Women & Gender

၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်ဆရာမ ဒေါ်အိအိညိမ်း

Want create site? Find Free WordPress Themes and plugins.

ပခုက္ကူမြို့နယ်၊ အရှေ့သီရိရွာတွင် နေထိုင်သည့် ဆရာမ ဒေါ်အိအိညိမ်းသည် နိုင်ငံတကာမြန်မာမိသားစုမှ ချီးမြင့်သော Citizen of Burma Award ၂၀၁၉ ခုနှစ်ပြည်သူ့ဂုဏ်ရည် အထူးဆု ချီးမြင့်ခြင်းခံရသူဖြစ်သည်။ သူသည် မွေးချင်း ၈ ယောက်အနက် ၄ ယောက်မြောက် သမီးဖြစ်ပြီး ၎င်းတဦးထဲသာ မွေးရာပါ ညာဘက် တခြမ်း မသန်စွမ်းသူဖြစ်သော်လည်း ကလေးငယ်များအား ပညာတတ်စေချင်သည့် စိတ်ဖြင့် ကြိုးစား စာသင်ပေးခဲ့သည့်အတွက် ၎င်းဆုကို ရရှိခြင်းဟု သိရသည်။ ဆရာမဒေါ်အိအိညိမ်းသည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး ကလေးငယ်များကို ပညာသင်ကြားပေးနေသူဖြစ်သည်။ ညာခြေညာလက်မသန်စွမ်းဖြစ်သည့်အတွက်ကြောင့် ရွာကျောင်းတွင် စေတနာ့ဝန်ထမ်းဆရာမအဖြစ် ၄ နှစ်ခန့်လုပ်ဆောင်ခဲ့ရသည်။ ၂၀၁၉ခုနစ်အတွက် ချီးမြှင့်သည့် ၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်(အထူးဆု)ရရှိသူ ဆရာမ ဒေါ်အိအိညိမ်းကို ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ပြည်သူ့ဂုဏ်ရည်ဆုရတာ ဘယ်လိုသိတာလဲ။ အကြောင်းကြားစာရတာလားရှင့်။

ဖြေ။ ။ ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ရှိတယ်ဆိုပြီးတော့ အဲဒီက အဖွဲ့ဝင် ဦးဇော်ဇော်အောင်ကနေ ကျမအိမ်အထိ ရောက်လာတယ်။ သူက သူတို့မှာ ပြည်သူ့ဂုဏ်ရည်ဆုပေးတာရှိတယ်။ ဆရာမကို အဲဒီထဲပါဝင်နိုင်အောင် ကူညီမယ် ဆိုပြီး အိမ်ကိုလာကမ်းလှမ်းတယ်။ သူတို့ကလည်း ကြိုးစားပေးရှာတယ်။ အဲဒီကနေ မတ်လ ၂၀ကျော်လောက် ကျတော့ သူတို့က အဲဒီဆုရဖို့ သေချာတယ် အဲဒီအတွက် ဆရာမအကြောင်းရိုက်ဖို့ ရိုက်ကူးရေးလာမယ်လို့ ပြောပြီး လာကြတယ်။

မေး ။ ။ ဆုရတဲ့အကြောင်း သိရတော့ ဆရာမဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ဆုရတယ်လို့ လာပြောတော့ အရမ်းကို ဝမ်းသာတယ်။ နောက် အဲဒီဆုနဲ့ပတ်သက်ပြီး မကြားဖူးသေး ဘူး။ ဖုန်းထဲမှာ ဆုနဲ့ပတ်သက်ပြီး လိုက်ရှာကြည့်တော့ ဒီဆုက တော်တော်မြင့်တယ်။ တအားကို ပရဟိတ လုပ်တဲ့သူမှ ရတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် မထင်မိဘူး။ ကိုယ်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတယ်လို့ ထင်ပါတယ်။ ကိုယ်ရဲ့တတ်စွမ်းသမျှ ကြိုးစားမှုလေးတွေ ကို အသိအမှတ်ပြုပေးတဲ့သဘောဖြစ်တယ်။

မေး ။ ။ ဆုရတာနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသေးလဲ။

ဖြေ ။ ။ ဆုရတဲ့အတွက်လည်း ပျော်ပါတယ်။ ကိုယ်အတွက်လည်း ခွန်အားတွေရတယ်။ ရှေ့ဆက်ပြီးတော့ ကြိုးစားလို စိတ်ကို ဖြစ်စေပါတယ်။

မေး ။ ။ မီးအိမ်ရှင်ဆုလည်း ရရှိထားတယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ကနေပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျမကို မီးအိမ်ရှင်ဆရာဆု ပေးခဲ့တာပါ။ ကျမက ပညာပေးဝေတဲ့ ဆရာအလုပ်ကို အရမ်း စိတ်ဝင်စားပြီး လုပ်ချင်တဲ့အတွက်ရယ်၊ ကျမရဲ့ ဘဝကံ အကြောင်းကြောင့် မသန်စွမ်းတဲ့အခြေအနေနဲ့ ဆရာမအလုပ်ကိုလုပ်နိုင်ခဲ့တာကြောင့်လို့ သူတို့ပြောပါတယ်။

မေး ။ ။ ဆရာမရဲ့ ပညာရေးပိုင်းကရော ဘယ်အပိုင်းထိ လေ့လာသင်ယူခဲ့ပါသလဲရှင့်။

ဖြေ။။ ၂၀၀၄ ခုနစ်မှာ ၁၀တန်း အောင်တယ်။ မြန်မာစာယူပါတယ်။ မွေးရပ်မြေက ပခုက္ကူမြို့နယ်ထဲမှာပါတော့ ပခုက္ကူ တက္ကသိုလ် တက်တယ်။ အများကြီး အခက်အခဲတော့ မရှိပါဘူး။ တက္ကသိုလ်နားက အဆောင်မှာပဲ ငှားနေတယ်။

မေး ။ ။ ဆရာမတို့ ရွာမှာ ကျောင်းစာနဲ့ပတ်သက်ပြီး အားပေးတာမျိုးရှိလား။

ဖြေ ။ ။ အခုတော့ မရှိဘူး။ ကျမငယ်ငယ်တုန်းကတော့ ရှိတယ်။ ကျမ ငယ်ငယ်က ကျောင်းသွားရတာလည်း မလွယ်ဘူး။ ကျမတို့ နေတဲ့နေရာက ပုဂံအနောက်ဘက်က ကျွန်းမှာတည်ရှိတဲ့ အရှေ့သီရိရွာပါ။ လေးတန်းအောင်ရင် ပုဂံဘက်ကို သွားရတာကြောင့် ဧရာဝတီမြစ်ကို ဖြတ်ကူးသွားရတော့ မိဘတွေက မိန်းကလေးတွေဆိုရင် ကျောင်းမထားချင်ကြတော့ဘူး။ သွားလာရေးကလည်း မလွယ်လို့လေ။ ကျမတို့ အဖေက အဲဒီလိုမဟုတ်ဘူး။ အကုန်လုံးကို ကျောင်းထားပေးတယ်။ အခုကျတော့ ကျောင်းတက်ခွင့် မပေးတာမျိုး မရှိတော့ပါဘူး။ အဖေကတော့ အခု မရှိတော့ပါဘူး။

မေး ။ ။ ဆရာမ အနေနဲ့ အခု စာသင်ပြနေတဲ့ ကျောင်းမှာ ဘယ်အတန်းကိုတာဝန်ယူရတာလဲ။ ဘယ်ဘာသာသင်ပြရတာလဲ။

ဖြေ ။ ။ ကျမက လေးတန်းမှာ အင်္ဂလိပ်စာပြတယ်။ ရှစ်တန်းမှာ မြန်မာစာ၊ သုံးတန်းမှာ အင်္ဂလိပ်စာပြပါတယ်။ ဘာသာတွေကတော့ ခဏခဏပြောင်းရတယ်။ ကျောင်းမှာအမြဲသင်တဲ့ဆရာ၊ ဆရာမတွေရဲ့ လစ်လပ်နေရာ တွေမှာ အစားထိုးသင်ပြပေးရတာမျိုးလည်း ရှိတယ်။

မေး ။ ။ ကျောင်းမှာစာသင်နေတယ်ဆိုတော့ ဝန်ထမ်းလစာရလား။ စေတနာ့ဝန်ထမ်း လုပ်တာပါလား။

ဖြေ ။ ။ အစပိုင်းကတော့ လစာမရပါဘူး။ ၂၀၀၈ခုနှစ်က စပြီး လစာရပါတယ်။ ကျမက ၂၀၀၄ခုနှစ်က စပြီး ဆရာမလုပ်ခဲ့တာပါ။ စစလုပ်ချင်းကတော့ စေတနာ့ဝန်ထမ်းအနေနဲ့လုပ်ခဲ့တာပါ။ လစာစရတော့ သုံးသောင်း ကစ ရတယ်။ လေးသောင်း၊ငါးသောင်းကနေ အခု ရှစ်သောင်းရပါတယ်။

မေး ။ ။ စာသင်ကျောင်းကရော အိမ်နဲ့ နီးလား။ သွားရေးလာရေးလွယ်ကူလားရှင့်။

ဖြေ ။ ။ အခုစာသင်နေတဲ့ ကျောင်းနဲ့ ရွာနဲ့က နဲနဲလှမ်းတယ်။ ၁၅မိနစ်လောက် လမ်းလျှောက်ရတယ်။ ကျမက နေ့တိုင်း လမ်းလျှောက်သွားတာပါ။ ကိုယ့်ဘာသာသွားတာပါ။

မေး ။ ။ မသန်စွမ်းသူအဖြစ်ကရော မွေးရာပါကြောင့်လား။ ရောဂါကြောင့်ဖြစ်တာလား ပြောပြပေးပါအုံး ဆရာမရှင့်။

ဖြေ ။ ။ မသန်စွမ်းဖြစ်တာက မွေးရာပါဖြစ်တယ်။ ညာဘက်တခြမ်းမသန်ပါဘူး။ မောင်နှမ ၈ယောက်ထဲမှာ ကျမတဦးထဲ မသန်စွမ်းပါ။ အမေက ပြောတာက သူကိုယ်ဝန်နဲ့တုန်းက လှဲကျတုန်းက သစ်ပင်နဲ့ ကိုယ်ဝန်နဲ့ တိုက်မိခဲ့တယ်။ အဲဒါကြောင့် ဖြစ်နိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဆေးပညာအရ ပြောတာကျတော့ ပိုလီယို အရိုးပျော့ဖြစ်တယ်လို့ ပြောပါတယ်။

မေး ။ ။ ဆရာဝန်တွေနဲ့ပြသပြီး ကုသဖူးလား။ ဘယ်လိုပြောပါသလဲ။

ဖြေ ။ ။ ကျမ လေးတန်းအောင်တော့ ပုဂံမှာကျောင်းသွားတက်ရမှာဆိုတော့ မန္တလေးမှာ သွားကုသဖူးတယ်။ အဲဒီတုန်းက ဆရာဝန်ကြီးက မရတော့ဘူးတဲ့။ အသက်အရွယ်အရ အရိုးတွေက ရင့်နေလို့တဲ့။ ငယ်ငယ်က လာမယ်ဆိုရင် ကုလို့ရတယ် လို့ ပြောပါတယ်။ ဆရာဝန်ကြီးက မရတော့ဘူးဆိုတော့ နောက်ထပ် ထပ်မကုတော့ဘူး။

မေး ။ ။ ဆရာမဘာတွေ ဝါသနာပါသေးလဲ။

ဖြေ ။ ။ စာဖတ်တာတော့ ဝါသနာပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာကို ပိုပြီး ဝါသနာပါတယ်။ အင်္ဂလိပ်စာကို ပိုသဘောကျတယ်။ ငယ်ငယ်က ဆရာတွေက စာစောင်လေးတွေဝယ်ပေးတော့ ဖတ်ရင်းနဲ့ ဖတ်ရင်းနဲ့ ဝါသနာပါလာတာ။

မေး ။ ။ ဆရာမရဲ့အသိုင်းအဝန်းမှာဖြစ်ဖြစ်၊ လူမူဝန်းကျင်မှာဖြစ်ဖြစ် လေးစားအားကျရသူ ရှိလား။

ဖြေ ။ ။ ကျမအားကျရတဲ့သူတွေက အများကြီးရှိပါတယ်။ စာတွေဖတ်ရင်းနဲ့ စာဖတ်တာဝါသနာပါလာသလို အသိပညာတိုးတဲ့အတွက် စာဖတ်တာက ကိုယ့်အတွက်လည်း အကျိုးရှိပါတယ်။ သူငယ်ချင်းတွေ ဆော့နေတဲ့ အချိန်မှာ ကိုယ်က သိပ်မဆော့ရဘူး။ အဲဒီတော့ စာဖတ်ရင်းနဲ့ စာရေးဆရာတွေ ရေးသားတဲ့စာပေတွေက ကျမကို ခွန်အား ဖြစ်စေခဲ့တယ်။

မေး ။ ။ မိဘတွေအတွက်ဆို ကိုယ်က ဘယ်လိုလူမျိုးလို့ထင်ပါသလဲ။

ဖြေ ။ ။ မိဘတွေအတွက်တော့ ကိုယ့်ကိုယ်ကိုယ် သမီးအလိမ္မာဖြစ်မှာပါ။ ကိုယ်က အိမ်မှာဆို လုပ်တတ်တာ လုပ်နိုင် တာတွေ လုပ်ပေးတယ်။ ဥပမာ ရေခပ်တာမျိုး၊ တံမြက်စည်းလှည်းတာမျိုးတို့ ကိုယ်လုပ်နိုင်တာကို ကူလုပ် ပေးပါတယ်။

မေး ။ ။ ရှေ့ဆက်ပြီး ဘာတွေထပ်လုပ်သွားဖို့ ရှိသေးလဲ။

ဖြေ ။ ။ ရှေ့ဆက်ပြီးတော့ ဒီမှာပဲ စာသင်ဖို့ရည်စူးထားပါတယ်။ စာသင်တာဝါသနာပါတယ်။ ကျမ ၁၀တန်း အောင်တုန်းက အိမ်နားလေးက ကလေးလေးတွေကို စာသင်ပေးတယ်။ အဲဒီအချိန်မှာ ကျမရဲ့ငယ်ဆရာက ကျောင်းမှာ ဆရာအင်အားမပြည့်စုံလို့ ကျောင်းမှာလာပြီး လုပ်အားပေးလုပ်ပေးပါဆိုတာနဲ့ ကျောင်းမှာ စာသင်ဖြစ်တာပါ။ အဲဒီကနေ စာသင်တာကို စိတ်ဝင်စားပြီး ဝါသနာပါသွားတာ။

Did you find apk for android? You can find new Free Android Games and apps.
Loading