မြန်မာ့လူအဖွဲ့အစည်းအတွင်း အမျိုးသမီးများ ဝတ်ဆင်သည့် ထဘီနှင့်ပတ်သက်ပြီး အယူအဆအမျိုးမျိုးဖြင့် အယူသီးမှု၊ အငြင်းပွားမှုများ ရှိနေသည်ကို တွေ့ရသည်။
ထဘီကို ဘုန်းကံနိမ့်စေသော ပစ္စည်း၊ မသန့်ရှင်းသော အဝတ်အထည်တခုဟု မြန်မာ့ယဉ်ကျေးမှုအရ မှတ် ယူကြသည့်အတွက် အမျိုးသားများက ထဘီကို ကိုင်မိလျှင်သော်လည်းကောင်း၊ ထဘီနှင့်အတူ အမျိုးသားအဝတ်များ လျှော်ဖွတ်မိပါက ဘုန်းနိမ့်တတ်သည်ဆိုသော အငြင်းပွားမှုများက ယနေ့အထိ ရှိနေဆဲဖြစ်သည်။
အမျိုးသားများအပြင် အချို့သော အမျိုးသမီးများ ကိုယ်တိုင်ကလည်း ထဘီသည် အမျိုးသမီးဓမ္မတာလာသည့် ကိစ္စရပ်များကြောင့် ညစ်ပတ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဘုန်းနိမ့်စေသည်ဟု မှတ်ယူကြခြင်းရှိပြီး အချို့ကမူ ၎င်းအချက်သည် ယုတ္တိမရှိဟုဆိုကာ လက်ခံခြင်းမရှိကြပါ။
အချို့သော အမျိုးသား၊ အမျိုးသမီးများသည် ထဘီဖြင့် မျက်နှာမသုတ်ရ၊ ဘုရားစင်ပေါ်သို့မတင်ရဆိုသည့်ကို လက်ခံထားပြီး ထဘီကို နိမ့်ပါးသောအဝတ်စတခုအနေဖြင့်သာ မှတ်ယူထားကြောင်း ပြောဆိုသူများလည်း ရှိနေသည်။
“ မိသားစုမှာ ထဘီနဲ့ပတ်သက်ပြီး ဘုန်းနိမ့်တယ်၊ မြင့်တယ်လို့ တခါမှ မရှိခဲ့ပါဘူး”ဟု မကေသွယ်ဦးက ပန်းချီ ထိန်လင်း၏ “ထဘီကိစ္စ”ပြပွဲတွင် ဆိုထားသည်။
River gallery တွင် ပြုလုပ်နေသည့် ပန်းချီ ထိန်လင်း၏ ထဘီကိစ္စပြပွဲက မြန်မာ့လူဘောင်အတွင်းတွင် ထဘီ နှင့်ပတ်သက်ပြီးအယူအဆ အမျိုးမျိုးရှိကြသည့်အတွက် ၎င်းအယူအဆသည် ယနေ့ မော်ဒန်ခေတ် ရောက် သည့်အချိန်တွင် မည်သည့်အခြေအနေရှိသည်ကို သိချင်သည့်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းထဘီပြပွဲတွင် အလွှာမျိုးစုံမှ အမျိုးသမီးများ၏ ထဘီအပေါ်မြင်သည့် အမြင်၊ ယူဆချက်များကို မတူညီသည့် ရူ့ထောင့်မှ တင်ဆက်ပြသထားသည်က ၎င်းပွဲ၏ ထူးခြားမှုတခုဟု ပြော၍ရသည်။
“ထမီအောက်ဝင်လို့ ဘုန်းနိမ့်တယ်ဆိုတဲ့အယူအဆနဲ့ ခွဲခြားခံရခြင်းပျောက်ဖို့အတွက် သားတွေကို မွေးထားတဲ့ မိခင်တွေမှာလည်း တာဝန်ရှိပါတယ်”ဟု ပန်းချီထိန်လင်း၏ပြပွဲတွင် ပါဝင်သူ မနွယ်အေးခိုင်က ၎င်း၏အမြင်ကို ပြသထားသည်။
ထိုပြပွဲတွင် အထည်ချုပ်ဆိုင်မှ ထွက်သည့် အစပိုများဖြင့် ဖန်တီးချုပ်လုပ်ထားသည့် ဆံရစ်ဝိုင်းနှင့် အမျိုးသမီး ဦးခေါင်းတခုကို ပြပွဲအလယ်တွင်ထားရှိခြင်းက ထူးခြားနေသည်။ ထိုဦးခေါင်းအတွင်းတွင် ပြပွဲတွင် ပါဝင်သည့် အမျိုးသမီးများ၏အင်တာဗျူးများ ပြသထားသည်။
ထဘီစဖြင့် ချုပ်ထားခြင်းကြောင့် ထိုဦးခေါင်းအတွင်းသို့ မဝင်လိုပါက မျက်လုံးတွင် အပေါက်ဖောက်ထားသဖြင့် ထိုမှတဆင့်ကြည့်ရူနိုင်ပါသည်။ တချို့က ထဘီဆိုသည့်ယူဆချက်ဖြင့် ဝင်ကြည့်ခြင်းမရှိပဲ အပြင်ပန်းသာ လေ့လာကြည့်ပြီး ပြန်ကြသည်။
ထဘီဖြင့် ဖန်တီးထားသည့် ဦးခေါင်းအတွင်းသို့ ဝင်မကြည့်ခဲ့သည့် ဦးငယ်က “ကျနော် မဝင်ရဲဘူးဗျ။ ရှက်သ လိုလို ကြောက်သလိုလိုပဲ။ ဝင်လည်း မထူးဘူးထင်တာပဲ။ ထဘီတော့ တခါမှ ကိုင်မကြည့်ဖူးဘူး”ဟု ပြောသည်။
မြန်မာ့လူမူအသိုင်းအဝိုင်းတွင် အယူအဆအမျိုးမျိုး၊ ယုံကြည်ချက် အမျိုးမျိုး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများရှိ ကြ သည့်အတွက် ထဘီအပေါ်တွင်လည်း အယူအဆ
အမျိုးမျိုးကွဲလွဲမှုများရှိနေနိုင်ပါသည်။ ထိုယူဆချက်များသည် နှစ်ကာရှည်ကြာလာသည်နှင့် ပြောင်းလဲနိုင်မှုများ ရှိနိုင်သည်။
မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ရှိသည့် အယူအဆအချို့မှာ အဝတ်လျှော်သည့် အရာဝတ္ထုများက အစ ခွဲခြားထားပြီး ယောကျ်ား၏ဦးခေါင်းပေါ်မှ ကျော်ပြီး ပစ္စည်းတခုခု လှမ်းယူခြင်းမပြုရသကဲ့သို့ ထဘီကို အိမ်ရှေ့ထွက်မလှမ်းခွင့်မရကြပဲ အတွင်းခံများကို အကျီကြားထဲ ညှပ်ပြီး လူမမြင်အောင် လှမ်းကြရသည်။
ထဘီစနှင့် ဖန်တီးထားသည့် ဦးခေါင်းအတွင်းသို့ ဝင်ရောက်ကြည့်ရူခဲ့သည့် ဦးသန့်စင်က “ကျနော့်တို့ မိသား စုမှာ မိန်းကလေး ၃ ယောက်၊ ယောင်္ကျားလေး ၇ယောက်ရှိတယ်။ မိန်းကလေးထဘီလည်း ကိုင်တာပဲ။ အရင်က လည်း အယူမရှိဘူး။ အားလုံးအတူတူပါပဲ”ဟု ဆိုသည်။
ပန်းချီဆရာ ထိန်လင်းက မိန်းမထဘီကို လျှော်ပေးရခြင်းက ယခင်သံသရာဘဝတွင် တော်စပ်ခဲ့ဖူးသည့် မိသားစု ဝင်ကို ပြန်လည်လုပ်ဆောင်ပေးသည်ဟုမှတ်ယူပါက ကုသိုလ်စိတ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
လူအသိုင်းအဝိုင်းအတွင်းတွင်ရှိသော အယူအဆ၊ ရိုးရာ ဓလေ့၊ ယဉ်ကျေးမှုနှင့်ပတ်သက်သည့် အစွဲအလမ်း များသည် အမျိုးသားနှင့် အမျိုးသမီးယှဉ်ပါက အမျိုးသမီးများတွင် ပိုမိုရှိနေတတ်သည်ကို တွေ့ရသည်။
ထိုသို့ ဖြစ်ရခြင်းက အမျိုးသမီးများသည် မိခင်၊ အဘွား၊အဒေါ်၊ အစ်မ စသောသူများနှင့် လွန်စွာ နီးကပ်စွာ နေရသည့်အတွက် ၎င်းတို့၏ သွန်သင်ဆုံးမမှုများ အရိုးစွဲနေသောကြောင့်ဖြစ်သည်။
“ထမီနှင့်ပုဆိုး သီးခြားထားပါသည်။ လျှော်ပါသည်။ ယောကျာၤးလေးဘုန်းကံနှင့် မိန်းမဘုန်းကံမတူညီပါ။ ထဘီကို မြင့်သောအရပ်တွင် မထားသင့်ပါ”ဟု မအေးအေးနွဲ့က ထိုပန်းချီပြပွဲတွင် ပြသထားသည်။
တချို့သော အမျိုးသမီးများက ထဘီအောက်ဝင်ပါက ဘုန်းနိမ့်သည်ကို မယုံကြည်ကြသော်လည်း ၎င်းတို့ ကိုယ်တိုင်က ထဘီဖြင့် အမျိုးသားအဝတ်များကို တွဲလျှော်လေ့မရှိပါဟု ဆိုကြသည်။
ခေတ်အဆက်ဆက် ရှိနေခဲ့သော ယဉ်ကျေးမှုများအရ ထဘီကို ဘုန်းကံနိမ့်သည် ဆိုသည့် ယူဆချက်ဖြင့် လူအများမြင်သာသည့် အိမ်ရှေ့တွင် ထဘီ မလှန်းရ၊ တန်းအမြင့်တွင်လည်း ထဘီ မလှန်းရ၊ ထဘီနှင့် အမျိုးသားအဝတ်များ အတူရော မလျှော်ရ၊ ထဘီနှင့် အမျိုးသားအဝတ်များကို တန်းတူမထားရဟူသော ပညတ်ချက် ရှိသည်။
ထို့သို့အချက်များကို ဆန့်ကျင်ပြီး လုပ်ဆောင်မိပါက အိမ်ရှိ အိမ်ထောင်ဦးစီးသော်လည်း၊ သားယောကျာၤးလေး သော်လည်းကောင်း ဘုန်းကံနိမ့်တတ်သကဲ့သို့ အိမ်သည်လည်း ကျက်သရေမင်္ဂလာမရှိဟု ရှေးအယူအဆကို ကိုင်စွဲလာခဲ့သည့်အတွက် အမျိုးသားများက ထဘီကို မသန့်ရှင်းဟု မှတ်ယူထားသည်။
မည်သည့်အကြောင်းအရာဖြစ်စေ၊ အရာဝတ္ထုဖြစ်စေ တန်ဖိုးသည် ထားတတ်သူအပေါ်တွင် မူတည်သော ကြောင့် ထဘီကိစ္စသည်လည်း ဘုန်းကံနိမ့်ခြင်း၊ မနိမ့်ခြင်းက ခံယူသူနှင့် ပတ်ဝန်းကျင်ပေါ်တွင်လည်း များစွာ မူတည်နေသည်။
ထဘီကိစ္စပြပွဲတွင် ပါဝင်သည့် မအေးနှင်းညိုက “ထမီလှမ်းထားတဲ့ တန်းအောက် ဝင်လို့ ဘုန်းကံနိမ့်တယ် ဆိုတာ မယုံပါဘူး။ အိမ်ရှေ့မလှန်းရဘူးဆိုတာက အဆဲခံရမှာစိုးလို့ပါ”ဟု ပြောကြားထားသည်။
သို့သော် တချို့သော အမျိုးသမီးများက အယူသီးမှုများမရှိသော်လည်း ယောက္ခမဖြစ်သူ၏ ဆန္ဒအရ အဝတ်များ ခွဲလျှော်ရခြင်းမျိုးရှိပြီး အတူရောနှော လျှော်မိသည့်အတွက်လည်း လင်မယားကွဲသည်အထိ ဖြစ်ရသော ကိုယ်တွေ့လည်း ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။
အဝတ်စတခုကြောင့် ချစ်ခြင်းမေတ္တာများလည်း မကွဲစေချင်သည့်အတွက် အယူအစွဲများကို လျော့ပေးကြရန်နှင့် ထဘီကို အဝတ်အစတခုဟုသာ မြင်ကြရန် မအေးနှင်းညိုက ဆိုထားသည်။
ပုဆိုး၊ ထဘီဆိုသည်မှာ လူ့အသိုင်းအဝိုင်းက အမည်နာမတခုအဖြစ် ပညတ်ထားသည့် အဝတ်စ တခုမျှသာဖြစ်သည့်အတွက် သူ့နေရာနှင့် သူ အသုံးပြုပါက ထဘီကိစ္စက ပြဿနာတခု မဟုတ်ပါ။ သို့သော် ငယ်စဉ်ကတည်းက စွဲမြဲလာခဲ့သည့် အယူအဆ တခုကို ချက်ခြင်းစွန့်လွှတ်ရန်အတွက်က လွန်စွာ ခက်ခဲမှုရှိနိုင်သည်။
ထဘီအဟောင်းကို ကြမ်းတိုက်ခြင်း၊ ခြေသုတ်ခုံလုပ်ခြင်း၊ ဖုတ်သုတ်အဝတ်ပြုလုပ်ခြင်းစသည့် ကိစ္စရပ်များတွင် အသုံးပြုခြင်းက ဘုန်းနိမ့်စေသောပစ္စည်းကြောင့် အသုံးပြုရခြင်းမဟုတ်ပဲ ပုဆိုးအစုတ်များကိုလည်း ကြမ်းတိုက် ခြင်း၊ ခြေသုတ်ခုံအဖြစ်အသုံးချမှုများရှိသည်။
ထဘီပြပွဲသို့ လာရောက်ကြည့်ရူသည့် ဒေါ်ကြည်ကြည်ကလည်း ထဘီနှင့်ပတ်သက်ပြီး ဘုန်းနိမ့်ခြင်း၊ မြင့်ခြင်း ခွဲခြင်းမရှိပဲ အားလုံးတန်းတူထားကြောင်း ပြောသည်။
တချို့သော ရိုးရာဓလေ့အယူအဆများသည် လက်ရှိခေတ်အခြေအနေအရ ကျင့်သုံးရန် မဖြစ်သည့် ဓလေ့များ လည်း ရှိနေသေးသည်။ ထိုဓလေ့အယူအဆများကြောင့် အမျိုးသမီးများက လူမူဝန်းကျင်တွင် ဒုတိယနေရာ တွင်သာ နေနေကြရသည်ဟု ပြောဆိုမှုများလည်းရှိသည်။
ထဘီကို အခြားအဝတ်သော အဝတ်အစားများနှင့် ထည့်မလျှော်ရခြင်းက ဘုန်းနိမ့်မည်စိုးခြင်းကြောင့် တခုထဲ မဟုတ်ပဲ အမျိုးသမီးများ ဓမ္မတာလာသည့်အခါ တခြားသောအဝတ်အစားများ စွန်းထင်းမည်စိုးသောကြောင့် အတူမလျှော်ခြင်းလည်း ဖြစ်နိုင်ပါသည်။
အဆိုပါ ထဘီကိစ္စ ပြပွဲက လူအများ၏ထဘီအပေါ် မြင်သည့် အမြင်ကို ပြောင်းလဲပေးရန် ရည်ရွယ်ခြင်း မဟုတ် ပဲ ထဘီအပေါ်တွင် လူအများမြင်သည့်အမြင်မျိုးစုံကို တင်ဆက်ပြသခြင်းဖြစ်ပြီး အနုပညာကို အနုပညာဟုသာ တန်ဖိုးထားစေလိုကြောင်းနှင့် ကျား၊မတန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်နေခြင်းမဟုတ်ကြောင်းကိုလည်း ပန်းချီထိန်လင်းက ထည့်သွင်းပြောကြားသည်။
You May Also Like These Stories:
ထဘီ အယူသည်းမှုကို အနုပညာဖြင့် မေးခွန်းထုတ်ခြင်း
ကမ္ဘာပေါ်က ထူးဆန်းသော လူသားမျိုးနွယ်စုများ
မြန်မာ့ခေတ်ဟောင်း ဓာတ်ပုံဆရာများ၏ ဓာတ်ပုံဟောင်းများကို စုဆောင်းဖော်ထုတ်မည်
ကွယ်လွန်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးအကြောင်း တစေ့တစောင်း