Women & Gender

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာစာတမ်း ထုတ်ပြန်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလားအလာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း NSPAW၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၏ သုံးသပ်ချက်” စာတမ်း မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

“ကျမတို့ WLBအနေနဲ့ NSPAW ကို အသေးစိတ်သုံးသပ်ကာ အနာဂတ်တွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတော်အဆင့်စီမံကိန်းလုပ်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ ထုတ်တာဖြစ်တယ်”ဟု WLB၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ဧရာဝတီသို့ ပြောကြားသည်။

၎င်းစာတမ်းသည် ၂၀၁၃ ခုနှစ်တွင် အစိုးရမှ “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ (NSPAW) ” ခေါင်းစဉ်ဖြင့် အကောင်ထည်ဖော်နေသော မဟာဗျူဟာ စီမံကိန်းအပေါ် အမျိုးသမီးများအဖွ့ဲချုပ် (မြန်မာနိုင်ငံ) မှ ပြန်လည်သုံးသပ်ရေးထားသော သုံးသပ်ချက် စာတမ်းဖြစ်သည်။

ထိုသုံးသပ်ချက်စာတမ်းတွင် အဓိကအားဖြင့် NSPAW တွင် တွေ့ရှိရသော အခြေခံပြဿနာ ၃ ခုနှင့် အကြံပြုချက်များ ပါဝင်သည်။ ၎င်းအခြေခံပြဿနာ ၃ ခုတွင် နံပတ်တစ်အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်တွင် မှီကိုးထားသည့် NSPAW၏ ပြဿနာများ၊ နံပတ် ၂ တွင် NSPAW ၏ အကောင်အထည်ဖော်မှုနှင့် တာဝန်ခံမှုဆိုင်ရာ ပြဿနာများနှင့် နံပတ် ၃ တွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ NSPAW၏ အသေးစိတ်ပြဿနာများ ပါဝင်ပါသည်။

“ စာတမ်းက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက်လို့ ပြောတဲ့အခါမှာ စကားအရပြောတာ မဟုတ်ပဲနဲ့ တကယ့် လက်တွေ့အကောင်အထည်ဖော်မှုတွေက မရှိနေတဲ့အနေအထား ဖြစ်နေတယ် ”ဟု နော်ဆဲဆဲက ထောက်ပြ ထားသည်။

သုံးသပ်ချက်စာတမ်းတွင် NSPAW သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဆယ်စုနှစ်များစွာသော ပြည်တွင်း စစ်ပဋိပက္ခ၊ တပ်မတော်၏ အာဏာ ဆက်လက်လွှမ်းမိုးနေမှု နှင့် ခေတ်နှင့်လိုက်လျော ညီထွေမှုမရှိတော့သော ဥပဒေများနှင့် တရားဥပဒေဆိုင်ရာ မူဘောင်များအပါအဝင် ကျား-မတန်းတူရေး ဖော်ဆောင်မှုကို နှောက်ယှက် ဟန့်တားနေသည့် အတားအဆီးများအား ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေသည်ကို သုံးသပ်ထားခြင်း ဖြစ်သည်။

ထို့အပြင် NSPAW သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပြည်တွင်းရှိ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကတိကဝတ်များကို ပါးစပ်ဖျားဖြင့်သာ တာဝန်ယူခြင်းဖြင့် ကျား-မ တန်းတူညီ မျှမှုမရှိခြင်းကို ဆက်လက်ရှင်သန်စေသည့် ပွင့်လင်းမြင်သာမှုမရှိသည့် စာရွက်စာတမ်းတစ်ခုသာ ဖြစ်နေသည် ကိုလည်း ၎င်းစာတမ်းတွင် သုံးသပ်ထားကြောင်း ပါဝင်သည်။

၎င်းစာတမ်းကို ၂၀၁၈ခုနစ်မှ စတင်ပြီး အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နှင့် အမေရိကန်နိုင်ငံ Fordham တက္ကသိုလ်၊ ဥပဒေကျောင်း၏ သုတေသန၊ စည်းရုံးလှုံဆော်ရေး၊ ပညာရေးဆိုင်ရာ စင်တာတရပ်ဖြစ်သည့် နိုင်ငံတကာ ဥပဒေနှင့် တရားမျှတရေးဆိုင်ရာ Leitner Center for International law and Justice တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုံးသပ်ချက်စာတမ်းကို NSPAW တွင်ပါဝင်သည့်အဖွဲ့အစည်းများနှင့် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာကိုလည်း တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်

You May Also Like These Stories:

မုဒိမ်းမှုကို တိုင်ချက်ဖွင့်တာနဲ့ ချက်ချင်းဖမ်းသင့်သလား

အမျိုးသမီးအချုပ်သားများဆိုင်ရာ ရဲလုပ်ထုံးလုပ်နည်းများသုံးသပ်ရန်လိုပြီ

ဓလေ့ထုံးတမ်းများကြောင့် အမျိုးသမီးများ အခွင့်အရေး ရရှိရန် အလှမ်းဝေးနေ

အမျိုးသမီးအခွင့်အရေးတွေ အပြည့်အဝ ရရှိနေပြီလား 

Loading