ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အတွင်း ကျေးရွာများမှ အထည်ချုပ်စက်ရုံများတွင် နေ့စဉ် သွားရောက်လုပ်ကိုင်နေသည့် အမျိုးသမီး ၂၅၀ တို့၏ သွားလာရေး လွယ်ကူချောမွေ့ရန် ရည်ရွယ်၍ ကျေးလက်ကွန်ကရစ်လမ်းသစ်ကို ဖောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမှာ ကဝမြို့နယ်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၂ သောင်းခန့်၏ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရန်လည်းဖြစ်သည်။
အဆိုပါလမ်းဖောက်လုပ်မှုကို UK aid အဖွဲ့မှ ရန်ပုံငွေ ကူညီ၍ UNDP Myanmar နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကဝမြို့နယ် ကဝမြို့မှ ခမေကြီး ကျေးရွာ အထိ ၇.၆ ဖာလုံ ရှည်လျားသော ကျေးလက်ကွန်က ရစ် လမ်းသစ်ကို ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ပေးအပ်ခဲ့ကြောင်းသိရသည်။ ကဝမြို့မှတဆင့် ရန်ကုန်- ပဲခူးအဝေးပြေးလမ်းမကြီးနှင့် ဆက်သွယ်နိုင်သည့် လမ်းဖြစ်သည်။
“ ဒီကွန်ကရစ်လမ်းသစ် စီမံကိန်းဟာ ကောင်းမွန်တဲ့ ဒီမိုကရေစီ အလေ့အကျင့် တွေရဲ့ နမူနာတခုဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီအလေ့အကျင့်ကောင်းတွေကို နောက်ထပ်ကျန်ရှိနေတဲ့ မြို့နယ်တွေမှာလည်း UNDP နဲ့ UKaid တို့နဲ့ ပူးပေါင်းပြီး ဆင့်ပွားဆောင်ရွက်သွားချင်ပါတယ်။” ဟု ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လမ်းဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ လမ်းမှာ ၁၂ ပေအကျယ် ရှိပြီး မြေသားဖို့ထားသည့်လမ်းပေါ်တွင် ၈ ပေအကျယ်၊ ၉ လက်မ အထူ ကွန်ကရစ်လမ်းခင်းခဲ့ခြင်းဖြစ်သည်။
စီမံကိန်းကာလမှာ ၃ လ သာ ကြာမြင့်ခဲ့ပြီး မိုးရာသီတွင် သွားလာရေးခက်ခဲသည့် ကျေးရွာချင်းဆက်လမ်းမဖြစ်၍ နေ့စဉ် အထည်ချုပ်စက်ရုံများသို့ အလုပ် သွားရောက် လုပ်ကိုင်နေသည့်အမျိုးသမီးများသွားလာရေးလွယ်ကူချောမွေ့စေပြီး လုံခြုံရေးအရလည်း စိတ်ချရသည့်အခြေအနေများ ခံစားလာရကြောင်း ခမေကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ကြိုင်က ဧရာဝတီကိုပြောသည်။
“တို့ဒေသက မိုးများတဲ့ဒေသဆိုတော့ မိုးတွင်းမှာ သွားလာဖို့မလွယ်ဘူး၊ များသောအားဖြင့် ဒုက္ခခံရတာကတော့ မြို့ပေါ်က အထည်ချုပ်စက်ရုံမှာ အလုပ်သွားလုပ်ရတဲ့ကလေးတွေပေါ့၊ ဒီလမ်းမကောင်းခင်ကဆိုရင် မနက်အစောကြီးထ သွားရတယ်။ အဲဒီတမိုင်လောက်လမ်းလေးကို ၁ နာရီ ၁ နာရီခွဲလောက် ဖြတ်နေရတာ၊ အခုတော့ အတော်လေး အဆင်ပြေပြီ။ ပဲခူးတို့ ရန်ကုန်တို့သီးနှံတက်ရောင်းချင်လည်း သွားရေးလာရေးက အတော်အဆင်ပြေပြီ၊ ကူညီပေးတဲ့အဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။’’ ဟု ၎င်း က ပြောသည်။
လမ်းသစ်ဖွင့်လှစ်ပေးခြင်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများ အကြား အတူတကွ ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းသစ်တခု၏ အရေးကြီး သော ပြယုဂ်တခုဖြစ်ကြောင်းနှင့် တနိုင်ငံလုံးအတွက်လည်း နမူနာပုံစံကောင်း တခုဖြစ်ကြောင်း၊ ဤအစီအစဉ်ကို ပံ့ပိုးကူညီမှု ပေးခဲ့သည့် UK aid ရဲ့ အရေးပါတဲ့ အခန်းကဏ္ဏတို့ကို တွေ့ရှိရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဗြိတိန်နိုင်ငံ သံအမတ်ကြီးက အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
UK aid မှ တာဝန်ရှိသူတဦးက “ကဝဒေသအနီးမှရှိတဲ့ ကျေးရွာ ၁၃ ရွာက ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းခြင်းအားဖြင့် အမျိုးသမီးတွေ အလုပ်သွား၊ ဈေးသွား ပိုမိုလွယ်ကူပြီး ပြည်သူ့ဝန်ဆောင်မှုကို ပိုမို လက်လှမ်းမီ ရရှိနိုင်ဖို့ ဖြစ်ပါတယ်။ လမ်းဖောက်လုပ်ကုန်ကျစရိတ်မှာ မြန်မာကျပ် ၁၇၂ ၈၈၀ ၀၀၀ ဖြစ်ပါတယ်။ UK aid က ၄ နှစ်တာအတွက် UNDP မှတဆင့် စတာလင်ပေါင် ၄ သန်း ပဲခူးတိုင်းဒေသကြီးအစိုးရကို ပံ့ပိုးရန် ကတိကဝတ် ထားရှိခဲ့ပြီးဖြစ်ပါတယ်’’ ဟု ဧရာဝတီသို့ ပြောသည်။
ကဝမြို့နယ်သည် စီမံကိန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာ ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအောင်မြင်မှုအပေါ် အခြေခံပြီး ပဲခူးတိုင်းဒေသကြီး အစိုးရက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် အထောက်အပံ့ရံပုံငွေများအနေဖြင့် တိုင်းဒေသကြီးဘတ်ဂျက်ထဲမှ ငွေကျပ် ၅၆ ဘီလီယံ ခွဲဝေအသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
UNDP အား စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်အတွက်နည်းပညာ ပံ့ပိုးကူညီမှုပေးဖို့ ပန်ကြားထားကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့ရရှိသည့် ရံပုံငွေကို မည်ကဲ့သို့ အသုံးပြုရန်ဟူသည့် ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ခဲ့ကြောင်း၊ အလိုအပ်ဆုံးနေရာတွင် အသုံးပြုရန်ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
‘’ ဒီစီမံကိန်းကတဆင့် အရပ်ဖက်အဖွဲ့အစည်းတွေကြားထဲမှာ စီမံကိန်းလုပ်ငန်းအပေါ် ပိုမိုကောင်းမွန်တဲ့ နားလည်သဘောပေါက်မှု တည်ဆောင်ဖို့နဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ ဒေသခံတွေ ပါဝင်ခြင်းအားဖြင့် ဒေသခံစီမံကိန်း စီစဉ်ဆောင်ရွက်မှုတွေ ပိုမို တုံ့ပြန်မှု အားကောင်းကောင်း၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့အားလုံးအကျုံးဝင်ပါဝင်ရေးကို ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။’’ ဟု UK aid မှ တာဝန်ရှိသူက ရှင်းပြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့နယ် ၅ မြို့နယ်မှာ ရပ်ရွာပြည်သူပါဝင်တဲ့ ရှေ့ပြေးစီမံကိန်းအတွက် UK aid ၏ ထပ်ဆောင်းပံ့ပိုးမှုကို အတည်ပြုထားပြီးဖြစ်သည်ဟု သိရသည်။
You may also like these stories:
လူမှု့ဝန်းကျင်ထဲက ဖယ်ကျဉ်ခံနေရဆဲ အမျိုးသမီးများ
မြန်မာ့ထဘီအပေါ် အယူသီးမှုတွေ ရှိနေဆဲလား
ကျေးလက်နေအမျိုးသမီးများဘဝမြှင့်တင်ပေးရေး လွှတ်တော်တွင် တိုက်တွန်း
စွန့်ပစ်ခံ ကလေးငယ်များအတွက် ဒုတိယမိခင်