မကြာသေးမီ ရက်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေစက်တော် ဘုရားကို ညဝင်ရောက်ဖူးမျှော်စဉ်မှာ ဘုရားအတွင်း အမျိုးသမီးမဝင်ရ ဆိုတဲ့ သတ်မှတ်နေရာကနေ ဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်သုံးသပ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီကိစ္စအပေါ်မူတည်ပြီး အမျိုးသမီးများ၊ အမျိုးသားများအကြား ကျောင်းကန်ဘုရားတွေမှာ၊ ယဉ်ကျေးမှုနေရာအချို့မှာ သတ်မှတ်ထုတ်ပြန်ထားတဲ့ ‘အမျိုးသမီးများ မဝင်ရ’ ဆိုတဲ့ စည်းကမ်း ဆိုင်းဘုတ်များအပေါ် အပြန်အလှန် ဝေဖန်မှု၊ သုံးသပ်မှု၊ စကားနိုင်လုတာတွေ တွေ့ရပါတယ်။
ဒီလို အမျိုးသမီး မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိနေခဲ့တာ ယခုမှ ရှိခဲ့တာ မဟုတ်ပါဘူး။ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။
ရှေးထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှု ဓလေ့ ကြီးမားတဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံအချို့မှာ အမျိုးသမီးများ မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်များ နေရာအများစုမှာ ရှိပါတယ်။
ဒီလို သတ်မှတ်ချက်တွေ၊ စည်းကမ်းတွေက ဘယ်သူ စတင်သတ်မှတ်လိုက်သလဲ။ ဘာကြောင့်သတ်မှတ်ကြသလဲ။
ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစု ရှိတဲ့ မြန်မာနိုင်ငံမှာ ဒီစည်းကမ်းတွေဟာ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တာလား။ မြတ်စွာဘုရား ဟောကြားခဲ့၊ မိန့်တော်မှုခဲ့လို့ ဒါမျိုးတွေ ယနေ့အထိ တားမြစ်တာလားဆိုပြီး မေးမြန်းကြ တွေးတောကြတာတွေရှိပါတယ်။
မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာဘိဝံသ ကတော့ ဧရာဝတီကို ယခုလို မိန့်ကြားပါတယ်။
“အမျိုးသမီးတွေ မဝင်ရဘူးဆိုတာမျိုး လုပ်ဆောင်ကြတာက ဒါက ဘာသာရေးနဲ့မဆိုင်ဘူး။ မြတ်စွာဘုရားရှင်လက်ထက်က မိထွေးတော် ဂေါတမီက အမျိုးသမီးသာသနာ ထူထောင်ချင်တယ်ဆိုတဲ့သဘောမျိုးဆိုတော့ အနေရှုပ်မှာ စိုးရိမ်တဲ့သဘောမျိုးပဲ ရှိခဲ့တယ်။ အမျိုးသမီးကို နှိမ်တယ်။ တန်းခွဲတယ်လို့ ထင်ခဲ့ကြတယ် ထင်ပါတယ်။ အိမ်သာတွေမှာတောင် အမျိုးသမီး၊ အမျိုးသားခွဲခြားတာမျိုး တချို့ကိစ္စကတော့ ယခုအထိ ရှိနေသေးတာပါ။
“အဓိက ကတော့ လူမျိုးရဲ့ အစဉ်အလာလိုဖြစ်နေတာလို့ ပြောရမယ်။ ဘာသာရေးကြောင့်လုပ်တာတော့မဟုတ်ဘူး။ Tradition ပေါ့။ မြန်မာနိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုပေါ့။ တချို့အရာတွေကို အမျိုးသမီးကို မဝင်ရဆိုတဲ့ အစဉ်အလာဆိုတာ ရှိခဲ့လို့ အဲဒီလိုဖြစ်နေတာပေါ့။ အရပ်စကားနဲ့ ခြောက်လှန့်ကြတာတွေက ယုံကြည်စရာမလိုပါဘူး။ ကလေးကလားဆန်တာပါ။ အမျိုးသမီးတွေဘက်ကြတော့လည်း သူတို့ရဲ့ တန်းတူအခွင့်အရေးအတွက် စိတ်ကသိကအောက်ဖြစ်စေတယ်” လို့ မိန့်ကြားပါတယ်။
အမျိုးသမီး မဝင်ရဆိုတဲ့ တားမြစ်ဆိုင်းဘုတ်တွေနဲ့ ပတ်သက်ပြီးတော့ လူတွေအကြား ဝိဝါဒတွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာမှာလည်း ဝေဖန် သုံးသပ်မှု မျိုးစုံကို ယနေ့အထိ တွေ့မြင်ရပါတယ်။
အရှင်သီလာ (သီဟိုဠ်ကျွန်း) ကတော့ အမျိုးသမီး မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ယခုလို ရှင်းပြရေးသားထားတာလည်း တွေ့ရပါတယ်။
“ရိုးရာ အစဉ်အလာကိုပဲ ဖြစ်ဖြစ်၊ စကားပုံတခုကိုပဲ ဖြစ်ဖြစ် ရှေးလူကြီးသူမတွေက အကြောင်းမဲ့ မလုပ်ခဲ့ကြဘူး။ အကျိုး သက်ရောက်မှုတိုင်းမှာ ခိုင်မာတဲ့ အကြောင်း ဖြစ်ရပ်တွေ ရှိနေကြတာကို တွေ့ရတယ်။ ကြားဖူးနားဝ သမိုင်းတခုအနေနဲ့ အမျိုးသမီးမဝင်ရ ဆိုတာ ဘယ်ကစသလဲ လေ့လာကြည့်ကြစို့။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာလေးတခု၊ အမျိုးသမီးတွေ ဝင်ကြတယ်။ ထိုင်ကြတယ်။ အမျိုးသမီးတချို့က သူတို့ရဲ့ လစဉ် ကျန်းမာရေး အခြေအနေကို သတိမပြုမိကြဘူးတဲ့။ ဒီတော့ ထိုင်တဲ့နေရာမှာဖြစ်ဖြစ်၊ အခြားနေရာမှာဖြစ်ဖြစ် အညစ်အကြေး စွန်းပေသွားခဲ့တယ်။
ဒါကို တခြားသူတွေ မြင်တဲ့အခါ မြင့်မြတ်သောနေရာမှာ ဒီသွေးစ ဘယ်က ရောက်လာသလဲ။ ဒီနေရာမှာ ရန်ဖြစ်တာ၊ သတ်ဖြတ်တာတွေ ရှိခဲ့သလား စသည်ဖြင့် အထင်မှားမှု အကြီးကြီး ဖြစ်ခဲ့ကြတာ။ နောက်ပိုင်း တကယ့်ဖြစ်ရပ်ကို သိတဲ့အခါမှ အမျိုးသမီး မဝင်ရ လို့ တားမြစ်လိုက်ကြတယ်’’လို့ ရေးသား ရှင်းပြထားပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံသား အားလုံးဟာ ရိုးရာအစဉ်အလာကို မြတ်မြတ်နိုးနိုး လိုက်နာသင့်ကြောင်း၊ မကြိုက်တဲ့ ရိုးရာ အစဉ်အလာကို မသိသလို နေရင်း၊ ဖယ်ပစ်ရင်းနဲ့ တန်ဖိုးကြီးတဲ့ ယဉ်ကျေးမှု စရိုက်လက္ခဏာတွေပါ ရောပါ ဖျက်ဆီးခံလိုက်ရတာ မနည်းမနောပါပဲ လို့ သူက ပြောပါတယ်။
ဒီကိစ္စဟာ ယခင်တုန်းက လူပြောနည်းခဲ့ပေမယ့် မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရွှေစက်တော် ဘုရားရဲ့ အမျိုးသမီး မဝင်ရ ကန့်သတ်နေရာကို ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဝေဖန်မှုတွေ၊ အငြင်းပွားမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။
စာရေးဆရာမ မဖြူမွန်ကတော့ “ဗုဒ္ဓဘာသာမှာ သမုတိနယ်ပယ်ဆိုတာ ရှိတယ်။ လူ့လောကနယ်ပယ်ကြီးပေါ့။ ယောင်္ကျား၊ မိန်းမဆိုတာမျိုးရှိပြီး လိုက်နာရမှာမျိုးရှိတာပေါ့။ လူတယောက်က စာတအားဖတ်တယ်။ တရားစာပေတွေ ပြောင်းဖတ်တယ်။ သူသိသွားပြီလို့ ထင်တယ်။ ဘာကို သိလိုက်သလဲဆိုတော့ ဒါတွေအားလုံးဟာ ရုပ်တွေချည်းပဲလို့ သိလိုက်တယ်တဲ့။ နောက်တနေ့မှာ အဖေကို ခြေထောက်နဲ့ကန်ပြီးနိုးတယ်။ သူကတော့ ရုပ်တခုက ရုပ်တခုကို နိုးလိုက်တယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့က ခြေထောက်ဆိုတာ အသုံးချနယ်ပယ်၊ လက်ဆိုတာ အသုံးချသင့်တဲ့နေရာ ရှိတယ်။ ဒါက ယဉ်ကျေးမှုစည်းကမ်းအရ ကန့်သတ်ထားတာတွေပေါ့။ လိုက်နာရင် ကောင်းမွန်တဲ့ အရာကို ရမယ့်ယဉ်ကျေးမှုပေါ့။ ဒါပေမယ့် တချို့နေရာတွေမှာ မလိုအပ်တာတွေလည်း ရှိတတ်ပါတယ်။ အပေါ်တက်ရင် မိန်းကလေး အပေါ်မတက်ရဘူးဆိုတာက ဒါက ထမီနဲ့မို့ မသင့်တော်တာလည်း ဖြစ်နိုင်တာပဲ။”
“စလောင်းဖုံး ၂ ချပ်တီးရင် ကျားကိုက်တတ်တယ်ဆိုတာ ယုံတမ်းစကားက လာပေမယ့် ဒါက စလောင်းဖုံးကွဲမှာစိုးလို့ ဖြစ်နိုင်တယ်လေ။ လုပ်သင့်တာကိုပဲ ရွေးချယ်ရမယ်လေ။ သမုတိသစ္စာကို မဖယ်ရှားဘူး။ သုံးသင့်တာကို ရိုရိုသေသေ သုံးတာမှန်တယ်။ လုပ်သင့်တာကိုပဲ ရွေးချယ်လုပ်ရမယ်။ မသွားရ မလာရနေရာမျိုးက လိုအပ်လို့ ပိတ်ပင်တာမျိုးလား မလိုအပ်ဘဲနဲ့ ဖြစ်နေတဲ့ ပိတ်ပင်တားဆီးမှုမျိုးဆိုရင် လိုက်နာစရာ မလိုဘူးပေါ့။ ဒါပေမယ့် အောက်မှာ ဘုရားစေတီ ရှိနေတယ်။ ဌာပနာရှိနေတယ်ဆိုရင် အဲဒီအတွက်ကြောင့် ယောင်္ကျားလည်း မတက်အပ်၊ မိန်းမလည်း မတက်အပ် ဆိုရင်တော့ လိုက်နာရမှာပေါ့နော်။ အောက်မှာ မိန်းကလေးတယောက်အတွက် မသင့်တော်တာရှိရင်လည်း လိုက်နာရမယ်။ ဒါမှမဟုတ်ဘဲ စည်းတခုကို ချထားပြီးတော့မှ လိုက်နာခြင်း၊ မလိုက်နာခြင်းရဲ့ အကျိုးသက်ရောက်မှု ဘာမှမရှိဘူးဆိုရင်တော့ ကျမတို့က လိုက်နာစရာ မလိုပါဘူး။ အထူးလိုက်နာစရာဆိုပြီး မလိုအပ်တော့ပါဘူး” လို့ သူ့ရဲ့ အမြင်ကို ရှင်းပြပါတယ်။
မြန်မာနိုင်ငံအတွင်းရှိတဲ့ ကျောင်းကန်အဆောက်အဦ အများအပြားမှာတော့ ယနေ့အထိ ”အမျိုးသမီး မဝင်ရ” ဆိုပြီး ဆိုင်းဘုတ်ချိတ်ဆွဲထားတဲ့ ကန့်သတ်နေရာတွေ ရှိနေဆဲဖြစ်ပြီး ထိုနေရာတွေကို ဝင်ရောက်ခွင့်ရသူတွေကတော့ အမျိုးသားများသာ ဖြစ်ပါတယ်။ ဆိုင်းဘုတ်ကို မတွေ့မိလို့ဖြစ်စေ၊ အကြောင်းတခုခုကြောင့် အမျိုးသမီးတဦးဦး ဝင်မိခဲ့ရင်တော့ ချက်ချင်းမောင်းထုတ်ခံရတာမျိုးရှိပါတယ်။
အဲဒီအပြင် တချို့တွေကတော့ ယုံတမ်းစကား၊ အရပ်စကားတွေနဲ့ ခြောက်လှန့်ထားကြတာမျိုးကလည်း ယနေ့အထိ ရှိနေဆဲပါ။ ဥပမာအားဖြင့် အမျိုးသမီး မဝင်ရ နေရာကို ဝင်မိရင် မိုးခေါင်တတ်တယ်၊ ရေရှားတတ်တယ်။ စပါးအထွက်နှုန်းကျဆင်းတတ်တယ်။ မီးလောင်တတ်တယ်။ နိုင်ငံရေးခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ကြုံတတ်တယ် စသည်ဖြင့် အရပ်စကားတွေ ရှိတယ်လို့ သိရပါတယ်။
မြဝတီမင်းကြီး ဆရာတော်ကတော့ ‘ဒါတွေက ကလေးကလားဆန်တဲ့အရာတွေပါ’ လို့ မိန့်ကြားပါတယ်။
”ဒါတွေက ဘယ်သူလုပ်တာလဲပေါ့။ လူ့အဖွဲ့အစည်းတခုအတွင်းက သတ်မှတ်ချက်တွေလို့ဆိုလိုရမှာပေါ့။ ဒီလို သတ်မှတ်ချက်တွေကို အမျိုးသားရော အမျိုးသမီးတွေကပါ လက်ခံနေဆဲ အချိန်အထိကတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် အဆင်မပြေဘူး ခွဲခြားဆက်ဆံခံရတယ်လို့ ထင်လာပြီ ဆိုရင်တော့ ဒါတွေကို ပြန်ပြီး သုံးသပ်ဖို့ လိုအပ်မှာပါ” လို့ ဥပေရေးရာ ကုစားရေးအဖွဲ့(မြန်မာ)၏ ဒါရိုက်တာ ၊တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ က သုံးသပ်ပါတယ်။
ဒီနေရာတွေကို ဘာကြောင့် သတ်မှတ်ကြသလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ သတ်မှတ်ကြသလဲဆိုတာတော့ ယနေ့အထိ မည်သူမှ ဂဃဏန ဖြေရှင်းပြောပြတာ မရှိပါဘူး။
“ကျိုက်ထီးရိုးဘုရားသွားတုန်းက စေတီတော်နားမှာ လူကအပြည့်ဖြစ်နေတာနဲ့ ဘုရားဝတ်ပြုဖို့ နေရာရှာရင်း လူတော်တော်ရှင်းတဲ့နေရာတွေ့တော့ ကျမလည်း ဘုရားရှိခိုးဖြစ်တယ်။ ရောက်တုန်းရောက်ခိုက်ဆိုတော့ ကျမလည်း အေးအေးဆေးဆေးရှိခိုးနေတာပေါ့။ အနောက်ကနေ လုံခြုံရေး ၃ ယောက်လောက်ရောက်လာပြီး အစ်မရေ ဒီနေရာက ဝင်လို့မရဘူး အမျိုးသားတွေပဲ သီးသန့် ဝင်ရတာပါ ဆိုမှ ကိုယ်ဝင်လာခဲ့တဲ့ အဝမှာ ရေးထားတဲ့ဆိုင်းဘုတ်ကို ထပြီးကြည့်မိတော့တယ်။”
“စာကပ်ထားရင်လည်း မဝင်ဖြစ်တော့ဘူး။ တချို့နေရာတွေမှာတော့ ကိုယ်တိုင်လည်း မြတ်စွာဘုရားကို အနီးကပ်ပူဇော်၊ ရွှေသက္ကန်းကပ်တာတွေ လုပ်ချင်တာမျိုး ရှိတာပေါ့။ အမျိုးသားတွေပဲ လုပ်ခွင့်ရသလိုဖြစ်နေတာ” လို့ ကျိုက်ထီးရိုးဘုရားပေါ်က သူ့ရဲ့အတွေ့အကြုံကို မကေခိုင်ဆွေ က ပြောပြပါတယ်။
အမျိုးသမီးတွေအနေနဲ့ လူမှု စီးပွား စတဲ့ နယ်ပယ်အသီးသီးမှာ ၎င်းတို့ရဲ့ တန်းတူအခွင့်အရေး တောင်းဆိုမှုတွေက နေရာအနှံ့အပြားမှာ ယခင်ထက် ပိုမိုရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပန်းချီထိန်လင်းရဲ့ ထမီကိစ္စ ပြပွဲကလည်း အမျိုးသားများနဲ့ အမျိုးသမီးထုအကြား ဝေဖန်သုံးသပ်သံတွေ ဆူညံခဲ့ပါတယ်။
ရှေးရိုးအစဉ်အလာ ယုံကြည်မှုများပြားတဲ့ နိုင်ငံမှာ မလိုအပ်ဘူးလို့ ထင်ရတဲ့ အရာတွေ၊ အယူအဆ၊ အစဉ်အလာတွေ၊ ထဘီဟာ နိမ့်ကျတယ်လို့ ထင်မြင်ကြတာတွေကို တိုက်ထုတ်ရတာဟာ အမျိုးသမီးထုအတွက် လွယ်ကူမယ့်ကိစ္စတော့ မဟုတ်ပါဘူး။
ပန်းချီထိန်လင်းရဲ့ အမျိုးသမီး မိတ်ဆွေတဦးဖြစ်သူ ဒေါ်ခိုင်ခိုင်စောလွင်က သူ့ဖေ့ဘွတ်စာမျက်နှာမှာ
“အရင်တုန်းက ကလေးငယ်တွေရဲ့ ဘောင်းဘီနဲ့တောင် ကိုယ့်ထဘီကို အတူမလျှော်ဘူး၊ ယောင်္ကျား အဝတ်နဲ့ဆို ဝေးစွပေါ့။ ခု အတူလျှော်တယ်။ ဘာ့ကြောင့်လဲ။ အဖြေတန်းကနည်း ပေါ်တယ်။ အဲဒီတုန်းက ကိုယ့်ထဘီက မသန့်တဲ့ အဝတ်တခုလို့ သတ်မှတ်လို့။ ခု နောက်ပိုင်း ( နောက်ပိုင်းဆိုတာ ဆယ်နှစ်ကျော်ပေါ့) မိန်းမတို့ရဲ့ သဘာဝကိစ္စ ပြီးစီးသွားတဲ့ အခါ ကိုယ့်ထဘီဟာ သန့်တယ်၊ အဝတ်ချင်းအတူတူပဲ လို့ စိတ်ထဲ ယူဆမိလို့ ယောကျ်းဝတ်နဲ့ အတူလျှော်တယ်”လို့ ရေးပါတယ်။
ပန်းချီထိန်လင်းရဲ့ အမျိုးသား မိတ်ဆွေတဦးဖြစ်တဲ့ ကိုမြတ်စံကတော့ အခုလို မေးခွန်းထုတ်ပါတယ်။
“ထမီကိစ္စ ဆိုတာ ရေးကြီးခွင်ကျယ် လုပ်ချင်သပဆိုရင် အမေထမီကို လျှော်ခဲ့ဖူးတဲ့ သားသမီးများ ဘယ်နှစ်ယောက်ရှိကြသလဲ … ဘယ်နှစ်ယောက်မြင်ဖူးသလဲ … အမေ့ထမီအောက်က ကျွတ်ထွက်လာကြတဲ့ လူသားတွေဟာ ဘာဖြစ်လို့များ မြင့်မြတ်တဲ့ မာတာမိခင် အမေရဲ့ထမီကို နိမ့်ကျတဲ့ ရွံရှာမုန်းတီးတဲ့အမြင်မျိုးနဲ့ ပြောနေကြသလဲ ဆိုတာ တကယ်ကိုနားမလည်တော့ဘူး။”
You may also like these stories:
လူမှု့ဝန်းကျင်ထဲက ဖယ်ကျဉ်ခံနေရဆဲ အမျိုးသမီးများ
အမျိုးသားတွေကို အပန်းဖြေလာဖို့ ခွင့်မပြုတဲ့ကျွန်း
“အမျိုးသမီးက ပါရမီဖြည့်ဖက်ကောင်းတဦးဖြစ်တယ်” လို့ ဆိုလိုက်တဲ့ ကျော်ကျော်ဗို
မိန်းကလေးတွေ Night Out ထွက်ရင် လုပ်သင့်တဲ့ အရာများ