ကချင်ပြည်နယ်အတွင်း တိုက်ပွဲများအကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက် ခဲ့သလို အမျိုးသမီးများအရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သော၊ ၂၀၁၉ ခုနှစ် အတွက် ချီးမြှင့်သည့် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်(အထူးဆု) ချီးမြှင့်ခံရသော မဆွတ်ဆိုင်းထွယ်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခံရတဲ့အပေါ် ဘယ်လို ပြောပြချင်ပါသလဲရှင့်။
ဖြေ။ ။ ဘာကြောင့်ဆိုရလဲဆိုတော့ နံပါတ်တစ် အချက်အနေနဲ့က လူငယ်တွေလည်း ဖြစ်တယ်။ လူငယ်တွေအနေနဲ့ ရဲရဲဝံ့ဝံ့နဲ့ အစိုးရကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို တောင်းဆိုခဲ့တယ်။ ဒါကြောင့်မို့ international Myanmar commumity က ဂုဏ်ပြုတယ်လို့ ထင်ပါတယ်။
နံပါတ်နှစ်အချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်တွေ မဟုတ်ပဲနဲ့ တရားမျှတမှုနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအတွက် ကချင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေ ကျမနဲ့အတူ လူငယ် အပေါင်းအဖော်တွေအကုန်လုံးက တောင်းဆိုခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံကို တရားမျှတဲ့ နိုင်ငံတော်ကြီး ဖြစ်လာဖို့ လုပ်ဆောင်ကြတဲ့အတွက် လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့ ဂုဏ်ပြုတယ်လို့ ခံယူပါတယ်။
မေး ။ ။ ဆုချီးမြှင့်ခံရတဲ့အပေါ် ဘာများပြောချင်ပါသေးသလဲ။
ဖြေ ။ ။ ဒီလိုမျိုးဆုချီးမြှင့်တဲ့အတွက်ကြောင့်မို့ နံပါတ်တစ်ကတော့ အမောပြေပါတယ်။ အရမ်းကိုလည်း ကိုယ့် ကိုယ်ကိုယ် ပြန်ပြီးတော့ ဂုဏ်ယူမိတယ်။ ပြီးတော့ဒီဆုက ကျမတယောက်ထဲကြိုးစားမှုအတွက်ကြောင့် မဟုတ် ပါဘူး။ ကချင်ပြည်နယ်မှာ ရှိတဲ့လူငယ်နဲ့ ပြည်သူလူထုတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အားလုံးအတူတကွ တရား မျှတမှုအတွက် ရဲရဲဝံ့ဝံ့နဲ့ တောင်းဆိုခဲ့ကြတဲ့လူငယ်တွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အခုလိုဆုချီးမြှင့် ပေးတာ ကလည်း မြန်မာနိုင်ငံကြီး ဒီထက်ပိုပြီး လွတ်လပ်တဲ့ တရားမျှတတရားစီရင်ရေးနဲ့အတူ ငြိမ်းချမ်းလာဖို့ အတွက် ပံ့ပိုးတယ်လို့ ပြောချင်ပါတယ်။ ဒီဆုကိုချီးမြှင့်ပေးတဲ့ နိုင်ငံတကာရောက်မြန်မာမိသားစုတွေကို လှိုက် လှိုက်လဲှလဲှကို ကျေးဇူးတင်ပါတယ်။
မေး ။ ။ လူမူရေးလုပ်ငန်းနဲ့ပတ်သက်ပြီး တခြားဆုတွေရဖူးတာရှိသေးလား။
ဖြေ ။ ။ မရှိပါဘူး။ ဒါက ပထမဆုံးရရှိတဲ့ဆုဖြစ်တယ်။
မေး ။ ။ တက်ကြွလှုပ်ရှားသူအနေနဲ့ ဘယ်အချိန်ကစပြီး လုပ်ဖြစ်တာလဲ။ လုပ်ဆောင်ခဲ့ဖူးတာရှိရင် ပြောပြ ပေးပါဦး။
ဖြေ ။ ။ ကျမ ၂၀၁၅ ခုနစ်မှာ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့နဲ့ အလုပ်တွဲလုပ်ရင်း ပညာတွေ အများကြီး သင်ယူခဲ့တယ်။၂၀၁၆ခုနစ်မှာ ကချင်ပြည်နယ်အခြေစိုက်ဖြစ်တဲ့ ကချင်အမျိုးသမီးသမဂ္ဂမှာ ပရိုဂရမ် မန်နေဂျာ အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ အဓိကကတော့ အမျီုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုး သမီး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ ုလုပ်ဆောင်ခဲ့တယ်။ အဲဒါတွေလုပ်တာနဲ့ တပြိုက်နက်ထဲ ကျမလည်း လူငယ်တဦး ဖြစ်တဲ့ အတွက် ၂၀၁၇၊ ၂၀၁၈မှာ လူငယ်တွေကို ဖွဲ့စည်းခဲ့တယ်။ အဖွဲ့အစည်းတော်တော်များများနဲ့ ချိတ် ဆက်ပြီး အခုလို လူငယ်တက်ကြွလှုပ်ရှားသူအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်။
ကျမက အမျိုးသမီးအရေးလုပ်ဆောင်နေသလို နောက်တဖက်မှာလည်း ကချင်လူငယ်ကွန်ရက်ပေါ့။ ကချင်ပြည် နယ်ထဲမှာ ရှိတဲ့လူငယ်တွေနဲ့ ချိတ်ဆက်ထားတဲ့အဖွဲ့အစည်းမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင် ရွက်နေပါတယ်။ ကချင်လူငယ်ထုလှုပ်ရှားမှုမှာ ကော်မတီအဖွဲ့ဝင်အနေနဲ့ အဓိက ဦးဆောင်ပြီးုလုပ်နေပါတယ်။
၂၀၁၆ခုနှစ် ကချင်အမျိုးသမီးသမဂ္ဂမှာ စလုပ်ကတည်းက အဓိကကတော့ စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေးတွေအဓိက ပိုပြီးမှ ဦးစားပေးလုပ်ဆောင်ခဲ့တာဖြစ်တယ်။
မေး ။ ။ ပိတ်မိပြည်သူတွေလွတ်မြောက်ရေး ဆောင်ရွက်နိုင်ဖို့ ဘာတွေက တွန်းအားဖြစ်စေခဲ့လဲ။
ဖြေ ။ ။ စစ်ကြောင့်တောထဲမှာပိတ်မိနေတဲ့အမျိုးသမီးများရဲ့ ခက်ခဲငိုကြွေးနေတဲ့အကူအညီတောင်းသံနှင့် ကလေး သူငယ်တွေကြောင့် ပိုပြီးတွန်းအားပေးသတ္တိရှိစေပါတယ်။
မေး ။ ။ ပိတ်မိပြည်သူအရေးဆောင်ရွက်စဉ်က ခက်ခဲပင်ပန်းမှုအကြောင်း ပြောပြပေးပါအုံးရှင့်။
ဖြေ ။ ။ ၂၀၁၈မှာ ဧပြီ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေလွတ်မြောက်ဖို့အတွက် လုပ်ဆောင်တဲ့အချိန်မှာ ကျမတို့တွေသည် ဆန္ဒထုတ်ဖော်ပြောဆိုမှုတွေမလုပ်သေးတဲ့အချိန်မှာ အမျိုးသမီးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး တော့ ကချင်ပြည်နယ်အစိုးရကို အိတ်ဖွင့်ပေးစာတွေ ပေးတယ်။ပြီးတော့ နည်းလမ်းအမျိုးမျိုးသုံးပြီးတော့ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် အရာမထင်ဘူး။ အစိုးရက သြင်္ကန်တွင်းဖြစ်နေလို့၊ ရုံးပိတ်လို့ တပ်ပိုင်းက ခွင့်မပြုဆိုတဲ့အကြောင်းပြချက်နဲ့ပဲ ပြည်သူတွေဟာ အကြာကြီး တလနီးပါးတောထဲမှာ ပိတ်မိနေတယ်။ အဲဒီ အချိန်မှာ ကျမတို့ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး လူငယ်တွေက လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ စိတ်ဓာတ်နဲ့ ပိတ်မိနေတဲ့ပြည်သူတွေ လွှတ်မြောက်ဖို့အတွက် သပိတ်စခန်းဖွင့်ပြီး တောင်းဆိုခဲ့တာဖြစ်တယ်။
အဲဒီလိုတောင်းဆိုတဲ့အခါမှာ ကျမတို့နိုင်ငံမှာက ခေတ်အဆက်ဆက်ပြန်ပြီး ကြည့်လိုက်မယ်ဆိုရင် ဖြိုခွင်းမှုတွေ အများကြီးခံနေရတယ်။ အဲဒီလိုဖြိုခွင်းမှုတွေအများကြီးခံခဲ့ရတယ်ဆိုတဲ့သမိုင်းရှိနေတဲ့အချိန်မှာ လူငယ်တွေက တော့ အများကြီး စိတ်တက်ကြွတယ်။ တက်ကြွတယ်ဆိုတာ ဒါလူသားချင်းစာနာမှုဆိုတဲ့စိတ်က လူငယ်တွေမှာ အပြည့်အဝရှိနေတဲ့အချိန်မှာ မိဘတွေတားပေမယ့် မရဘူး။ အကုန်လုံးသပိတ်စခန်းမှာ လာပြီး ဆန္ဒပြတောင်း ဆိုတယ်။
အဲဒီအချိန်မှာ အမြဲတမ်းဦးဆောင်နေတဲ့ ကျမတို့တွေက အများကြီးစိုးရိမ်နေတယ်။ ဘယ်အချိန်မှာလာပြီး ဖြိုခွင်းသွားမလဲဆိုတဲ့ ဒါကနံပါတ်တစ်စိုးရိမ်မှုဖြစ်တယ်။ နံပါတ်နှစ်အချက်က ကျမတို့တွေက ဆန္ဒပြတောင်းဆို တဲ့အချိန်မှာလည်း ကျမတို့က အကြောင်းကြားတယ်။ ခွင့်ပြုမိန့်တွေ ကျမတို့အဆင့်ဆင့်တောင်းခံခဲ့တယ်။ ဒါပေမယ့်အဆင့်ဆင့် ကျမတို့ကို ပိတ်ပင်ခဲ့တယ်။ ဒါတွေကလည်း ကျမတို့ကို တော်တော်လေး ခက်ခဲပင်ပန်း စေတဲ့အရာတွေဖြစ်တယ်။
နောက်တခုက အရမ်းခက်ခဲပင်ပန်းပြီး ဖိအားများခဲ့တဲ့အရာကတော့ ကျမတို့ လူငယ်တွေ လိုချင်တာက ဆူပူမှု မဟုတ်ဘူး။ ကျမတို့လိုချင်တာက တောတောင်ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေအမြန်ဆုံး လွှတ်လာပြီးတော့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီရဖို့ဖြစ်တယ်။ ဒါပေမယ့် ကျမတို့ ဒီလိုတောင်းဆိုနေတဲ့အချိန် အစိုးရဘက်ကလည်း ဒါကိုအရေးမလုပ်ပေးတဲ့အချိန်မှာ အရမ်း စိုးရိမ်တယ်။ ဒီလိုသပိတ်စခန်းဖွင့်တာက ပိတ်မိပြည်သူတွေ အမြန်ဆုံးလွှတ်လာဖို့။
ဒါက ဆူပူမှုအသွင် သူတို့ပုံဆောင်ပေးလိုက်မှာကို အရမ်းစိုးရိမ်ပြီး အဲဒီလိုမဖြစ်အောင် တော်တော်လေးကို စီမံလိုက်ရတယ်။ ကော်မတီငယ်လေးတွေဖွင့်ပြီး ဆောင်ရွက်ရတယ်။ ဒါတွေက တော်တော်လေးဖိအားဖြစ်စေတဲ့အရာဖြစ်တယ်။ ဒီလိုမျိုး သပိတ်စခန်းတွေအပေါ်မှာ အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုဖြစ်ပေါ်စေတဲ့ လူတစုတွေကတော့ အမြဲရှိနေစမြဲဆိုတော့ ဒါက ဖိအား တခုဖြစ်စေတယ်။
မေး ။ ။ အမျိုးသမီးတယောက်အနေနဲ့ ယခုလိုလူမူရေးလုပ်ငန်းတွေလုပ်ရတော့ ခြိမ်းခြောက်ခံရမှုတွေရှိလား။
ဖြေ ။ ။ ပိတ်မိပြည်သူအရေးလှုပ်ရှားနေတဲ့အချိန်မှာရော ၊အဲဒါပြီးတဲ့နောက်ပိုင်းမှာပါ အမျိုးသမီးတဦးဖြစ်တဲ့ အတွက်ကြောင့်မို့ပဲ ကျမတို့မြန်မာနိုင်ငံက အမျိုးသမီးဆိုတာနဲ့ ကျမတို့ရဲ့ လူမူပတ်ဝန်းကျင်က လူတယောက်ရဲ့ အားနည်းချက်တွေကို လိုက်ရှာတာမျိုး အဲဒါတွေ ရှိတယ်။ အဲဒီတော့ လူမှုပတ်ဝန်းကျင်ရဲ့အမျိုးသမီးဖြစ်ပြီးတော့ ဒီလိုမျိုးတွေလိုက်လုပ်နေတယ်ဆိုတဲ့ ဟာမျိုးတွေတော့ ရှိတယ်။ ဒါပေမယ့် ဒါက ခြိမ်းခြောက်မှုတော့ မဟုတ် ဘူး။
သို့ပေမယ့် တပ်ပိုင်းဆိုင်ရာနဲ့ ရဲဘက်ဆိုင်ရာတွေဘက်က စုံစမ်းထောက်လှမ်းတွေ လိုက်လိုက်နေတာ၊ ပြီးရင် လုပ်နေတာတွေကို ရပ်တန့်လိုက်ဖို့အတွက် ဒီလိုမျိုး ထပ်မလုပ်ဖို့ အတွက် ဖိအားပေးခံရတာကတော့ အမြဲတမ်း ရှိနေတယ်။ ဒါတွေကတော့ ကျမကိုကြောက်သွားအောင် ခြိမ်းခြောက်တဲ့ ခြိမ်းခြောက်မျိုး ဖြစ်တယ်။ ဒါပေမယ့် ကျမအနေနဲ့ကတော့ ဒီအတွက်ကြောင့် နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။
မေး ။ ။ ဒီလိုနိုင်ငံရေးလုပ်တာကို အမျိုးသမီးဖြစ်လို့ လူမှုပတ်ဝန်းကျင်က ဝေဖန်မှုရှိခဲ့လား။
ဖြေ ။ ။ ကျမတို့မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးအသီးသီးရဲ့ လူမှုပတ်ဝန်းကျင်မှာက အမျိုးသမီးဖြစ်လို့ဆိုပြီးတော့ နောက်ကျကျန်ခဲ့တဲ့ အရာတွေ အများကြီးရှိတယ်။ အခုလက်တွေ့ကျမတို့အလုပ်လုပ်လာတဲ့အချိန်မှာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ အတွက် ကျမတို့ အမျိုးသမီးအဖွဲ့အစည်းအသီးသီးက အမြဲတမ်းလုပ်နေကြတယ်။ ဖယ်ရှားလို့မရတဲ့ အမြစ်တွယ်နေတဲ့ ရှေးရိုးစွဲတွေက အရမ်းကို စွဲနေပြီ။ အဲဒါက ဘာလဲဆိုတော့ အမျီုးသမီးတဦးဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့တွေ ဦးဆောင်တဲ့အချိန်မှာ ကျမတို့တွေကို ဝေဖန်မှုတွေ အရမ်းများတယ်။ တခါတလေ ကျမတို့ဦးဆောင်တဲ့လုပ်ငန်းတွေ ဖြစ်နေပေမယ့်လည်း ကျမတို့က ဆုံးဖြတ်ချက် ချနိုင်မယ့် ကဏ္ဍတွေမှာ မရောက်လာနိုင်ဘူး။
ကျမတို့တွေ ဆုံးဖြတ်ချက်ချတော့မယ် ဆိုရင် ကျမတို့တွေကို အမျိုးမျိုးအထွေထွေဖြစ်အောင်လုပ်တယ်၊ နောက် ကျမတို့ဆုံးဖြတ်ချက်ချမှုကို မယုံသကာၤ ဖြစ်တယ်။ အဲဒီတော့ အမျိုးသမီးတဦးဖြစ်တဲ့အတွက်ကြောင့် သူများလုပ်နိုင်မလား။ သူများဦးဆောင်နိုင်မလား ဆိုတဲ့ အစွဲက ရှိနေသေးတယ်။ အဲဒီတော့ ကျမတို့ရဲ့ လူမူ ပတ်ဝန်းကျင်မှာက အမျိုးသမီးဖြစ်ခြင်း၊ အမျိုးသား ဖြစ်ခြင်းဆိုတဲ့ဟာက အရမ်းစွဲနေတယ်။ အလုပ်ဖြစ်မြောက်ဖို့ ကိုယ်ရည်ရွယ်တဲ့ပန်းတိုင် ရောက်ဖို့အတွက် ကိုယ်က ဒါကို အဓိကက ဦးစားပေးတယ်ဆိုတာထက် အမျိုးသမီးဖြစ်ခြင်းဆိုတဲ့အပေါ်မှာက အလုပ် ပြီးမြောက်ဖို့အတွက် အများကြီးအနှောင့်အယှက်ဖြစ်တယ်။ ဒါက ကျမတို့လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ကျမသာ မကပါဘူး။ အလုပ်လုပ်တဲ့အမျိုးသမီးတိုင်းက တော်တော်ခံနေရတဲ့အရာတွေဖြစ်တယ်။
မေး ။ ။ ဒီအလုပ်တွေလုပ်တာ မိဘတွေက တားမြစ်တာတွေရှိခဲ့သေးလား။
ဖြေ ။ ။ မိဘတွေက အနေနဲ့က ဟန့်တား၊ တားမြစ်တာတွေမရှိပါဘူး။ ဒါပေမယ့် ကျမရဲ့အမြင်ပေါ့။အကယ်၍ မိဘက တားမြစ်ရင်လည်း ကျမကလုပ်မှာပါပဲ။ လူတဦးတယောက်ရဲ့အမြင်နဲ့ လူတဦးတယောက်ရဲ့ မျှော်လင့်ခြင်း ဆုံးဖြတ်ချက်တွေက တစုံတယောက်အပေါ်မှာ မူတည်မနေသင့်ဘူး။ လွတ်လပ်ရမယ်။ လွတ်လပ်စွာ တွေးခေါ်မှ၊ လွတ်လပ်စွာဆုံးဖြတ်ပြီးတော့ ကိုယ်ဘာလိုချင်တယ်။ ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာကို ကိုယ်လုပ်ရမယ့်ဟာ ပြတ်ပြတ်သားသားနဲ့လုပ်ဆောင်နိုင်ရမယ်ဆိုတော့ မိဘက တားမြစ်ခဲ့ရင်လည်း ကျမက လူသားချင်းစာနာထောက်ထားမှုအနေနဲ့ လူမှုရေးနဲ့ တရားမျှတမှုရရှိဖို့ ကျမတို့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းလာဖို့အတွက်ကတော့ ကိုယ်တတ်စွမ်းနိုင်သလောက် ရှူထောင့် အဖက်ဖက်ကနေ ပါဝင်သွားမှာပါ။
မေး ။ ။ နိုင်ငံရေးထဲမှာ ကိုယ်လေးစားအားကျရတဲ့သူတွေရှိလား။ ဘယ်သူတွေလဲ။
ဖြေ ။ ။ နိုင်ငံရေးလောကမှာဆိုရင် အမျိုးသမီးဖြစ်ပြီးတော့ ကျမတို့ရဲ့လူမူပတ်ဝန်းကျင်က အမျိုးမျိုး အဟန့် အတားတွေ ကြားထဲကနေ ကြိုးစားပြီးတော့ ဇွဲမလျော့ပဲနဲ့ အခုအချိန်မှာ ဦးဆောင်မှု ကဏ္ဍထဲမှာ ရောက်နေတဲ့ အမျိုးသမီး ခေါင်းဆောင်တွေအားလုံးကို အရမ်းလည်း လေးစားတယ်။ အရမ်းလည်းအားကျတယ်။ အထူး သဖြင့် မိခင် တဦးဖြစ်ပြီး နိုင်ငံရေးလောကနဲ့ လူမှုရေးဘက်မှာလည်း တော်တော်လေးကို အောင်မြင်နေတဲ့ ဆရာမတွေကိုတော့ တော်တော်လေး လေးစားအားကျမိပါတယ်။
မေး ။ ။ ပညာရေးပိုင်းကိုရော တချက်ပြောပေးပါအုံးရှင့်။
ဖြေ။။ တက္ကသိုလ်တခုမှာ သုတေသနလုပ်နေတယ်။ ဒီဟာက နယူူးဇီလန်အစိုးရက အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခန္ဓာပိုင်းဆိုင်ရာ အသိအမြင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာပိုင်းတွေမှာ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့ဟာကို သုတေသန လာလုပ်နေတာ ဖြစ်တယ်။ကျမက ဒီနှစ်ကုန်မှ မြန်မာနိုင်ငံကို ပြန်ရောက်မှာဆိုတော့ ဆုတော့ မယူဖြစ်ပါဘူး။ မိသားစုထဲက တယောက် သွားယူမှာပါ။
မေး ။ ။ ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ ။ ။ လူငယ်တွေရဲ့အခွင့်အရေးနဲ့ လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အများကြီးလုပ်ဆောင်သွားမယ်။ ပြီးတော့ စစ်ရှောင်ပြည်သူတွေအတွက်ကိုလည်း တစိုက် မတ်မတ်နဲ့ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေးအတွက်ကို ရရှိသင့်တဲ့အခွင့်အရေးတွေ ရရှိလာအောင် လည်း ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ပြောချင်ပါတယ်။