“အိမ်က ထွက်ပြေးချင်တယ်။ စာသင်ချင်တယ်” ဟု ပြောနေသည့် ၉ နှစ်အရွယ် ညီအမနှစ်ယောက်၏အသံက ရှင်ချမ်း၏ စိတ်နှင့်နှလုံးကို ထိခိုက် နာကျင်စေပါသည်။
မိခင်မရှိတော့သည့် သူတို့နှစ်ဦးကို ကျန်ရစ်သူဖခင်က တရက်လျှင် ငွေ ၅ထောင်ရအောင် တောင်းရမ်းခိုင်းပြီး ထိုပမာဏ မရပါက ၎င်းတို့နှစ်ဦးကို သံကြိုးဖြင့် တုပ်နှောင် ရိုက်နှက်လေ့ရှိသည်။ ထို့ကြောင့် ၎င်းတို့ညီမနှစ်ဦးက အိမ်တွင် မနေလိုသဖြင့် ရှင်ချမ်းအား အကူအညီတောင်းခဲ့ကြသည်။
ရှင်ချမ်းဆိုသူကတော့ အိမ်ခေါ်နာမည်ဖြစ်ပါသည်။ နာမည်ရင်းက ချမ်းပြည့်အောင်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်အုပ်စု ရွာသာရွာတွင် မွေးဖွားခဲ့ပြီး မောင်နှမ သုံးဦးတွင် အငယ်ဆုံးသမီးဖြစ်ကာ ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ လက်ထောက်ကထိက တဦး ဖြစ်သည်။ ထု့ိအပြင် ရှင်ချမ်းသည် ပါရဂူဘွဲ့ရယူရန် ကျမ်းပြုနေသည့် ကျောင်းသူတဦးလည်း ဖြစ်သည်။ မေတ္တာရိပ်မိဘမဲ့ကယ်တင်ရေးကျောင်းတည်ထောင်သူလည်းဖြစ်သည်။
ရှင်ချမ်းသည် သူ့အားအကူအညီလာရောက် တောင်းခံသည့် ၎င်းကလေးငယ်နှစ်ဦးကို မခေါ်ထားနိုင်သော်လည်း ကလေးငယ်များ ရိုက်နှက်ခံရခြင်းမရှိစေရန် ၎င်း၏ဖခင်ကို ရွာဦး ဦးဇင်းတပါးနှင့်အတူ သွားရောက်ဖျောင်းဖျပြီး မိဘမဲ့ကျောင်းတခုသို့ ပို့ပေးနိုင်ခဲ့သည်။ ထိုအဖြစ်အပျက်က ရှင်ချမ်းကို မိဘမဲ့ကျောင်းတခုဖွင့်ရန် အကြီးမားဆုံး တွန်းအားတခု ဖြစ်ခဲ့သည်ဟု သိရသည်။
ယနေ့ခေတ်အနေအထားအရ ကလေးတယောက်ကို မွေးဖွားရန်က လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ ရှင်ချမ်း သည်လည်း ငွေကြေးတတ်နိုင်သည့် မိဘက မွေးဖွားလာသူမဟုတ်သောကြောင့် လမ်းဘေးနေကလေးများအား ကယ်ဆယ်ရေးက အိပ်မက်တခုမျှသာဖြစ်ခဲ့သည်။
သို့သော် ၎င်း၏အိပ်မက်တွေကို လက်လေ ျှ ာ့မသွားပဲ လမ်းဘေးကလေးငယ်များ ပညာတတ်မြောက် ရေးအတွက် ကူညီနိုင်မည့် နည်းလမ်းများကို အမြဲစဉ်းစားနေခဲ့သည်။ ရှင်ချမ်းယခုကဲ့သို့ စိတ်ဓာတ်ပြင်းပြ နေရ ခြင်းကလည်း လမ်းဘေးကော်ရှူကလေးငယ်များအကြောင်း သိရှိပြီးနောက် ၎င်းဆုံးဖြတ်ချက်များ ပိုမိုခိုင်မာလာ သည်ဟု သိရပါသည်။
ထိုသို့ဆိုလျှင် ရှင်ချမ်းသည် “ဘာလဲ။ ဘယ်သူလဲ။ သူဘာတွေလုပ်ခဲ့လဲ” စသည့် မေးခွန်းများစွာ ရှိပါသည်။ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး၊ အခြယ်အသကင်းသည့် မျက်နှာက တင်းမာသယောင် ရှိနေသော်လည်း မာနကြီးခြင်းမဟုတ်ပဲ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားမှုကို ဖော်ပြနေခြင်း ဖြစ်သည်။
ရှင်ချမ်းနှင့် တရွာထဲ အတူနေသည့် ကိုဌေးထွန်းက“ရှင်ချမ်း(ဆရာချမ်း)ဆိုသောသူ ငယ်ငယ်ကတည်းက ပရဟိ တ ဝါသနာထုံသူဖြစ်တယ်။ ရွာသာဆိုတဲ့ ရွာကလေးမှာ ပိုက်ဆံပေးရတဲ့ ကျူရှင်ဝိုင်းတွေခေတ်ထနေချိန် အခမဲ့ပညာ ဒါနစာသင်ဝိုင်း ”ပညာ့မီးအိမ်”ရဲ့ပဲ့ကိုင်ရှင်ပါ။ အဲဒီကနေတဆင့်တိုးလို့ လူငယ်တွေ အသိတိုးစေဖို့ ရွာစာကြည့်တိုက် သာမက ကျောင်းစာကြည့်တိုက် ဖြစ်မြောက်ဖို့အရေးအထိ တက်ကြွစွာလှုပ်ရှားတဲ့ ဦးစီးဦးဆောင် ခေါင်းဆောင်တယောက်ပေါ့”ဟု မှတ်ချက်ပြုသည်။
ဆရာမလေး ရှင်ချမ်း သည် ဆယ်တန်းမအောင်ခင် ၎င်း၏ရွာတွင် မူလတန်းလွန်ကျေင်းအတွက် စာသင်ပေးရန် ဖြစ်လာခဲ့သည်။ ရှင်ချမ်းသင်ပေးချင်သည့် ဘာသာက အင်္ဂလိပ်၊ သချာၤ နှင့် သမိုင်းဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးက ရှင်ချမ်းကို ထိုဘာသာများ သင်ကြားခွင့်မပေးသည့်အတွက် မလုပ်ဖြစ်ခဲ့ပါဟု သူက ပြောပြပါသည်။
နောက်ပိုင်းတွင် တခြားဆရာမများ၏အကူအညီတောင်းမှုကြောင့် အင်္ဂလိပ်စာကို သီးသန့်သင်ပေးခဲ့ပြီး ကျောင်း သာမက ကျူရှင်မတတ်နိုင်သောသူများကိုလည်း အိမ်ခေါ်သင်ပေးခဲ့သည်။ ထိုမှတဆင့် ကျောင်းဆက်မတတ်နိုင်သည့်ကလေးများကို ကျောင်းပညာသင်စရိတ် ထောက်ပံ့ပေးသည့် အဖွဲ့ဖွဲ့ကာ ပညာမီးအိမ်ဆိုသည့် ည စာကျက်ဝိုင်းကို အခမဲ့ အနေဖြင့် ရွာနယ်ခံ ဆရာမ မသီတာစန်း၊ မယဉ်မာထွန်း၊ မခင်မြတ်နိုးနိုင်၏ အကူအညီဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သူဖြစ်သည်။
ရှင်ချမ်း၏မိဘများက ငွေကြေးမချမ်းသာသော်လည်း သားသမီး၃ဦးကို ပညာတတ်များဖြစ်စေခဲ့ပြီး အငယ်ဆုံး သမီး ရှင်ချမ်းကို မိဘများက အိုးမကွာအိမ်မကွာနေ၍ အိမ်၌ပင် ဝိုင်းဖွင့်ကာစာသင်စေလိုကြသော်လည်း တနယ်တွင် တာဝန်ထမ်းဆောင်ရသည့် ကထိကအလုပ်ကိုလည်း ခွင့်ပြုပေးခဲ့သည်။
ရှမ်ချမ်း၏ အဓိက ရည်ရွယ်ချက်မှာ လမ်းဘေးကလေးသူငယ်များ၊ တောင်းစားကလေးသူငယ်များကို စာသင်ပေးခြင်း စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးခြင်း၊ လူနေမှုပိုင်းဆိုင်ရာအသိပညာပေးခြင်း၊ ၎င်းကလေးငယ်များ၏ဘဝများကို ကလေကချေဟု အများက သတ်မှတ်ဖယ်ကျင်နေသည့် ဘဝမှ ကယ်တင်နိုင်ရေး ဖြစ်သည်။
ထို့ကြောင့် ၂၀၁၆-၁၇ပညာသင်နှစ် ရတနာပုံတက္ကသိုလ်တွင် ရှင်ချမ်းဦးဆောင်ပြီး တက္ကသိုလ်ကျောင်းသား ၃၀၀ ကျော်ပါဝင်သည့် အဖြူရောင်မျိုးဆက်သစ်လူငယ်အဖွဲ့ကို ဖွဲ့ကာ အဖွဲ့ဝင်များအား တလလျှင် ငွေတထောင် ကျပ်ကောက်ခံ၍ လိုအပ်နေသည့် မိဘမဲ့ကျောင်းများကို သွားရောက်လှူဒါန်းခြင်း အစီအစဉ်ကို အကောင် အထည် ဖော်ခဲ့သည်။
ထိုသို့ ၃ကြိမ်မြောက်လှူဒါန်းမှုအပြီးတွင် ကျောင်းများ ပိတ်သွားခြင်းကြောင့်လည်းကောင်း ဆက်လက် မရပ် တည်နိုင်သဖြင့် အဖွဲ့ငယ်လေး ရပ်တန့်သွားသည်။ ၎င်းတို့အဖွဲ့က သုံးလခန့်သာ အဖွဲ့သက်တမ်းရှိခဲ့သော်လည်း လမ်း ဘေးကလေးငယ် ၇ ဦးကို ကယ်တင်နိုင်ခဲ့သည်။
၎င်းအဖွဲ့ငယ် ရပ်တန့်သွားသော်လည်း ရှင်ချမ်း၏ ဝါသနာက ရပ်တန့်မသွားခဲ့ပါ။ ကလေးများသည် လမ်းဘေး တွင် နေထိုင်ရသည့် အခြေအနေမှလာသည့်အတွက် ပြုပြင်ရခက်သောကြောင့် မည်သည့် မိဘမဲ့ဂေဟာကမှ လက်မခံနိုင်သောကြောင့် ကိုယ်ပိုင်ကျောင်းဖွင့်ပြီး ပြုပြင်ပေးရန် အာသီသ ရှိနေသည်။ သူရသည့် လစာငွေကိုလည်း ပရဟိတလုပ်ငန်းအတွက် အသုံးပြုသူဖြစ်သည်။
ကျောင်းပိတ်ရက်အားသည့်အချိန်များတွင် ရှင်ချမ်းသည် အနားယူချိန် ထားမနေပဲ မန္တလေး မဟာမြတ်မုနိဘုရားကြီးအတွင်း ကလေးများကို ထမင်းကျွေး၊ မုန့်ကျွေးပြီး စာသင်ပေးသည့်အပြင် ဘဝကို ဘယ်လိုနေထိုင်ရမည်နည်း စသည့် ကလေးများ နားလည်လွယ်သည့်နီတိများ သင်ပေးသည်။
ရှင်ချမ်း၏ကြိုးစားအားထုတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့၊ညောင်ငုတ်တိုရပ်ရွာတွင် မေတ္တာ ရိပ်မိဘမဲ့ကျောင်းကို သူငယ်ချင်း ၃ ဦး အတူတကွ ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် တည်ထောင်ခဲ့ပြီး မိဘမဲ့ကလေးများကို မေလတွင် စတင်လက်ခံခဲ့သည်။
မိဘမဲ့ကျောင်းဖြစ်မြောက်ရန် အိမ်ဆောက်သည့်အခါ သစ်သားအနည်းငယ်၊ ဝါးထရံကာပြီး ကျောင်းဖြစ်ရုံ သာ သာ ဆောက်နိုင်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းရှိ မိဘမဲ့ကျောင်းနှင့် မန္တလေးရှိ အလုပ်ကို ဆိုင်ကယ်ဖြင့် သွားလျှင် တနာရီခွဲခန့်ကြာသည့်ခရီးကို ရှင်ချမ်းက နေ့စဉ်အသွားအပြန်လုပ်သည်။ စာမေးပွဲရှိသည့်အချိန်တွင် သန်းခေါင်ကျော်မနက် ၂နာရီအချိန် ထသွားရခြင်းများရှိသည်ဟု သိရသည်။
ရှင်ချမ်းတို့သည် ညောင်ငုတ်တိုရွာတွင် လူစိမ်းများသာ ဖြစ်သောကြောင့် သူငယ်ချင်း၏ မောင် တော်စပ်သူ ဦးဇင်း၏ အကူအညီယူပြီး လုပ်ဆောင်သည့်အခါ လူသိများလာပြီး အလှူငွေများရလာသည့်အတွက် မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များကို ရှင်ပြုပေးနိုင်ခဲ့သည်။
အနယ်နယ်အရပ်ရပ်တွင် စွန့်ပစ်ခံရသည့် မိဘမဲ့ကလေးများကို လိုက်လံခေါ်ယူစောင့်ရှောက်ပေးနေသည့် ရှင်ချမ်းက စွန့်ပစ်ကလေးငယ်များကို မည်သည့်နေရာမှဖြစ်စေ ကိုယ်တိုင်သွားရောက် ခေါ်ယူသည်။ ထိုသို့ သွားရောက်ခေါ်ယူရာတွင်လည်း ဆိုင်ကယ်ဖြင့်သွားမရသည့်အခါ လိုင်းကားဖြင့်သွားရခြင်းမျိုး ရှိသည်ဟု သူက ဆိုသည်။
အဌားကားများက အချိန်ကြာသည့်အတွက် တစ်ချို့ကလေးများက အချိန်မီမရောက်နိုင်လျှင် အသက်သေဆုံး နိုင်သောကြောင့် အချိန်ကို ကြန့်ကြာမှုမရှိစေရန် လွန်စွာဂရုစိုက်ရသည်အထိ ရှိသည်ဟု သိရသည်။
“ဘယ်လိုအကြောင်းကြောင့်နဲ့မှ အပြစ်မဲ့ကလေးကို လမ်းပေါ် မစွန့်ပစ်ခဲ့ပါနဲ့”ဟု ရှင်ချမ်းက မေတ္တာရပ်ခံသည်။
ယခုဆိုလျှင် ရှင်ချမ်း၏ မေတ္တာရိပ်မိဘမဲ့ကလေးသူငယ်စောင့်ရှောက်ရေးနှင့်ပညာသင်ကြားပေးရေးကျောင်းတွင် ရင်ခွင်ပိုက်ကလေးငယ် ၇ ဦးရှိပြီး ၅ နှစ်အထက်ကလေး ၆ ဦးရှိနေပြီဖြစ်သည်။
ရှင်ချမ်းနှင့်ပတ်သက်ပြီး အတူနေ ဆရာမလေး သဇင်ခိုင်က“ဆရာမက လူတိုင်းကို မေတ္တာတရားနဲ့ဆက်ဆံ တတ်ပြီး ခေါင်းဆောင်တဦးပေမယ့် အောက်ခြေသိမ်းကအစ လိုက်လုပ်ပါတယ်။ ကလေးတွေအတွက်တင် မဟုတ် ကျမအတွက်တော့ single motherပါ” ဟု သုံးသပ်ပြောကြားသည်။
ရှင်ချမ်းကို တချို့သောသူများက မည်သည့်အတွက် ပရဟိတလုပ်နေတာလဲဟု မေးမြန်းကြသည့်အခါ ပရဟိတလုပ်တာမဟုတ်ပါ။ မိဘမဲ့ကလေးများကို မွေးစားခြင်းသာဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
မွေးသည့်မိဘက တာဝန်မယူချင်၍ စွန့်ပစ်သည့်ကလေးငယ်ကို ဘာကြောင့်မွေးစားသနည်းဟု ရှင်ချမ်းအား မေးခွန်းထုတ်ကြသည့်အပေါ် အရှက်တရားကြောင့်ပဲဖြစ်ဖြစ်၊ တာဝန်ယူမည့်သူ မရှိ၍ပဲဖြစ်ဖြစ် မည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်စေ အပြစ်မဲ့ကလေးငယ်များကို လမ်းပေါ်တွင် မစွန့်ပစ်ပါနှင့်။
အတိတ်ကံမကောင်းခဲ့သည့်အတွက် သားသမီးကို ချစ်ခင်တွယ်တာတတ်သော မိဘများထံတွင် ဝင်စားခွင့် မရခဲ့သည့် ကလေးငယ်လေးများသည် လမ်းဘေးတွင် ပုရွက်ဆိတ်ကိုက် ခွေးချီခံရပြီး မသေသင့်ပါဟု ရှင်ချမ်းက ဆိုပါသည်။
“ဆရာမလေးရဲ့ အပင်ပန်းခံနိုင်မှုကတော့ စံပါပဲ။ စာမေးပွဲရှိတဲ့ကာလတွေဆို စာမေးပွဲချိန် နောက်မကျအောင် ပရဟိတအကြောင်းပြပြီး ခွင့်မယူချင်တဲ့အတွက် မနက် ၂နာရီလောက် မန္တလေးကို ထွက်သွားတဲ့ ရက်တွေ ရှိပါတယ်”ဟု ရှင်ချမ်းနှင့်အတူနေသည့် ဆရာမလေးက ပြောပြသည်။
ရှင်ချမ်းသည် ပရဟိတခြေလှမ်းများစွာနှင့် မေတ္တာရိပ်ဆိုသည့် မိဘမဲ့ကယ်တင်ရေးကျောင်းကို တည်ထောင်ကာ အလင်းပျောက်နေသည့် ကလေးငယ်များအတွက် နေရောင်ကဲ့သို့ တောက်ပသည့်အလင်းမပေးနိုင်တောင်မှ လရောင်ကဲ့သို့ အေးမြသည့် အလင်းရောင်ပေးနေသူဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် မိဘက မစောင့်ရှောက်နိုင်သည့် စွန့်ပစ်ကလေးငယ်များကို လူမျိုးသာသာ မခွဲခြားပဲ လက်ခံပြီး ကူးစက်ရောဂါရှိသည့်ကလေးကို လက်မခံပါ။ ထို့အပြင် ရှင်ချမ်းမွေးထားသည့် ကလေးများကို မည်သည့်အတွက်ကြောင့်မှ မွေးစားခွင့်ပေးမည်မဟုတ်ဟုလည်း သိရသည်။
ကလေးများကို အပြီးမွေးစားရန်ပေးသူနှင့် တက္ကသိုလ်ရောက်သည့်အထိ စောင့်ရှောက်ရန်ပေးအပ်သူကိုသာ လက်ခံမည်ဖြစ်သည်။ ကလေးများ၏ပညာရေးကို အဓိကပံ့ပိုးပေးမည်ဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်ပြီး ၎င်းတို့ဆန္ဒရှိသ၍ ပညာဆက်လက်သင်ယူခွင့်ပေးမည်ဟုလည်း သိရသည်။
သူမွေးစားထားသည့် ဂေဟာမှ ကလေး ၁၃ ဦးအတွက် တပတ်လျှင် ဆန် ၁၆ ပြည်ကုန်ပြီး ဟင်းဖိုးက ၂သောင်းခွဲ၊ ကလေး ၇ယောက်အတွက် နို့မှုန့်ဗူး ၅ ဗူးအတွက် ၅သောင်း ၃ထောင်၊ သေးခံ ၇ ထုတ်အတွက် တပတ်လျှင် ၄သောင်း၊ Wet Tissue ၃ထုတ် အတွက် ၆ထောင်ကုန်ပြီး စုစုပေါင်းတပတ်လျှင် တသိန်းခန့် ကုန်ကျသည်။
ထို့အပြင် အကူဆရာမလေး ၃ ယောက်အား တလလျှင် လစာ ၂သိန်း၆သောင်း ပေးသည်။ ထိုကုန်ကျစရိတ်များသည် အလှူရှင်များ၏လှူဒါန်းမှုရပ်တည်နေရခြင်းဖြစ်ပြီး ရှင်ချမ်း၏ကိုယ်ပိုင်လစာက ကလေးစရိတ်တလစာကို မထောက်ပံ့ပေးနိုင်ခဲ့ပါ။
ကျောင်းတက်နိုင်သည့်ကလေးများကို အစိုးရကျောင်းတွင် ကျောင်းထားပေးပြီး မည်သည့်အလုပ်မှ လုပ်ခိုင်းခြင်း မရှိပဲ မိသားစုကဲ့သို့ ဝိုင်းလုပ်ဝိုင်းစားကာ နေထိုင်ကြသည်။ အကူဆရာမလေး ၃ ဦးတွင် တဦးက ပညာရေး၊ နောက်တဦးက ကျောင်းအုပ်ချုပ်ရေးနှင့် တဦးကို ရှင်ချမ်းမရှိသည့်အချိန် ကလေးခေါ်ယူရေးစသည့်လုပ်ငန်း တာဝန်များ သတ်မှတ်ထားသည်။
မိဘမဲ့ကျောင်းတွင် လက်ရှိ ၁၃ ဦးအပြင် ထပ်မံရောက်ရှိလာမည့်ကလေးများလည်း ရှိသေးသည်။ ကလေးများ လည်း ထပ်မံတိုးလာရန်ရှိသကဲ့သို့ အလှူရှင်များကလည်း we loved ရှင်ချမ်း Groupမှ ဆက်သွယ်လှူဒါန်းလာ သူများလည်း ထပ်မံတိုးလာသည်။
ထို့အပြင် ရှမ်းချမ်းထံ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှ ဆေးစွဲနေသည့် မိဘနှစ်ပါးက ၎င်းတို့ကလေးငယ်ကို ငွေ ၅သိန်းဖြင့် ရောင်းသည့် ဖြစ်စဉ်မျိုးရှိခဲ့သည်။ ကလေးကို သနားသော်လည်း အရောင်းအဝယ် သဘောမျိုးဖြစ် သည့်အတွက် မမွေးစားဖြစ်ခဲ့ပါ။
ရှင်ချမ်းက အလုပ်တဖက်၊ မိဘမဲ့ကျောင်းတဖက်တို့အပြင် ရှေးဟောင်းသုတေသနပညာဘာသာရပ်ဖြင့် ပါရဂူ ဘွဲ့ရယူရန် ကျောက်ခေတ်နှင့်ပတ်သည်သည်ကို ကျမ်းပြုနေသူ တဦးဖြစ်သည်။
သို့သော် အလုပ်များလွန်းသောရှင်ချမ်းအဖို့ ဂေဟာ၊ အလုပ်နှင့်စာကြောင့် ပင်ပန်းနွမ်းနေသော်လည်း ကလေးငယ်များနှင့်တွေ့သည့်အခါ ရယ်မောပျော်ရွင်နေတတ်သည်။
အမှန်က ရှင်ချမ်းအနေဖြင့် လူမှုရေးလောကထဲတွင် နေရာရချင်သူများ၊ နာမည်ကြီးချင်သူများ၊ ပိုက်ဆံရရှိ ရန် အတွက် ပရဟိတဟုအော်နေကြသူများစသည့် အမျိုးမျိုးသောလူဝန်းကျင်ကို တွေ့ရှိရသည့်အခါ ပရဟိတကို စိတ်ကုန် လာခြင်းမျိုးလည်း ရှိခဲ့ပါသည်။
ရှင်ချမ်းသည် ကလေးများနှင့်အတူ ရှိနေရသည့် ဘဝကို ၎င်း၏ကိုယ်ပိုင်ဘဝဟု မှတ်ယူထားသူဖြစ်သည်။