“မွေးခန်းထဲက ထွက်ကာနီးမှာ ကျမခြေထောက်တွေ၊ လက်တွေကို သံကြိုးတွေနဲ့ခတ်လိုက်တယ်။ ကလေးနဲ့လည်း ခွဲထားတယ်” ဟု နန်းရှန်ဟွမ်က ရှိုက်ကြီးတငင်ငိုပြီး ပြောပြသည်။
အသက် ၂၈ နှစ် အရွယ်ရှိ နန်းရှန်ဟွမ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံရွာတွင် နေထိုင်သူဖြစ်သည်။
သူ၏ အမှုမှာ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုများလည်းမဟုတ်ခဲ့ပါ။
သူနေထိုင်ရာ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံကျေးရွာနေ တောင်သူများသည် ၎င်းတို့မြေယာများကို ပြန်လည်ရရှိ ရေးအတွက် ပိုင်ဆိုင်မှုသက်သေအထောက်အထားများဖြင့် နိုင်ငံတော်သမ္မတအဆင့်အထိ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ပေ။
ထို့ကြောင့် လက်ရှိမြေယာများတွင် စိုက်ပျိုးထားသည့် စားပင်သီးနှံများကို နန်းရှန်ဟွမ်အပါအဝင် တောင်သူများက ဝင်ရောက်ခုတ်ထွင်ရှင်းလင်းရာမှ လက်ရှိမြေယာပိုင်ဆိုင်သူက အမှုပေါင်း ၆ မှုဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
နန်းရှန်ဟွမ် ဖမ်းဆီးခံရချိန်တွင် ကိုယ်ဝန်အရင့်အမာနှင့် မွေးဖွားရန် အလွန်နီးကပ်နေပြီဖြစ်သည်။
“ အချုပ်ထဲမှာတော့ သံကြိုးမခတ်ထားဘူး။ ကလေးမွေးဖို့ထွက်လာချိန်ကစပြီး သံကြိုးတွေခတ်တယ်။ မွေးခန်းဝင်တဲ့အချိန်ပဲ မခတ်တာ” ဟု ကာယကံရှင်က ရှင်းပြသည်။
လူအများ စုဝေးနေထိုင်ကြသည့် အချုပ်ခန်းထဲတွင် ကိုယ်ဝန်အရင့်အမာနှင့် နန်းရှန်ဟွမ်တယောက် တမံတလင်းပေါ်တွင် အောက်ခံအခင်း ခပ်ပါးပါးဖြင့်သာ နေထိုင်ခဲ့ရသည်ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကလေးမွေးဖွားရန် အချုပ်ခန်းထဲမှ ခေါ်ထုတ်လာပြီး သံကြိုးခတ်ကာ ကျောက်မဲဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သမီးဦးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။
“ ကလေးမွေးခန်းထဲမှာတောင် သူတို့က ကျမကို သံကြိုးနဲ့ မွေးစေချင်တာ။ ဆရာဝန်တွေက မရဘူးပြောလို့ အဲဒါနဲ့ မွေးပြီးပြီးချင်း ကျမကို သံကြိုးပြန်ခတ်ပြီး သီးသန့်ခန်းကို ပြန်လာခဲ့ရတယ်” ဟု ဝမ်းနည်းစွာဖြင့် ပြောပြသည်။
ကလေးမွေးဖွားပြီးနောက်တွင်လည်း ကလေးပေါင်မပြည့်သဖြင့် ကလေးနှင့်အတူတူ မနေရကြောင်း သိရသည်။
“ ကလေးနဲ့ ကျမကိုခွဲထားတယ်။ နို့တိုက်ချိန်ပဲ သူတို့ခေါ်လာပေးတယ်။ ၂ နာရီခြားတခါပဲ နို့တိုက်ရတယ်။ ကလေးငိုရင်လည်း ကျမသွားကြည့်လို့မရဘူး”
ဆက်လက်ပြီး နန်းရှန်ဟွမ်က “သမီးလေးသက်သာရင် ကျမအချုပ်ထဲ ပြန်သွားရတော့မယ်။ သမီးလေးကိုတော့ အပြင်မှာထားခဲ့ရမယ်” ဟု စိတ်အားငယ်စွာပြောသည်။
“ ယောကျ်ားဖောင်စီး မိန်းမမီးနေ” ဆိုသော်လည်း မီးတွင်းမှာ လုံခြုံမှုမရဘဲ နေ့စဉ်နှင့်အမျှ ငိုကြွေးပူဆွေးနေရသည့် သမီးဖြစ်သူနန်းရှန်ဟွမ်ကိုကြည့်ကာ ပြောမပြတတ်အောင် စိတ်ထိခိုက်နေသူကတော့ မိခင်ဖြစ်သူ ဒေါ်နန်းမွန်းဖြစ်သည်။
“ ကျမသမီး(နန်းရှန်ဟွမ်)က နေ့တိုင်းငို၊ ထမင်းလည်းမစား၊ အဲဒီတော့ မွေးကင်းစကလေးကိုပါ ထိရောပေါ့။ ကလေးက မွေးပြီးကတည်းက အောက်စီဂျင်ပေးထားရတယ်” ဟု ရှင်းပြသည်။
ကလေးမွေးဖွားပြီးကာစ လူနာဆောင်တွင် သက်ဆိုင်ရာရဲများ၊ အာဏာပိုင်များက လာရောက်စောင့်ဆိုင်းနေသဖြင့် စိတ်ကျဉ်းကြပ်စွာ နေထိုင်ရကြောင်းဒေါ်နန်းမွန်းက ပြန်ပြောပြသည်။
“ ကလေးလည်း နေမကောင်းဘူး၊ အမေလည်း ၃ ရက်ရှိပြီ၊ ထမင်းမစားဘူး၊ ငိုနေတာ၊ ကျမမှာ ကလေးဆီပြေးကြည့်၊ သမီးကို ပြန်လာကြည့်ရနဲ့ စိတ်မချမ်းသာဘူး” ဟု တုန်ရီနေသည့်အသံဖြင့် မိခင်ဖြစ်သူက ပြောပြသည်။
သမီးဖြစ်သူမှာ မီးဖွားရန်အတွက် အချုပ်ခန်းမှ ထွက်လာချိန်ကတည်းက သံကြိုးခတ်ထားပြီး မီးဖွားပြီးချိန်တွင်လည်း ချက်ချင်း သံကြိုးပြန်ခတ်ထားသဖြင့် အလွန်ရင်ဆို့မိသော်လည်း မည်သူ့ကို အကူအညီတောင်းရမည်ကို မသိပါဟု ဒေါ်နန်းမွန်းကဆိုသည်။
“ သမီးရဲ့ခြေထောက်က သံကြိုးကိုမြင်တိုင်း ကျမရင်တွေဆို့လာတယ်။ ပြောစရာစကား မရှိဘူး။ အိမ်သာတက် လည်း ဒီသံကြိုးနဲ့၊ ကလေးနို့တိုက်လည်း ဒီသံကြိုးနဲ့၊ တနေကုန်မြင်နေရတော့ စိတ်မကောင်းဘူး” ဟု ဒေါ်နန်းမွန်း က ပြောသည်။
အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦး၊ ကိုယ်ဝန်အရင့်အမာနှင့် နန်းဆိုင်ဟွမ်အပါအဝင် တောင်သူ ၇ ဦးကို ကျောက်မဲရဲစခန်းတွင် တရားလိုဒေါ်နန်းငွေကြည်၏ အမှုဖွင့်တရားစွဲဆိုမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။
“ ဒီအမှုနဲ့ပတ်သက်ပြီး အာမခံလျှောက်သွားမယ်။ ကျမသမီးနဲ့မြေးလေးကို အပြင်မှာ အတူတူနေပြီး အမှုရင်ဆိုင်သွားစေချင်တယ်။ ကျမကတိပေးပါတယ်။ သမီးထွက်မပြေးဘူးဆိုတာ” ဟု ဒေါ်နန်းမွန်းက ဆိုသည်။
မွေးခန်းထဲမှ ထွက်လာသည့် မိခင်တယောက်၏ ခြေထောက်နှင့် ဆေးရုံကုတင်တိုင်ကို သံကြိုးဖြင့်ချည်ပြီး ချုပ်နှောင်ထားခြင်းသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာရှိစေသည်ဟု နန်းရှန်ဟွမ်၏ သူငယ်ချင်းဖြစ်သူ နန်းချို လင်းက ပြောသည်။
“ မွေးပြီးထွက်လာတော့ သံကြိုးခတ်ထားတာ ကျမမြင်မြင်ချင်း တော်တော်တုန်လှုပ်သွားတယ်။ ကလေးနဲ့လည်း ခွဲနေရတော့ ကျမဘာပြောရမှန်းမသိတော့ဘူး။ ကလေးအမေရူးသွားမှာပဲ စိုးရိမ်မိတယ်”ဟု နန်းချိုလင်းက ဆိုသည်။
နန်းရှန်ဟွမ်၏ ဘေးပတ်ဝန်းကျင်တွင် ရဲများ၊ သက်ဆိုင်ရာ အာဏာပိုင်များရှိနေကြပြီး မီးဖွားပြီးကာစမိခင်၏ခြေထောက်ကို သံကြိုးခတ်ခြင်းသည် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မသင့်တော်သလို အမြင်အားဖြင့်လည်း အလွန် အကျည်းတန်သည်ဟု နန်းချိုလင်းက ထပ်လောင်းပြောသည်။
“ ကလေးငိုတိုင်း သွားကြည့်လို့မရဘူး။ ၂ နာရီခြားမှတခါ နို့တိုက်ရတယ်။ ကလေးအမေကတော့ တော်တော်လေး စိတ်ထိခိုက်နေတယ်။ စပြီးသွားတွေ့တုန်းက ကျမခံနိုင်ရည်မရှိဘူး။ သူ့(နန်းရှန်ဟွမ်)အမျိုးသားနဲ့လည်း ခုထိသူမတွေ့ရသေးဘူး” ဟု သူက ပြောပြသည်။
နန်းရှန်ဟွမ်၏အမှုသည် လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုများလည်း မဟုတ်သည့် အတွက် သံကြိုးခတ်ခြင်း၊ လက်ထိပ်ခတ်ခြင်းတို့ မလိုအပ်ဟုထင်ကြောင်း၊ မီးဖွားပြီးကာစအမျိုးသမီးတဦးကို သံကြိုးခတ်သည့်အပေါ် ကန့်ကွက်ကြောင်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။
“ သူ့အမှုက သေးသေးလေးပါ။ ဒီအမှုက လူကုန်ကူးလည်းမဟုတ် မူးယစ်ဆေးမှုလည်း မဟုတ်ဘူး။ ဒါပေမယ့် ရဲက ပြောတယ်၊ သူ့အမှုကသေးပေမယ့် သွားခုတ်တဲ့အပင်က အမှုကြီးသွားတာလို့ ပြောပါတယ်။ ကျမကတော့ ကလေး မိခင်ရူးသွားရင် ခင်ဗျားတို့တာဝန်လို့ပြောလိုက်တယ်” ဟု နန်းချိုလင်းတယောက် ခံပြင်းစိတ်ဖြင့် ပြန်ပြောပြသည်။
တရားရုံးမှ အပြစ်ရှိကြောင်း အမိန့်မချသရွေ့ တရားခံဟု မသတ်မှတ်သဖြင့် ရာဇဝတ်သားတယောက်လို ဆက်ဆံ၍ မရကြောင်း အမျိုးသမီးရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။
“ အမျိုးသမီးက ရာဇဝတ်သားမဟုတ်ဘူး။ အပြစ်ရှိတယ်လို့ စီရင်ချက်မချရသေးတဲ့ မီးဖွားပြီးကာစ အမျိုးသမီး တ ယောက်ကို လူ့အခွင့်အရေး ရှုထောင့်ကပါ ကြည့်ရ၊ စောင့်ရှောက်ပေးရပါမယ်” ဟု ကျား၊မရေးရာ တန်းတူညီမျှရေး ကွန်ယက်(Gender Equality Network) မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောသည်။
မွေးဖွားပြီးကာစမိခင်တဦးမှာ ထွက်ပြေးရန် အခွင့်အလမ်းလည်း အလွန်နည်းပါးသည်ဟုလည်း ပြောဆိုမှုများရှိသည်။
ထိုကဲ့သို့ တရားခံဟု စွပ်စွဲခံရသည့် မီးနေသည် မိခင်တဦး၏ ခြေထောက်ကို ကုတင်နှင့် သံကြိုးခတ်ထားခြင်းသည် ရဲလုပ်ထုံးလုပ်နည်းဟု ပြောဆိုကြသော်လည်း သာမာန်သမရိုးကျလုပ်ထုံးလုပ်နည်းများသည် အမျိုး သမီးအခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးတို့ကို ထိခိုက်စေကြောင်း ဒေါ်မေစံပယ်ဖြူက ဝေဖန်ထောက်ပြသည်။
“ မွေးဖွားပြီးစ မိခင်ကို သံကြိုးခတ်တယ်။ မိခင်နဲ့ရက်သားကလေးကို ခွဲထားတယ်။ ဒီတော့ အမျိုးသမီးအခွင့်အရေးရော ကလေးသူငယ်အခွင့်အရေးရော ဆုံးရှုံးတယ်။ ဒါက ဥပဒေနဲ့ မညီဘူး။ ထွက်မပြေးနိုင်တဲ့သူ၊ အမျိုးသမီးဆိုရင် အဲဒီလို လုပ်လို့မရဘူး” ဟု ဥပဒေရေးရာ ပညာပေးမှုများ ပြုလုပ်နေသည့် ကျွန်းတထောင်မြေ ဖောင်ဒေးရှင်းတည်ထောင်သူ နန်းဝါနုကလည်း ထောက်ပြပြောဆိုလိုက်သည်။
နန်းရှန်ဟွမ်အပါအဝင် တောင်သူ ၇ ဦး စွဲဆိုခံရသည့် အမှု ၆ မှုသည် အမှုကြီးများမဟုတ်ကြောင်း၊ အများဆုံး ထောင်ဒဏ် ၃ နှစ်သာ ထောင်ဒဏ်ချနိုင်သည့်အမှု ဖြစ်သည့်အတွက် ယခုလိုလုပ်ဆောင်ခြင်းသည် ဆိုးရွားသည့် အပြုအမူဖြစ်ပြီး သံကြိုးခတ်ထားခြင်း၊ ကလေးနှင့် မိခင်ခွဲထားခြင်းများ မပြုလုပ်သင့်ကြောင်း နန်းဝါနုက ပြောသည်။