Women & Gender

LGBT တို့ဘဝ အချိန်မတိုင်ခင် ကြွေလွင့်မသွားစေချင်

Want create site? Find Free WordPress Themes and plugins.

“အန်တီကလေ အဲဒီလို မိန်းမစိတ်ပေါက်တဲ့သူတွေကို အရမ်းမုန်းတီးခဲ့တာ” ဟု စကား စတင်ပြောရင်း သူ၏ အတိတ်ဖြစ်ရပ်များ ကို ပြန်လည် ပြောပြန်ရန် ဒေါ်ဝင်းဝင်းမြင့်တယောက် အားယူလိုက်သည်။

ဒေါ်ဝင်းဝင်းမြင့်၏ ယောင်းမဖြစ်သူသည် နတ်ကတော်တဦးဖြစ်သလို သူ၏ ဘဝတွင်လည်း အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင် ပြောဆိုပြုမူ နေထိုင်သည့် အမျိုးသားများ စွာကို ကြုံတွေ့ဖူးသည်။ ထိုသူများ အမှန်တကယ် မိန်းကလေးစိတ် ရှိ၊ မရှိဆိုသည့်အပေါ် မယုံသင်္ကာစိတ်ဖြင့် သူ စမ်းသပ်ကြည့်ခဲ့ဖူးသည်။

အသက် ၅၇ နှစ်အရွယ် မန္တလေးမြို့နေ ဒေါ်ဝင်းဝင်းမြင့်၏ ဘဝခရီးလမ်းသည် ဖြောင့်ဖြူးခဲ့သည်တော့ မဟုတ်ပါ။ အိမ်ထောင် နှစ်ဆက်ရှိခဲ့သည်။ သူ၏ သားများ ပညာ မစုံသေးချိန်တွင် ကြုံရာကျပန်းလုပ်ကာ ဘဝကို တယောက်တည်း ရုန်းကန်ခဲ့ရသည်။ အိမ်ထောင်ကွဲ အမျိုးသမီး တယောက်အဖို့ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှု ဒဏ်ကိုလည်း ခံခဲ့ရသည်။

အိမ်ထောင် နှစ်ဆက်ဖြင့် သား ၃ ယောက် ထွန်းကားခဲ့သည်။ ဒုတိယ အိမ်ထောင်ဖြင့် ရရှိခဲ့သည့် သားကြီးဖြစ်သူက တက္က သိုလ်ကျောင်းပြီးချိန်တွင် ၎င်းသည် အမျိုးသမီးကဲ့သို့ ခံယူနေထိုင်သူ (Transgender Man) ဖြစ်ကြောင်း မိခင်ဖြစ်သူကို ဖွင့် ဟခဲ့သည်။

မိခင်ရှေ့တွင် သားဖြစ်သူသည် ယောကျ်ားလေးကဲ့သို့သာ ပြုမူနေထိုင်ခဲ့ရာ သူ့အနေဖြင့် သတိမပြုမိခဲ့ပေ။ သူ့နောက်ကွယ် ၌ မိန်းကလေးကဲ့သို့ ပြုမူနေထိုင်ကြောင်း ပတ်ဝန်းကျင် ပြောစကားများကို သူ ငြင်းဆိုခဲ့သော်လည်း ယခုကဲ့သို့ သားဖြစ်သူ ကိုယ်တိုင်က ဖွင့်ဟပြောဆိုလာသည့်အခါ သူ အရမ်း တုန်လှုပ်သွားမိသည်။

“သူပဲ ပညာတတ် ဖြစ်တာ။ သူ့ကို ဖအေနေရာ အိမ်ထောင်ဦးစီးနေရာမှာ အားကိုးရမှာကိုး။ တော်တော်ကြီး ကိုယ့်ဘဝကိုယ် ကျဆုံးသွားတယ်လို့ပဲ အောက်မေ့မိခဲ့တယ်။ ငါမွေးထားတာ ယောကျ်ားလေး။ ဘာလို့များ ဒီလိုဖြစ်ရတာလဲ” ဟု သူ့ စိတ်ထဲ ယူကျုံးမရ ဖြစ်ခဲ့သည့်အပေါ် ပြောပြသည်။

သား၏ ဖြစ်တည်မှုကို နားလည်လက်ခံနိုင်ရန် သူ အတော်ကြိုးစားခဲ့ရပြီး ၃ နှစ်လောက် အချိန်ယူခဲ့ရသည်။ “ညီအစ်ကိုချင်း လည်း တဂျိမ်းဂျိမ်းပေါ့။ သွေးထွက်သံယိုထိကို ချကြတာ။ အတော်လေး စိတ်ဆင်းရဲခဲ့ရတယ်” ဟု သူက ပြောပြသည်။

သားဖြစ်သူ အိမ်သို့ ယူလာပေးသည့် LGBT (L=Lesbian (အမျိုးသမီးအချင်းချင်း ချစ်ခင်စုံမက်သူ)၊ G=Gay(အမျိုးသား အချင်းချင်း ချစ်ခင်စုံမက်သူ)၊ B=Bisexual(အမျိုးသား၊ အမျိုသမီး နှစ်မျိုးစလုံး ချစ်ခင်စုံမက်သူ)၊ T=Transgender(ဆန့်ကျင် ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်ပြုမှုနေထိုင်သူ)နှင့်ပတ်သက်သော စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာရင်း LGBT အ ကြောင်း ပိုမို သိနားလည်လာခဲ့သည်။

မိဘတို့၏ ခါးခါးသီးသီး ငြင်းပယ်မှုများကြောင့် ဘဝပျက်ကာ လမ်းဘေးရောက်သွားသူများ၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သည့် ဖြစ်ရပ်ဆိုးများကို သူ သိရှိရသည်။ ဆွေမျိုးအသိုင်းအဝိုင်းက မလိုလားသော်လည်း မိခင်တဦးအနေဖြင့် သားသမီးကို ပစ်ပယ်နေ၍ မရတော့ကြောင်း သူ သဘောပေါက်လာပြီး ဆုံးဖြတ်ချက်တခုချကာ သားဖြစ်သူနှင့် ညှိနှိုင်းခဲ့သည်။

“ကိုယ်မွေးထားတဲ့ သားသမီးဆိုတော့ ဥပေက္ခာပြုလို့ မရတော့ဘူးလေ။ ဖြစ်လာတဲ့ဘဝကို မဖြစ်ဖြစ်အောင် ကောင်းအောင် လုပ်မယ်ဆိုပြီး ကြိုးစားရပ်တည်ခဲ့တာ” ဟု ဒေါ်ဝင်းဝင်းမြင့်က ပြောပြသည်။

မိခင်တဦးအနေဖြင့် သား၏ ဖြစ်တည်မှုကို လက်ခံပေးမည်ဖြစ်သော်လည်း သားဖြစ်သူကို အများသူငါ လက်ညှိုးထိုးမည့် ဘဝမျိုး မဖြစ်စေချင်၍ သူ တတ်နိုင်သမျှ အကာအကွယ်ပေးခဲ့၊ ထိန်းကျောင်းပေးခဲ့သည်။ သား၏ ဖခင်အပါအဝင် ဆွေမျိုး သားချင်းနှင့် အိမ်းနီးချင်းများကိုလည်း အတိုက်အခံလုပ်ပြီး နားလည်လက်ခံလာအောင် စည်းရုံးခဲ့သည်။

သားဖြစ်သူဘက်ကလည်း ဟော့ဟော့ရမ်းရမ်း မရှိ။ မိသားစုအပေါ်လည်း တာဝန်ကျေပွန်သည့်အတွက် ယခုအခါ ပထမ အိမ်ထောင်နှင့်ရသည့် သားအကြီးဆုံးကအစ အငယ်ဆုံးအထိ နားလည်လက်ခံလာကြပြီ ဖြစ်သည်။

မိဘက ကိုယ့်သားသမီးဘက် ရပ်တည်ပေးလိုက်သည့်အခါ ဆွေမျိုးအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်သည် နှိမ်ချခြင်း မပြု တော့ဘဲ တဖြည်းဖြည်း လက်ခံပေးလာမည်။ မိဘက လက်မခံသည့်အခါ မည်သည့်အရာကိုမဆို ခိုးကြောင်ခိုးဝှက် ပြုလုပ် ရမည့် သားသမီးများအတွက် အန္တရာယ်များသည်ဟု ဒေါ်ဝင်းဝင်းမြင့်က ရှင်းပြသည်။

“သားသမီးက ဥပေက္ခာပြုလို့ မရပါဘူး။ သူ့ဘာသာသူ ဖြစ်လာတဲ့ သူ့ရဲ့ဖြစ်တည်မှုအပေါ် မူတည်ပြီး ဖြစ်လာတဲ့ ဘဝကို မိဘတွေက နားလည် လက်ခံပေးသင့်ပါတယ်။ ဒါမှ ကလေးတွေလည်း ကြိုးစားပြီး လူတော်လူကောင်းလေးတွေ ဖြစ်လာမှာမို့ နားလည်ပေးစေချင်တယ်” ဟုလည်း သူက တိုက်တွန်းပြောဆိုသည်။

ယခုဆိုလျှင် နေရာတခုသို့ ရောက်ရှိနေပြီဖြစ်သည့်၊ ဘဝတူ LGBT အသိုင်းအဝိုင်းအတွက် အခွင့်အရေးဆိုင်ရာ တောင်းဆို လှုပ်ရှားမှုများ၊ အသိပညာပေးမှုများ ပြုလုပ်နေသည့် သားဖြစ်သူအတွက် ကျေနပ်မိသည်ဟု ဒေါ်ဝင်းဝင်းမြင့်က အားရဝမ်း သာစွာ ဆိုသည်။

“အန်တီ အခုတော့ ဂုဏ်ယူတာပေါ့။ ဘယ်သူတွေက ဘာပြောပြော ခေါင်းမော့ပြီး ပြောရဲတာပေါ့။ အရင်တုန်းက သူများ အ ပြောအဆိုခံ ခေါင်းငုံ့ခဲ့ရတာ။ အခုတော့ ကိုယ့်သားသမီးကလည်း လမ်းမှန်အောင်နေတော့ ကိုယ့်သားသမီးအတွက် ဂုဏ် ယူမိတယ်” ဟု သူက ပြောသည်။

LGBT ပွဲတခုမှ ပြိုင်ပွဲဝင်တဦး/ အောင်ကျော်ထက်/ ဧရာဝတီ

ဒေါ်ဝင်းဝင်းမြင့်၏ သားဖြစ်သူ၊ သူဂုဏ်ယူနေရသူမှာ LGBT အရေး လှုပ်ရှားဆောင်ရွက်နေသူ၊ Miss Trans Grand International 2018 Yangon (East) Winner ဆု ရရှိထားသူ ရှင်းသန့်ပင် ဖြစ်သည်။

LGBT များအတွက် မိဘ၏ နားလည် လက်ခံပေးမှုက အရေးကြီးကြောင်း အပြည့်အဝ ယုံကြည်ထားသည့် ရှင်းသန့်က ‘အတွင်းခြံစည်ရိုးလုံရင် အပြင်ကနေ ခဲနဲ့ မထုရဲဘူး’ ဟု ဆိုသည်။

ကိုယ့်ဖြစ်တည်မှုနှင့် ပတ်သက်၍ မိဘအပေါ် ဟန်ဆောင်စရာ မလိုသည့်အတွက် သွားချင်သည့် လမ်းကြောင်းကို တဖြောင့်တည်းသွားနိုင်ပြီး ယုံကြည်မှု ပိုရှိလာကြောင်း၊ ခိုးကြောင်ခိုးဝှက် လုပ်စရာ မလိုသည့်အတွက် အနိုင်ကျင့်ခံရမှု၊ ရောဂါ ကူးစက်ခံရမှုများ နည်းပါးသွားမည်ဖြစ်သည်။

သူ့အကြောင်း မိခင်ကို စတင်ဖွင့်ပြောစဉ်က ခါးခါးသီးသီး အငြင်းခံရပြီး အိမ်ပေါ်မှ နှင်ချခံရခြင်း၊ အဝတ်များ လွှင့်ပစ်ခံရခြင်း တို့အပြင် မိခင်က “နင့်မျက်နှာကို အက်ဆစ်နဲ့ပက်မယ်” ဟူသည်အထိ ချော့တခါ ခြောက်တလှည့်ဖြင့် တားမြစ်ခဲ့သည်။

ထိုအချိန်က “အိမ်ထောင်ပြုမယ်။ အမေနဲ့ အဝေးဆုံးကို ထွက်သွားမယ်။ ငါ့ခြေထောက်ပေါ် ငါရပ်တည်မယ်။ ငါ့ကို လက်မခံ တဲ့ နယ်မြေမှာ ငါမနေဘူး” ဟု မိုက်ရူးရဲဆန်စွာ တွေးတောခဲ့ဖူးသည်ဟု ရှင်းသန့်က ပြောပြသည်။

သို့သော် မိခင်ဖြစ်သူနှင့် နားလည်မှု ရရှိလာချိန်တွင် ထိုအတွေးများ ပျောက်ကွယ်သွားခဲ့ပြီး ယခုအချိန်၌ ‘အမေ’ သည်သာ လျှင် နံပါတ်တစ်။ အမေကလွဲ၍ ဦးစားပေးစရာမရှိ။ ဘဝတလျှောက် ပင်ပန်းဆင်းရဲခဲ့ရသည့် မိခင်ကို အေးအေးဆေးဆေး နေစေချင်ပြီဟု သူက ဆိုသည်။

“သူ့သားသမီးက ဘာပဲဖြစ်နေနေ အမေက အမြဲရပ်တည်ပေးတယ်။ သူ့သားသမီးက ဒီလိုဖြစ်နေပေမယ့် ပျက်စီးဆိုးသွမ်းပြီး လမ်းမှားရောက်နေတာ မဟုတ်ဘူး။ သူ့အတွက်၊ သူ့မိတ်ဆွေ ဘဝတူတွေအတွက် ကြိုးစားနေတယ်။ မိသားစုအတွက် ပြန် ကြည့်တယ်။ လိမ္မာတဲ့ကလေးဖြစ်တယ်လို့ပြောတဲ့အချိန်မှာ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့မယ့်သူတောင် ပိတ်သွားတယ်” ဟု သူက ဆိုသည်။

LGBT သားသမီးများကို မိဘက လက်ခံပေးမှုသည် ၁၀၀ ရာခိုင်နှုန်း အရေးကြီးပြီး ကိုယ့်သားသမီးကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် အထောက်အပံ့ပြု တွန်းတင်ပေးနိုင်ကြောင်း အသက် ၂၇ နှစ် အရွယ် Gay ဖြစ်သူ ပြည့်ဖြိုးအောင်ကလည်း ထောက်ခံ ပြောဆိုသည်။

“အမေ့ကို ကျေးဇူးတင်တယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် သူ ရင်စည်းခံပေးတယ်။ အမေ့ကို ဖုံးကွယ်ထားစရာ မလိုတော့ဘူးဆိုတဲ့ အသိကြောင့် သိပ်လည်း ဘာမှ မဖုံးကွယ်တော့ဘူး။ သားအမိ နှစ်ယောက်ကြား ပွင့်ပွင့်လင်းလင်း ဖြစ် သွားတော့ သိပ်စိတ်ညစ်စရာ မရှိတော့ဘူး” ဟု သူ့အမေနှင့် ဆက်ဆံရေးကို ပြောပြသည်။

မိဘအနေဖြင့် သားသမီးကို နားလည်လက်ခံပေးရန် လိုအပ်သကဲ့သို့ မိဘများအနေဖြင့် ပတ်ဝန်းကျင် ဆွေမျိုးသားချင်းတို့ ၏ ဖိအားများမှ လွန်ဆန်နိုင်ရန် LGBT များဘက်ကလည်း ပြုပြင်စရာများ ရှိသည်ဟု ဆိုသည်။

LGBT များဘက်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ကြိုးစားရမည် ဖြစ်သကဲ့သို့ တခြားသူများအတွက်ပါ စွမ်း ဆောင်ပေးနိုင်သည့်၊ မိသားစုအတွက် အရေးပါသည့်သူ ဖြစ်အောင် လုပ်ရမည်။ ထိုအခါ မိဘ၊ ဆွေမျိုးအသိုင်းက တဖြည်း ဖြည်း လက်ခံလာလိမ့်မည်ဟု သူက အကြံပြုတိုက်တွန်းသည်။

ပစ်ပယ်ခံရသည့် LGBT သားသမီးများသည် မိဘရှေ့တွင် မပြောရဲမဆိုရဲဖြင့် နောက်ကွယ်၌ ခိုးဝှက်နေထိုင်သည့်အခါ အန္တရာယ်များပြီး ပတ်ဝန်းကျင်တွင်လည်း မျက်နှာငယ်ရကြောင်း၊ မိဘက လက်ခံပေးလိုက်လျှင် ကိုယ့်သားသမီးကို နောက်ကွယ်မှ ထိန်းကျောင်းပေးနိုင်ရာ မဖြစ်သင့်သည်များကို ကာကွယ်ပေးနိုင်ကြောင်း ပြည့်ဖြိုးအောင်၏ မိခင် ဒေါ်မြင့်မြင့်စန်းက လည်း ထောက်ခံပြောဆိုသည်။

သားကြီးဖြစ်သူ ပြည့်ဖြိုးအောင် ၂ တန်းလောက်တွင် ခင်ပွန်း ဆုံးပါးသွားကာ မုဆိုးဘဝဖြင့် သားနှစ်ယောက်နှင့် ရုန်းကန်ခဲ့ ရသည်။ ခင်ပွန်းဖြစ်သူ ဆုံးသွားခြင်းကပင် ပြည့်ဖြိုးအောင်အတွက် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ ရှိနေ ပါက သူ့သား Gay ဖြစ်ခြင်းကို လုံးဝ လက်ခံမည် မဟုတ်ပါ။

မိခင်တဦးအနေဖြင့် ကိုယ်မွေးထားသည့် သားကို ကျားကျားလျားလျား ဖြစ်စေချင်ခဲ့သော်လည်း သားကိုယ်တိုင်က Gay ဖြစ်ကြောင်း ဖွင့်ဟပြောလိုက်သည့်အခါ ကြိတ်ပြီး ငိုခဲ့ရသည်။

သူ သိသိချင်း လက်မခံနိုင်ခဲ့သော်လည်း LGBT နှင့် ပတ်သက်သည့် ရုပ်ရှင်၊ စာစောင်များ ကြည့်ရသည့်အခါ “တို့မိသားစုထက် ဆိုးတဲ့သူတွေ ရှိခဲ့ပါလားဆိုပြီး စာနာစိတ်နဲ့။ သားသမီး ချစ်စိတ်နဲ့။ ပတ်ဝန်းကျင်ကလည်း ကဲ့ရဲ့မှုမပြုအောင် ကိုယ်က ကာ ရန်ပေးထားတာပေါ့။ ကိုယ်ကစပြီး ပြောမယ်ဆိုရင် သူများက ပိုပြီးလက်ညှိုးထိုးမှာပေါ့” ဟု ဒေါ်မြင့်မြင့်စန်းက ပြောပြသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း LGBT စုံတွဲတတွဲ အဆိပ် သောက် အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။ သေဆုံးသူနှစ်ဦးသည် ဆယ်ကျော်သက်အရွယ်များသာ ရှိသေးသည်။ မိခင်နှင့် ဆွေမျိုးများ၏ ဖိအားပေးမှုများကြောင့် ကြံရာမရသည့်အဆုံး အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်စာမျက်နှာသို့ ရောက်လာ၍သာ ထိုသတင်းက ဟိုးလေးတကြော် ဖြစ်သွားခဲ့သော်လည်း လူမသိသူမသိဖြင့် ဖုံး ကွယ်ခံရသော ထိုစုံတွဲကဲ့သို့ ဖြစ်ရပ်မျိုးများ မည်မျှရှိနေမည်နည်း။ ထိုဖြစ်ရပ်က LGBT များ၏ မိဘ၊ မိသားစုဝင်များ မည်မျှ အထိ အရေးကြီးကြောင်းကို မီးမောင်းထိုးပြနေသည်ဟု LGBT အရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။

မိဘများ၏ အားပေးထောက်ခံဂရုစိုက်မှုက LGBT များအတွက် အလွန်အရေးပါသည်/ အောင်ကျော်ထက်/ဧရာဝတီ

မိဘများက လုံးဝ လက်မခံနိုင်ခြင်းဆိုရာတွင် မိဘဟူသည် သားသမီးကို မုန်းသည့်သူဟူ၍ မရှိ။ ကောင်းစေချင်၍၊ ခွဲခြား ဆက်ဆံမှုများသည့် ဘဝထဲ မရောက်စေချင်၍၊ တခြားသူတို့၏ အနိုင်ကျင့်မှုကို မခံစေချင်၍ ကရုဏာဒေါသဖြင့် တားခြင်း ဖြစ်နိုင်သလို မိဘတို့၏ အတ္တကို အရင်းပြုကာ (သို့) LGBT နှင့် ပတ်သက်ပြီး စိတ်ဒဏ်ရာ တခုခု ရှိခဲ့ဖူး၍ ခါးခါးသီးသီး ငြင်းဆိုခြင်း ဖြစ်နိုင်ကြောင်း ရှင်းသန့်က ရှင်းပြသည်။

ထိုကဲ့သို့ မိဘများနှင့် ကြုံတွေ့ရသည့်အခါ “အချိန်မတိုင်ခင် ကြွေလွင့်သွားတတ်တယ်။ အညွှန့်ကျိုးသွားတတ်တယ်” ဟု သူ့အတွေ့အကြုံများအရ ပြောပြသည်။

မိဘနှင့် အဆင်မပြေ၍ အိမ်ပေါ်က ဆင်းသွားရာမှ လမ်းပေါ်တွင် စားစရာမရှိ၊ သောက်စရာမရှိဖြင့် ဘဝပျက်သွားသူ၊ လိင် လုပ်သား ဖြစ်သွားသူ၊ ခိုးဝှက်တတ်သူဖြစ်သွားသူ၊ ဆိုးဝါးသည့် ရောဂါဘယများ စွဲကပ်ကာ အသေဆိုးဖြင့် လမ်းဘေးတွင် ဆုံးပါး သွားသူ၊ ရဲအဖမ်းခံရ၍ ထောင်ကျသွားသူ စသည့် ဖြစ်ရပ်များက သက်သေပင်ဖြစ်သည်။

အချို့က အပြင်ဘက်သို့ စွန့်ပစ်ခံလိုက်ရခြင်းမျိုး မဟုတ်ဘဲ သတ်မှတ်ဘောင်အတွင်း၌သာ နေရမည်ဆိုကာ ဟန်ဆောင်မှု ဖြင့် အိမ်ထောင်သားမွေးပြုရသည့်အခါ စိတ်နှစ်ခုဖြင့် ရှင်သန်ရသော လူတယောက်အတွက် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းမျိုးထိ ရှိသည်။

“မိဘ လက်မခံဘဲ ချောင်ပိတ်ပြီးတော့မှ ထားတဲ့ သားသမီးတွေဟာ သေချာတယ်။ အခု LGBT လောကမှာ စီးပွားရေးလုပ်ငန်းထဲမှာ အောင်မြင်နေတဲ့သူ မရှိသလောက်ပဲ။ အမြဲတမ်း သူများရဲ့နောက်မှာ ခေါင်းငုံ့ပြီး သူများလုပ်သမျှခံပြီး မျက်စိပွင့် နားပွင့် မရှိ။ စမ်းတဝါးဝါးနဲ့ ဘဝမပျက်ရုံတမယ် အသက်ရှင်သွားရတဲ့သူတွေ ရှိတယ်” ဟု ရှင်းသန့်က ပြောသည်။

LGBT များအနေနဲ့လည်း ရိုးသားကြိုးစားရန် လိုနေသေးကြောင်း၊ စည်းနှင့်ဘောင်နှင့် ကဲရ/ပျော်ရမည်ဖြစ်ကြောင်း၊ ခိုးဝှက် မှုများ မလုပ်ဘဲ လက်မှုပညာဖြင့် ရပ်တည်ရန် ကြိုးစားသင့်ကြောင်း၊ LGBT ဆိုင်ရာ ဥပဒေ၊ အခွင့်အရေးကို နားလည်ပြီး ဥ ပဒေဘောင်အတွင်း နေထိုင်ကာ ကိုယ့်ကို စော်ကားလာလျှင် ဥပဒေဘောင်အတွင်းက ပြန်လည် တုန့်ပြန်တတ်ရန်လိုသည် ဟု သူက ထောက်ပြအကြံပြုသည်။

မိဘများက ရည်ရွယ်ကာ မွေးခြင်းမျိုး မဟုတ်သော်လည်း LGBT ဆိုသည်မှာ မွေးလာအုံးမည်ဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်သွားမည့် အရာမျိုး မဟုတ်ပါ။

ကိုယ့်သားသမီး LGBT တယောက် ဖြစ်နေပြီဆိုပါက မိတ်ကပ် ခင်စန်းဝင်းတို့ကဲ့သို့ အောင်မြင်နေသည့် ဘဝမျိုး လိုချင်သလား သို့မဟုတ် လမ်းဘေးတွင် သူခိုးဂျပိုး၊ လိင်မှုကိစ္စဖြင့် သူတပါး အနှိမ်ခံ/တံထွေးထွေးခံရသည့် ဘဝဖြင့် ကိုယ့် သားသမီးကို အဆုံးသတ်စေချင်သလားဟု ရှင်းသန့်က မေးခွန်းထုတ်သည်။

“ဒီနှစ်ခုပဲ စဉ်းစား။ အောင်မြင်တဲ့သူတွေ နောက်မှာ ပံ့ပိုးနေတဲ့ မိဘတွေ မိသားစုတွေ ရှိတယ်” ဟု သူက အခိုင်အမာ ပြော ဆိုသည်။

ပြည့်ဖြိုးအောင်၏ မိခင်ကလည်း “တချို့ လက်မခံတဲ့ မိဘတွေ ရှိရင် ပူးပေါင်းပြီး လုပ်ပေးချင်ပါတယ်။ အသိပညာ ဗဟုသု တမရှိတော့ အသက်ဆုံးရှုံးခဲ့ရတာတွေရှိတော့ လက်ခံပေးစေချင်တယ်။ သူတို့ရဲ့ ဖြစ်တည်မှုတခုမှာ မိဘက သူတို့ရဲ့ အား ဆေးတခုပဲလို့ ထင်တယ်” ဟု မျှဝေပြောဆိုသည်။

LGBT အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သည့် Colors Rainbow ၏ Deputy Director ကိုလှမြတ်ထွန်းကတော့ LGBT ကို လက်ခံခြင်း လက်မခံခြင်းဆိုသည်ထက် LGBT များ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မိသားစု၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများထဲတွင် ရှိနေခြင်းကို မြင်အောင်ကြည့်ပေးရန် တိုက်တွန်းပြောဆိုသည်။

လူကို လူဆိုသည့်ဟာနှင့် သတ်မှတ်ပြီး လူ့ဖြစ်တည်မှုဆိုသည်ကို ‘ယောကျ်ားချင်းချစ်လို့ မိန်းမချင်းချစ်လို့ ယောကျ်ားဖြစ်ရဲ့ နဲ့ မိန်းမစိတ်ပေါက်နေလို့’ ဆိုသည်မျိုး ခွဲခြားနေခြင်းထက် လူပီသဖို့ရန်သာ အရေးကြီးသည်ဟု သူက ဆိုသည်။

“လက်ခံခြင်း လက်မခံခြင်းဆိုတာထက် ရှိနေခြင်းကို မြင်အောင်ကြည့်ပေးပါ။ တဖြည်းဖြည်း ကိုယ့်ရဲ့နားလည်မှုကို တိုး တက်လာအောင် ကြိုးစားပေးပါလို့ ပြောချင်ပါတယ်” ဟု ကိုလှမြတ်ထွန်းက ပြောသည်။

LGBT အများစုသည် ၎င်းတို့၏ မိဘ၊ မိသားစုနှင့် နေထိုင်ရာ ပတ်ဝန်းကျင် (ကျောင်း၊ အိမ်၊ လုပ်ငန်းခွင်) တွင် ၎င်းတို့၏ ဖြစ်တည်မှုကြောင့် အနည်းနှင့်အများဆိုသလို စိတ်မသက်မသာ ဖြစ်ရသည်များ ရှိတတ်ကြသည်။ ပြဿနာ ဖန်တီးသူများ မဟုတ်ကြသော်လည်း LGBT ဆိုသည့် ဖြစ်တည်မှုကို နားမလည်သူ၊ လက်မခံနိုင်သူများ အကြား နာကျည်းမှု၊ သိမ်ငယ်မှုများ နှင့် ဘဝကို ဖြတ်သန်းကြရသည်။

ထို နာကျည်းမှု၊ သိမ်ငယ်မှုများက အချိန်ကြာလာသည်နှင့်အမျှ အားနည်းချက်များအဖြစ် ကူးပြောင်း သွားတတ်ကြပြီး မဖြစ်သင့်သော ဖြစ်ရပ်ဆိုးနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

LGBT တို့ဘဝအတွက် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်ခွန်အား ရရှိစေရန် ပံ့ပိုးပေးနိုင်မည့် အနီးလူသားကား မိဘပင်ဖြစ်သည်။ “ကိုယ့်သားသမီးတော့ ဒီလိုဖြစ်နေပြီ။ ကိုယ့်သားသမီးကို ဘယ်လို ကောင်းမွန်တဲ့ဘဝ ရောက်အောင် ပံ့ပိုးပေးမလည်းဆိုတာကိုပဲ စဉ်းစားပေးပါ” ဟု ရှင်းသန့်က တိုက်တွန်းလိုက်သည်။

You may also like these stories:

LGBT များ အပေါ် အမြင်စောင်းစေမည့် သရုပ်ဖော်မှုများ ရှောင်ရန် တောင်းဆို

” LGBT တွေအားလုံးကတော့ အသဲကွဲဖူးတဲ့သူတွေချည်းပါပဲ”

ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ

ဇနီးဖြစ်သူ ညဘက်အိပ်ပျော်စေဖို့ သေတ္တာတလုံး တီထွင်ခဲ့တဲ့ Mark Zuckerberg

Did you find apk for android? You can find new Free Android Games and apps.
Loading