွန်းထုတ်မှုတွေဟာ ဥပဒေ ဘက်တော်သား တွေထဲမှာပင် ထွက်ပေါ်လာခဲ့ပါတယ်။

“အမျိုးသမီးတွေအတွက် အမျိုးသမီးအသင်းကာကွယ်စောင့်ရှောက်ရေးရှိသလို အမျိုးသားတွေအတွက်လည်း အမျိုးသားကာကွယ်စောင့်ရှောက်ရေးတွေလိုပြီဆိုပြီးတော့ ကာတွန်းတွေရေးသလိုတောင်မှ ဖြစ်လာဝကတာပေါ့နော်။” ဆိုပြီး တရားလွှတ်တော်ရှေ့နေတဦးဖြစ်သူ ဦးအောင်စိုးက ဆိုပါတယ်။

လူသတ်မှုပြီးရင် အကြီးမားဆုံးအမှုဖြစ်တဲ့ မုဒိမ်းမှုဟာ အာမခံ မရတဲ့ ကြီးလေးတဲ့အမှုဖြစ်ပါတယ်။ ရဲအရေး ပိုင်တဲ့အမှုဖြစ်တဲ့ မုဒိမ်းမှုနဲ့ တိုင်ကြားပြီဆိုရင် ထိခိုက်နစ်နာသူက ပထမဦးဆုံးသတင်းပေးတိုင်ကြားချက်လို့ခေါ်တဲ့ FIR (First Information Report) အရ ရဲစခန်းမှာအမှုဖွင့်နိုင်ပါတယ်။ ရဲလုပ်ထုံးလုပ်နည်းအရ တရားလို၊ တရားလိုပြသက်သေတွေနဲ့ စွပ်စွဲခံရသူ၊ စွပ်စွဲခံရတဲ့ သက်သေတွေကို စစ်ပြီးတဲ့ အခါ ဥပေဒအကြံပေးရဲ့ အကြံပြုချက်အရ ဖမ်းဆီးတဲ့အဆင့်ကို လုပ်ဆောင်ရပါတယ်။

ဒါပေမဲ့ အချို့အမှုတွေမှာ ချက်ချင်းတိုင်တာနဲ့ ချက်ချင်းဖမ်းတာမျိုးတွေ ရှိတဲ့အတွက် သေချာမှုမရှိတဲ့ အမှုတွေမှာဆို အတိုင်ခံရတဲ့သူဘက်ကို နစ်နာမှုဖြစ်စေတာကြောင့် ရဲလုပ်ထုံးလုပ်နည်းအဆင့်ဆင့် လုပ်ဆောင်ရာမှာ ဖြစ်ခဲ့တဲ့အကြောင်းအရာအပေါ် မူတည်ပြီး ရဲစခန်းတွေရော၊ ဥပဒေရုံးတွေကပါ သေချာစဉ်းစားစေချင်တယ်လို့ ရှေ့နေဦးအောင်စိုးက ဆိုပါတယ်။

“လွယ်လင့်တကူ စွပ်စွဲတိုင်းတော့ လက်မခံသင့်ဘူးပေါ့။ သေသေချာချာ စုံစမ်းပြီးတော့ အထောက်အထား ခိုင်မာမှပဲ စွပ်စွဲသင့်တယ်၊ ဖမ်းဆီးသင့်တယ်။ ဒါမှပဲ အမှန်တရားပေါ်မှာပေါ့” လို့ ရှေ့နေက ပြောပါတယ်။

ဒါပေမဲ့ တခြားအမှုတွေလို ကျူးလွန်မှုရှိသည် (သို့) မရှိသည်ကို ဝိဝါဒ ကွဲပြားမှု မရှိတဲ့ မုဒိမ်းမှုလို အမှုကို “အထောက်အထားခိုင်လုံမှု” ရှိတဲ့အထိ အချိန်ယူစစ်ဆေးပြီးမှ ဖမ်းမယ်ဆိုရင်၊ တကယ်ကျူးလွန်သူတွေ လွတ်သွားမလားဆိုတဲ့ စိုးရိမ်ဝေဖန်မှုတွေကလည်း တဖက်မှာ မြင့်မားနေဆဲ ဖြစ်ပါတယ်။

“အဲဒီလိုမျိုးတွေ တိုင်ချက်ဖွင့်ပြီးတော့ ရဲက စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတော့ မဖမ်းသင့်ဘူးဆိုလို့ရှိရင် အမှန် တကယ်ကျူးလွန်တဲ့သူတွေ ပြေးဖို့အတွက် အချိန်ပေးသလို ဖြစ်သွားမှာပေါ့” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုပါတယ်။

တိုင်ချက်ဖွင့်လာပြီဆိုရင် လိုအပ်တဲ့စစ်ဆေးစုံစမ်းမှု၊ သက်သေခံပစ္စည်း သိမ်းဆည်းမှုနဲ့ တရားခံလို့ ယူဆရသူကို ဖမ်းဖို့က ရဲတာဝန်ဖြစ်ပြီး သက်သေအထောက်အထား ခိုင်လုံမခိုင်လုံဆိုတာက တရားရုံးလုပ်ငန်းစဉ်ဖြစ်တယ်လို့ ရှေ့နေဒေါ်လှလှရီက ပြောပါတယ်။

ပထမဆုံး တိုင်ကြားချက်ပြုတဲ့အဆင့်မှာ မုဒိမ်းမှုဖြစ်နိုင်ချေများကြောင်း အတည်ပြုပေးရတဲ့ ရဲတွေနဲ့ ဥပဒေ အကြံပေးသူတွေရဲ့ ဆင်ခြင်တုံတရားကလည်း အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ မုဒိမ်းမှု ဖြစ်ကြောင်း အတည်ပြုပေးနိုင်တဲ့ သက်သေခံပစ္စည်းတွေဖြစ်တဲ့ သုတ်ရည်သုတ်ပိုးရှိတဲ့ အဝတ်အစား၊ ကိုယ်အင်္ဂါဒဏ်ရာ၊ အလိုမတူလို့ ရုန်းကန်အော်ဟစ်ခြင်းရှိ၊ မရှိ၊ ချက်ချင်းတိုင်ကြားခြင်း ရှိ၊ မရှိ စတဲ့အချက်တွေ ဟာလည်း မြန်မာ့လူမှုအသိုင်းအဝိုင်းကြား အခုချိန်ထိ အငြင်းပွားဖွယ်အဖြစ် ရှိနေဆဲပါ။

အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ အာဏာ၊ အခြားကာမဆက်ဆံမှုနည်းလမ်းသုံးမှု၊ အခြားယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေကလည်း ကျူးလွန်ခံရသူ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ သက်သေအထောက်အထားပေးဖို့ အဟန့်အတားတွေ အများကြီးရှိနေတာကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြသလို အဲဒီအချက်တွေကပဲ လီဆယ်သူ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတရပ်ဖြစ်နိုင်တယ်လို့ အချို့က ပြန်ဝေဖန်ကြပါတယ်။

၂၀၁၆ ခုနှစ်က ဟင်္သာတမြို့နယ်က ကျောင်းထိုင်ဘုန်းကြီးတပါးကျူးလွန်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို အထောက်အထားခိုင်လုံတဲ့ DNA စစ်ချက်နဲ့အတူ တရားစွဲဆိုခဲ့ပေမယ့်လည်း ၂၀၁၈ သြဂုတ်လမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်နိုင်ခဲ့တဲ့ သာဓကတွေရှိသလို မုဒိမ်းမှုတိုင်ကြားသည့် သတင်းထွက်တာနဲ့ ထွက်ပြေးလွတ် မြောက်နေဆဲတရားခံတွေလည်း ရှိနေပါတယ်။

အခုလို မုဒိမ်းမှုတွေ အရမ်းများနေတဲ့ မြန်မာနိုင်ငံမှာ သက်သေသာဓကတွေ မရသေးခင်မှာပဲ တိုင်ချက်ဖွင့်ရင် ဖမ်းဖို့လိုတယ်လို့ အက္ခရာအမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာမထားထားက ဆိုပါတယ်။

“လိမ်လည်တိုင်ကြားတာတွေလည်း ဖြစ်လာမှာပဲ။ တချို့တလေ ခံရကြမှာပဲ။ ဒါပေမယ့် မုဒိမ်းမှုတွေ အများကြီး ဖြစ်နေတဲ့နိုင်ငံမှာ ကြည့်မယ်ဆိုရင် ဖမ်းဖို့လည်းလိုတယ်။ တရားခံက ပြေးနေတယ်ဆိုရင် ပိုလည်း ကြောက်စရာကောင်းတယ်” လို့ မထားထားက ပြောပါတယ်။

ဒါပေမယ့် မဟုတ်မမှန် လိမ်လည်တိုင်ကြားမှုကြောင့် လနဲ့ နှစ်နဲ့ချီ အချုပ်ခန်းကနေ တရားရင်ဆိုင်နေရမယ့် အပြစ်မရှိတဲ့ အမျိုးသားအတွက်၊ သူ့ရဲ့မိသားစုဂုဏ်သိက္ခာအတွက်ကတော့ ကုစားလို့မရနိုင်တဲ့ လူ့အခွင့် အရေးနစ်နာမှုတရပ်ဖြစ်တယ်လို့ ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီနေရာမှာ အပြစ်ရှိတယ် မရှိဘူးဆိုတဲ့ တရားရုံးဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးတော့ စွပ်စွဲခံရသူအနေနဲ့ သူရဲ့နစ်နာမှုအတွက် ပြန်ပြီးတော့ တရားစွဲဆိုခဲ့သူကို တန်ပြန်တရားစွဲဆိုနိုင်ပါတယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။

“မဟုတ်မမှန် အဲဒီလိုမျိုး လိမ်လည်ပြီး တိုင်တန်းစွဲဆိုတဲ့ကိစ္စတွေမှာဆိုရင် အဲဒီလိုလီဆယ်ပြီး တိုင်တန်းတဲ့သူက ပြန်ပြီးတော့ ပြစ်မှုကြောင်းနဲ့ တရားမကြောင်းနဲ့ တရားစွဲခံရနိုင်တယ်။ အရမ်းကို အန္တရာယ်များပါတယ်” လို့ ရှေ့နေဒေါ်လှလှရီက ဆိုပါတယ်။

၂၀၁၈ ခုနှစ်ထဲ တိုင်ကြားခံရတဲ့ မုဒိမ်းမှုတွေထဲမှာ လီဆယ်တိုင်တန်းတယ်လို့ တန်ပြန်စွဲချက်တင်ခံရတဲ့ အိမ်အကူ ခင်မာမြင့်လို အမှုကတော့ အလွန်အဖြစ်နည်းတယ်လို့ ဆိုနိုင်ပါတယ်။

လီဆယ်ခြင်းဟုတ်၊မဟုတ်ကို အမှုမှန်ပေါ်ပေါက်အောင်လုပ်ဖို့က ရဲတွေ၊ တရားရှေ့နေတွေနဲ့ တရားသူကြီး တွေရဲ့ တာဝန်ဖြစ်တယ်လို့ အက္ခရာအမျိုးသမီးဖွဲ့ခေါင်းဆောင် မထားထားက ဆိုပါတယ်။

“နာမည်ကြီးတဲ့အမှုလေးတခုကိုကြည့်ပြီး လက်ရှိဖြစ်နေတဲ့ ခံနေရတဲ့ လူကြီးမပြောနဲ့၊ ကလေးမုဒိမ်းမှုတွေ တောင် ဒီလောက်များနေတာကို ရိုးရိုးလေးပဲ လူပြိန်းတွေးနည်းလေးနဲ့ ဆင်ခြင်ကြည့်မယ်ဆိုရင်တောင် ဘာမှမပြောပလောက်ဘူး။ ဒီဟာကြောင့် ဖမ်းသင့်မဖမ်းသင့် စဉ်းစားစရာကို မလိုဘူး”လို့ သူက ယုံယုံကြည်ကြည်ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ မှုခင်းစစ်တမ်းအရ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေဟာ ၂၀၁၆ ခုမှာ ၁၁၀၀ မှု၊ ၂၀၁၇ ခုနှစ်မှာ ၁၄၀၅ မှုနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်းမှာပင် ၂၂၉ မှု ရှိခဲ့ကြောင်း ရဲ တပ်ဖွဲ့ရဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခြားစစ်တမ်းတွေအရ တနင်္သာရီတိုင်း တခုတည်းမှာတင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာ(၂၆)ရက်အတွင်းမှာ မုဒိမ်းမှု (၆၄)မှုရှိတယ်လို့ သိ ရပါတယ်။ ဒီအချက်အလက်တွေဟာ တရားဥပဒေရှေ့မှောက် ရောက်ရှိခဲ့တဲ့ အမှုတွေသာဖြစ်ပြီး တရားရေး မဏ္ဍိုင်တည့်မတ်ဖို့နဲ့ လူတိုင်းဥပဒေရှေ့မှောက်တန်းတူရှိဖို့ တောင်းဆိုနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရား ဥပဒေရှေ့မှောက် မရောက်ရှိခဲ့တဲ့ မုဒိမ်းမှုတွေ ဘယ်လောက်ရှိနေမလဲဆိုတာကတော့ ဘယ်သူမှ မခန့်မှန်း နိုင်ပါဘူး။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်သည့် HI ( Honest Information) မှ ကူးယူဖော်ပြပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading