Women & Gender

ဒလတွင် သက်ငယ်မုဒိမ်းကျူးလွန်ခံရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် အသက် ၁၅ အရွယ် မိန်းကလေးတဦး အလိုမတူပဲ မုဒိမ်းပြုကျင့်ခံရသည့်အတွက်ဟုဆိုပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံသို့ ၂ ရက်တိုင်တိုင် သွားရောက်တိုင်တန်းခဲ့သော်လည်း အမှုဖွင့်ပေးခြင်းမရှိသေးပဲ လာမည့် တနလာၤနေ့မှ အမှုဖွင့်တော့မည်ဖြစ်ကြောင်း ကာယကံရှင်မိန်းကလေးနှင့် ဆွေမျိုးများမှ ဧရာဝတီသို့ ပြောသည်။

ယနေ့မနက်ပိုင်းတွင် မုဒိမ်းမှု ကျူးလွန်ခံရသည့် မိန်းကလေးလက်ရှိနေထိုင်ရာ နေအိမ်သို့ ဒလမြို့နယ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ယူပြီး ကာယကံရှင်မိန်းကလေး၏ အခင်းဖြစ်ပျက်ချိန် အဝတ်အစားများနှင့် အိပ်ယာခင်းများကို သွားရောက် သိမ်းဆည်ရမည်ဖြစ်ကြောင်း ဒလမြို့နယ် ရဲတပ်ဖွဲ့မှ ပြောဆိုခဲ့သည်ဟု မုဒိမ်းမှု ကျူးလွန်ခံလိုက်ရသည့် မိန်းကလေး၏ အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းက ပြောသည်။

ဒေါ်ခင်သန်းက “ဒီနေ့ပဲ ရဲတွေက လာခေါ်တယ်။ ကျမလည်း ဈေးရောင်းကနေတန်းပြန်လာပြီး ရဲစခန်းကို သွားလိုက်တာ။ ရဲက အမှုတော့ ဖွင့်ပေးမယ်။ မနက်ဖြန်ပြန်လာပြောတယ်။ ကျမလည်း ကိုယ့်ဈေးရောင်းမှ ကိုယ်စားရမှာမို့ တနလာၤနေ့လာမယ်ပြောတော့ ကိုယ့်သဘောနဲ့ကိုယ် တနလာၤနေ့မှ အမှုဖွင့်မှာဆိုတာကို လက်မှတ်ထိုးပေးလိုက်ရတယ်”ဟု ရှင်းပြသည်။

ကာယကံရှင်သည် လွန်ခဲ့သော ၄ လခန့်မှစတင်ပြီးအလိုမတူပဲ မုဒိမ်းမှု ၇ ကြိမ်မျှ ကျူးလွန်ခံခဲ့ရကြောင်း၊ လက်ရှိတွင် ကိုယ်ဝန် ၂ လ ရှိနေပြီဖြစ်သောကြောင့် ဒလမြို့မရဲစခန်းသို့ မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် တိုင်ချက်သွားဖွင့်ခဲ့သော်လည်း မေလ ၂၃ ရက်နေ့ညနေအထိ အမှုဖွင့်ကာ ကျူးလွန်ခံရသူကို သွားရောက်ဖမ်းဆီးခြင်း မရှိသေးကြောင်း ကျူးလွန်ခံရသူ အသက် ၁၅ နှစ်အရွယ် မခင်(အမည်လွှဲ)က ပြောဆိုခဲ့သည်။

မခင်က “ကျမအနေနဲ့ ကိုယ့်ကို အလိုမတူပဲ မုဒိမ်းမှု ကျူးလွန်သူကို သူနဲ့ထိုက်သင့်တဲ့အပြစ်ဒဏ် ခံရစေချင်တယ်။ ကျမဆိုရင် အခုဆို သူတို့က ကိုယ်ဝန်ရှိတယ်ဆိုပြီး ဖျက်ချဖို့တောင်လုပ်လိုက်တဲ့ ဒဏ်တွေကြောင့် ၂ ရက်ခြားတခါ၊ ၃ ရက်ခြားတခါ ကိုက်ခဲနာကျင်တဲ့ဒဏ်ကို ခံစားနေရတုန်းပဲ” ဟု ရှင်းပြသည်။

ဧရာဝတီသတင်းထောက်က မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဒလမြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာတွင် အမှုမဖွင့်ခြင်းသည်က စုံစမ်းစစ်ဆေးမှု လုပ်နေဆဲဖြစ်ပြီး မုဒိမ်းမှု ကျူးလွန်ခံရသည်ဆိုသည့် မိန်းကလေးသည် အိမ်ထောင်ကျဖူးသူဖြစ်သည့်အပြင် အိမ်ထောင်ကွဲသွားချိန်တွင်လည်း ရည်းစားထားသည်ဆိုသည့် အချက်များ စုံစမ်းရပြီး ကျူးလွန်သူဟု စွပ်စွဲခံရသူသည် အသက် ၅၆ နှစ်အရွယ် အမျိုးသားဖြစ်နေခြင်းကို စဉ်းစားနေကြောင်း စခန်းမှူး ဒုရဲမှူး အုန်းလွင်က ပြောသည်။

ဒုရဲမှူး အုန်းလွင်က “အခု ကိုယ်ဝန်ရတယ်ဆိုတာကလည်း အသက် ၅၆ နှစ်အရွယ်က မုဒိမ်းမှုကျူးလွန်တာမှာ အမျိုးသားသုတ် ထွက်ပါ့မလားလည်း စဉ်းစားစရာ။ နောက် ကျူးလွန်ခံရတဲ့ ကောင်မလေးကလည်း အိမ်ထောင်ကွဲပြီးနောက် ရည်းစားတွေ ထားတယ်ဆိုတော့ ဒီကိုယ်ဝန်က ဘယ်သူနဲ့ရလဲဆိုတာလည်း စဉ်းစားရတယ်။ အမှုကတော့ ဖွင့်တော့ ဖွင့်မှာပါ။ သက်ဆိုင်ရာအထက်ဌာနကိုလည်း ကျနော်တို့ အကြောင်းကြားထားတယ်။ အမှုဖွင့်တဲ့အခါ ကျနော်တို့ ဖုန်းပြန်ဆက်ပါ့မယ်။ စွပ်စွဲခံရသူတွေဘက်ကို မေးတော့လည်း သူတို့မကျူးလွန်ဘူးလို့ ပြောကြတယ်ဗျ” ဟု သူကဆိုသည်။

တရားရုံးမရောက်မီ စွပ်စွဲခံရသူအနေဖြင့် သံသယအကျိုးကို ခံစားခွင့်ရှိသည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲကအနေဖြင့် ယခုလို သက်ငယ်မုဒိမ်းမှုဖြစ်လာပြီဆိုလျှင် တိုင်ကြားသူအတွက် နစ်နာမှုမရှိအောင် အမှုဖွင့်ဆောင်ရွက်ပေးရမည်က တာဝန်တရပ်ပင်ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးကို အစဉ်တစိုက် ဆောင်ရွက်နေသည့် Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေးက ပြောသည်။

သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များကို လေ့လာလျှင် ဆင်းရဲနွမ်းပါးပြီး ပိုက်ဆံမရှိသူ သူအများစုအနေဖြင့် တရားမျှတမှုအတွက် ရဲတပ်ဖွဲ့ကို အားကိုးခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်တချို့က ပေါ့ဆစွာ၊ လျော့ပေါ့စွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် တကယ်ခံစားရသူများမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ထိခိုက်စေခဲ့သည်ဟု သူက ဆက်ပြောသည်။

မခင်လေးက “အဲဒါမျိုးတွေက မျက်နှာမွဲလူတန်းစားတွေမှာ ဖြစ်တတ်တဲ့ဟာ ကြားနေရတာပဲ။ မျှတမှုရမလားဆိုပြီး အားကိုးတကြီးနဲ့ သွားတိုင်တာ ပေါ့တိပေါ့ဆ လုပ်ကြတာတွေ တွေ့ရတယ်။ တိုင်တန်းမှု ရှိလာပြီဆိုရင် အမှုဖွင့်ပြီး ဖမ်းဆီးရမှာက သူတို့(ရဲတပ်ဖွဲ့)တာဝန်ပဲ။ တရားရုံးရောက်မှ၊ ဆေးစစ်ချက်တွေနဲ့အတူ ဖြစ်နိုင်ချေ ရှိ၊ မရှိကို ဆုံးဖြတ်ရမှာ။ မရှိဘူးဆိုရင် တိုင်ကြားသူနဲ့ ပြန်ဆွေးနွေးပြီး သေချာဆုံးဖြတ်သင့်တယ်။ အထင်နဲ့ဆုံးဖြတ်လိုက်မယ်ဆိုရင် အမှန်တကယ် ခံရသူဘက်က နစ်နာမှုများတယ်” ဟု သူကဆိုသည်။

ကျူးလွန်ခံရသူ

မခင်အသက် ၉ နှစ်အရွယ်ထဲက မိခင်ဖြစ်သူက သေဆုံးသွားခဲ့ရကြောင်း၊အတန်းပညာကလည်း ၃ တန်းမအောင်ပဲကျောင်းထွက်ခဲ့ရသူဖြစ်ကြောင်းနှင့်ဖခင်ဖြစ်သူ ရန်ကုန်နှင့် ဒလမြို့နယ်သို့ သဗ္ဗာန်မောင်းသူတဦးဖြစ်ကြောင်း သိရသည်။

ဖခင်ဖြစ်သူမှာ လွန်ခဲ့သော ၅ နှစ်ခန့်က နောက်အိမ်ထောင်ပြုခဲ့သဖြင့် သူက အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းနှင့်အတူ နေထိုင်ခဲ့သည်။

မခင်သည် ယမန်နှစ်က အိမ်ထောင်ကျပြီး တလခန့်သာ ပေါင်းသင်းလိုက်ရပြီးနောက် အိမ်ထောင်ကွဲသွားသည့်အခါ ဒေါ်ခင်သန်းအိမ်တွင် မနေချင်တော့သဖြင့် အဖွားဖြစ်သူ ဒေါ်မြစိန်၏ နေအိမ်တွင် သွားရောက်နေထိုင်ခဲ့ပြီးမှ ယခုကဲ့သို့ အဖြစ်အပျက်ကို တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သော ၄ လခန့်အတွင်း မခင်အိပ်နေသည့် ခြင်ထောင်ထဲသို့ အဖွားဖြစ်သူ၏ နောက် အိမ်ထောင် ဖြစ်သည့် အသက် ၅၆ နှစ်အရွယ် ဦးသန်းမြင့်ဆိုသူက ဝင်ရောက်လာပြီး မိမိ၏ ကိုယ်ပေါ်သို့ အတင်းတက်ကာ မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း မခင်က ပြောသည်။

သူက ရုန်းကန်သည့်အခါ တအိမ်ထဲနေ အဖွားဖြစ်သူ၏ သမီး(မခင်၏ အဒေါ်ဖြစ်သူ) မဇာဇာသစ်ဆိုသူက ခြေထောက်ကို ချုပ်ပေးခဲ့ကြောင်း၊ ထို့နောက် အလိုမတူပဲ မုဒိမ်းမှု ကျူးလွန်ခဲ့ပြီးနောက် ၂ ရက်ခြား တခါ ၄ ကြိမ်မျှ ကျူးလွန်ခံခဲ့ရကြောင်း မခင်က ဆက်ပြောသည်။

ယခုအခင်းဖြစ်စဉ်များကို မိမိ၏ အဖွားဖြစ်သူဒေါ်မြစိန်ကိုယ်တိုင် သိရှိခဲ့သော်လည်း တစုံတရာ တားမြစ်အရေးတယူဆောင်ရွက်ခြင်း မရှိခဲ့သည့်အပြင် မိမိတွင် ကိုယ်ဝန်ရသွားကြောင်း ဆီးစစ်ချက်ပေါ်လာသည့်အခါ မိမိကို ကျူးလွန်စော်ကားသူက သူ့ညီမဖြစ်သူထံခေါ်သွားပြီး ဗိုက်နှင့် ဆီးစပ်များတွင် အုန်းဆီလိမ်းကာ ဗိုက်ကို အောက်ဘက်သို့ နှိပ်ချခဲ့ကြောင်း မခင်က သူကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြသည်။

ဗိုက်ကိုနှိပ်ချသော်လည်း ကလေးမပျက်ကျသည့်အတွက် ဂျင်းနှင့် ထန်းလျှက်တို့ကြိုတိုက်ပြီး ဗိုက်ပေါ်မှ မိမိကို ကျူးလွန်သူ ဦးသန်းမြင့်က တက်နင်းခဲ့ကြောင်း သူက ဆက်ပြောပြသည်။

မခင်က “အဲဒီလို လုပ်တုန်းက ကျမမှာ ၅ ရက်လောက်အထိ လမ်းတောင် မလျှောက်နိုင်ခဲ့ဘူး။ တခြားသူကို ပြောရင် ကျမကို သတ်မယ်၊ နောက်ဖေးက ချောင်းထဲလွှင့်ပစ်မယ်ဆိုလို့ ကျမမှာ ဘယ်သူမှမကို မပြောရဲခဲ့ဘူး။ ကျမ အဲဒီမှာ ဆက်နေရင် တခါတခါ သူ(ဦးသန်းမြင့်)က ခြင်ထောင်ထဲ ဝင်လာသေးတယ်။ ကျမက ထရံတွေကိုခြေထောက်နဲ့ကန်ရင်း အော်လွှတ်တော့မှ သူ့သမီး(မဇာဇာသစ်)က သူသဘောမတူပဲ ဘာလို့လုပ်ချင်တာလဲ အော်တော့ ပြန်ထွက်သွားတယ်။ အဲဒီလို ၅ ကြိမ်လောက်ဖြစ်ခဲ့သေးတယ်” ဟု သူကဆိုသည်။

စော်ကားခံရသူ မခင်ကို လတ်တလော စောင့်ရှောက်ပေးနေသည့် အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းက မိမိတူမကို ဈေးသွားနေစဉ် အော့အန်ကြောင်း၊ မျက်နှာမှာလည်း ပိန်ကျနေကြောင်း၊ တမှိုင်မှိုင်ဖြစ်နေကြောင်း ပတ်ဝန်းကျင်က အသိပေးသည့်အတွက် မိမိတူမကို အိမ်သို့ခေါ်ပြီး ဆီးစစ်လိုက်သည့်အခါ ကိုယ်ဝန်ရနေသည်ကို တွေ့ရသည့်အတွက် သေချာစွာ စစ်ဆေးမေးမြန်းရာမှ ယခုဖြစ်စဉ်မျိုးကို သိရှိခဲ့ရသည်ဟု ဧရာဝတီကို ပြောပြသည်။

ထို့နောက် မခင်၏ ဖခင်ဖြစ်သူကို အသိမပေးသေးပဲပတ်ဝန်းကျင်မှ လူများ၏ အကူအညီဖြင့် အမျိုးသမီးရေးအဖွဲ့ဆိုသည့် အမျိုးသမီး ၂ ဦးက လိုက်ပါကူညီနေစဉ် နောက်ပိုင်းတွင် ငွေကြေး ၁၀ သိန်းဖြင့် အမှုမဖွင့်ရန် ညှိနှိုင်းလာသည့် သဘောများ တွေ့ရသဖြင့် မိမိကိုယ်တိုင် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း တိုင်ချက်ကို လက်ခံထားသော်လည်း ၂ ရက်ကြာသည်အထိ အမှုမဖွင့်ပေးသေးကြောင်း သူက ဆက်ပြောသည်။

ဒေါ်ခင်သန်းက “သူတို့(ညှိနှိုင်းပေးသည့် အမျိုးသမီးအရေးဆောင်ရွက်သူ ၂ ဦး) ပြောတဲ့ပုံစံက ကျပ် ၁၀ သိန်းကိုလျော်ပေး၊ လာလျော်တဲ့နေ့မှာ နောက်ထပ် ၅ သိန်းလောက်ထပ်ထည့်ခဲ့၊ ရဲတွေ ဘာတွေ ပေးဖို့လိုလိုမယ်မယ်ယူခဲ့၊ ကျမတို့အနေနဲ့က ကျေအေးတဲ့ လက်မှတ်ကို ထိုးပေးရမယ်။ အဲဒီညှိတဲ့အခါ ကျူးလွန်သူကို ဖမ်းမယ်ဆိုတဲ့ သဘောမျိုး။ ကျမအနေနဲ့ သဘောမတူခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျေအေးရမယ်လက်မှတ်ဆိုတာ ကျမတို့နားလည်သလောက် ဒါငွေနဲ့ ပိတ်တာပဲလို့ ယူဆလို့” ဟု သူက ဆိုသည်။

မုဒိမ်းမှု ကျူးလွန်ခံရသည့် မခင်၏ အဒေါ်ဖြစ်သူအသိုင်းအဝိုင်းက ကျူးလွန်သူဦးသန်းမြင့်၏ ပတ်ဝန်းကျင်တွင် သွားရောက်ရှာဖွေရာ ရှောင်တိမ်းနေသည်ဟု ဒေါ်ခင်သန်းက ပြောပြသည်။

ငွေဖြင့် ညှိနှိုင်းခြင်းသည် ဥပဒေဘောင်မဝင်သည့် လုပ်ရပ်တခုဖြစ်သည့်အပြင် အသက်ငယ်ငယ်ဖြင့် ကိုယ်ဝန်လွယ်ထားရသူအမျိုးသမီးငယ်အတွက် အလွန်နစ်နာစေသည့် ဖြစ်ရပ်ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးကို အစဉ်တစိုက် ဆောင်ရွက်နေသည့် Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေးကသုံးသပ်သည်။

ယခုကိစ္စတွင် မုဒိမ်းမှုတခုထဲဟု ရှု့မြင်၍မရတော့ကြောင်း၊ လွယ်ထားရသည့် ကလေးနှင့် မိခင်ဖြစ်လာမည့်သူ၏ အနာဂတ်အတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဟု သူက ဆက်ပြောသည်။

မခင်လေးက “ဒေသအလိုက် လူမှုဝန်ထမ်းဦးစီးဌာန အရာရှိတွေရှိတယ်။ သူတို့နဲ့လည်း ဆက်သွယ်ဖို့လိုတယ်။ တကယ်လိုအပ်လာရင် အခု မုဒိန်းကျင့်ခံရတယ်ဆိုတဲ့ မိခင်မိန်းကလေးငယ်ရော၊ ဗိုက်ထဲက ကလေးအတွက်ရော လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုတွေကို လုပ်ပေးဖို့လိုတယ်။ နောက်ပြီး ဒီမိန်းကလေးငယ်က အခုနေတဲ့အိမ်မှာ နေရတာ သူ့အတွက် အဆင်မပြေဘူးဆိုရင် လူမှုဝန်ထမ်းရဲ့ ပြုစုစောင့်ရှောက်မှု ဂေဟာမှာ စောင့်ရှောက်ထားပေးလို့ရတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေရော ပြုစုပေးဖို့လိုတယ်။ အမှုတခုဖြစ်လိုက်ရုံနဲ့ ဒီနောက်ဆက်တွဲက ပြီးသွားရမှာမဟုတ်ဘူး” ဟု သူကဆိုသည်။

You may also like these stories:

လူမှု့ဝန်းကျင်ထဲက ဖယ်ကျဉ်ခံနေရဆဲ အမျိုးသမီးများ

အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုကိုရိုက်ကူးထားသည့်မှတ်တမ်းရုပ်ရှင် အကောင်းဆုံးဆုရ

ဓလေ့ထုံးတမ်းများကြောင့် အမျိုးသမီးများ အခွင့်အရေး ရရှိရန် အလှမ်းဝေးနေ

စွန့်ပစ်ခံ ကလေးငယ်များအတွက် ဒုတိယမိခင်

Loading