အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အဝ ရရှိစေရန်နှင့် ခွဲခြားဆက်ဆံ ခံနေရမှုများ လူမှုအသိုင်းအဝိုင်းမှ ပပျောက်စေရန် အတွက် လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) မှ ဥက္ကဌ ဖြစ်သူ ဒေါ်တင်တင်ညို ကို ဧရာဝတီ နေပြည်တော်သတင်းထောက် မိုးမိုးက တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ ပြဿနာ တခု ဖြစ်လာပြီဆိုရင် အမျိုးသမီးတွေကို အရင်ဆုံး အပြစ်တင်လေ့ရှိတဲ့ အလေ့အကျင့်တွေကို ဘယ်လိုသုံးသပ်ရှင်းပြချင်ပါသလဲရှင့်။
ဖြေ ။ ။ အမျိုးသမီးတွေကို ပုံစံခွက်ထဲမှာပဲ အမြဲတမ်း ထည့်ထားတယ်ဆိုတဲ့ အလေ့အကျင့်ကြောင့်ပါ။ အမျိုးသမီး ဆိုတာ ဘယ်လို ပုံစံ ဖြစ်ရမယ်။ မိန်းမကောင်းဆိုတာက ဘယ်လိုဖြစ်ရမယ်။ အမျိုးသမီးတယောက်က ညဘက် လမ်းပြင်ထွက်သွားလိုက်ရင်း မုဒိမ်းကျင့် ခံလိုက်ရတယ်။ အဲဒီလို ကျင့်ခံရပြီဆိုရင် သူ ညဘက် အပြင်ထွက်လို့ပေါ့။ အဓိက ကတော့ သူတို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ကနေ ထိုးဖောက်ပြီး လုပ်လိုက်ပြီဆိုရင် ဘယ်လို ပုံစံမျိုးဖြစ်လာ၊ ဖြစ်လာ ထိုးဖော် ထွက်လာတဲ့သူကို အပြစ်ပြောတော့တာပဲ။
အမျိုးသမီး နဲ့ အမျိုးသားကြားမှာ ဆိုရင် အိန္ဒြေပိုင်းဆိုင်ရာ အရပဲ ပြောပြော၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာပိုင်း အရပဲ ပြောပြော ထိန်းသိမ်းရမယ့် အဓိက တာဝန်သည် အမျိုးသမီး တာဝန်ပဲ ဖြစ်ရမယ်ဆိုတာကိုလည်းသတ်မှတ်ထားတယ်။ ဒီလို သတ်မှတ်ချက်တွေကြောင့်လည်း တခုခု ဖြစ်ပြီဆိုရင် အမျိုးသားတွေက အလိုလို ကင်းလွတ်ခွင့်ရတာနေတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေက အဲဒီ အပြစ်တွေ ယူလိုက်ရတဲ့ သဘော သဘာဝ ဖြစ်နေတယ်။
မေး ။ ။ ဒီလို ဖြစ်နေတဲ့ ဘောင်တွေ၊ ပညတ်ချက်တွေထဲက ဖောက်ထွက်ဖို့ ဆိုရင် ဘာတွေ လုပ်ဖို့ လိုမယ်လို့ ထင်ပါသလဲရှင့်။
ဖြေ ။ ။ အရေးကြီးဆုံးက တရား ဥပဒေ စိုးမိုးရေးက ရှိရမယ်။ အဓိက တရားဥပဒေပိုင်းဆိုင်ရာ အရ ဒီလို ကိစ္စရပ်နဲ့ ပတ်သက်ရင် ကျူးလွန်တဲ့သူက အပြစ်ရှိတယ်။ ကျူးလွန်တဲ့သူမှာသာ တာဝန်ရှိတယ်ဆိုတာကို သေသေချာချာ နဲ့ ခိုင်ခိုင်မာမာ ပြပြီး အရေးယူပေး နိုင်မယ်ဆိုရင် လူတွေက သတိထားမိတော့မယ်။ ဒါက ကျူးလွန်သူတွေကသာ အဓိက ဖြစ်တယ်။ တရားဥပဒေပိုင်းဆိုင်ရာ အရ တင်းတင်းကြပ်ကြပ်နဲ့ စည်းနှောင်မှု ရှိအောင် ၊ စိုးမိုးမှု ရှိအောင် အရင်လုပ်ရမယ်။
လူမှု ပတ်ဝန်းကျင် နှင့် မိသားစုကလည်းဒီလို ကိစ္စမျိုးတွေ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သမီး၊ ကိုယ့်ရဲ့ ညီမ၊ ကိုယ့်ရဲ့မိန်းမ ဘယ်သူ မဆိုပေါ့။ အမျိုးသမီးတွေကနေပြီးတော့ ဖန်တီးတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ နေရင်းနဲ့ သူတို့ ဘဝ မှာ သွားစရာ ရှိတာ သွားရတယ်။ လှုပ်ရှားစရာရှိ လှုပ်ရှားရတယ်။ ဒီလိုလုပ်ရင်းနဲ့ဘဲ အကျိုးဆက်တွေ ဖြစ်လာရင် သူတို့ကြောင့် မဟုတ်ဘူးဆိုတာ နားလည်အောင် ပညာပေးတွေ လုပ်ရမယ်။ ဆွေးနွေးမှုတွေ များများ လုပ်ရမယ်ပေါ့နော်။
မီဒီယာကနေ တဆင့်လည်း သတင်းအချက်အလက်တွေ ပေးနေရမယ်။ ဒီလို အကြမ်းဖက်မှု ခံရပြီဆိုရင် ဒီလူတွေရဲ့ အားကိုးရာ မှီခိုရာက မိသားစု အသိုင်းအဝိုင်းဘဲ။ ပြီးရင်ပတ်ဝန်းကျင်မှာ ဆိုရင် ကျောင်း တို့ ဆေးရုံတို့ ရဲစခန်း၊ တရားရုံး အဆင့်ဆင့်ရှိတာပေါ့လေ။ ဒါပေမယ့် အရေးကြီးဆုံးက မိဘတွေပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေက ဒါတွေ ကို ဖန်တီးတာ မဟုတ်ဘူး။ အကျိုးဆက်တွေကြောင့် ဖြစ်လာတယ်ဆိုတာ ပညာပေးတွေ လုပ်ရမယ်။ ဆွေးနွေးမှုတွေ များများ လုပ်ရအုန်းမယ်။ ဒီလိုဖြစ်ပြီဆိုရင် အဓိက သူ့ရဲ့ အားကိုးရာက သူရဲ့ မိသားစုပဲ။ ပြီးရင် ပတ်ဝန်းကျင် မိဘတွေ ၊ မိသားစုတွေရဲ့ ဝန်းရံမှုသာ အားကောင်းနေမယ်ဆိုရင် ဒီ အမျိုးသမီးက ဘာမဆို ရင်ဆိုင်ရဲတယ်ဆိုတာမျိုး ဖြစ်သွားမယ်။
ကာယကံရှင် ကိုယ်တိုင်ကလည်း ဒီမျိုး ဖြစ်လာပြီဆိုရင် သူလုပ်တာ မဟုတ်ဘူး။ သူလုပ်တာ မှန်ကန်တယ်ဆိုတာကို မားမားမတ်မတ် ရပ်တည်ဖို့ လိုတယ်။ ပြီးရင်လည်း ဒီအမှုကို ပေါ်ပေါက်အောင် ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ လျောက်လှမ်းဖို့ လိုတယ်။ ပြီးရင်သူ့ကို ထောက်ခံပေးနိုင်မယ့် အဝန်းအဝိုင်းကို သူရှာနိုင်ဖို့ လိုတယ်။ ဒီအမျိုးသမီး ကိုယ်တိုင်ကလည်း ဒါမျိုးတွေကို တွန်းလှန်ရဲတဲ့ သတ္တိရှိ ရမယ်ပေါ့နော်။
မေး ။ ။ အမျိုးသမီးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့ အခါမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အတွက် အစိုးရကို ဘတ်ဂျက် ပိုသုံးဖို့ ပြောထားတဲ့ အခြေအနေမှာရော ဘာတွေ ထူးရှားမှု ရှိပါသလဲ ။
ဖြေ ။ ။ နိုင်ငံတော်ကနေ ဘတ်ဂျက်ရမှာက တပိုင်း၊ ဒုတိယ အပိုင်းက မူတွေလည်း ချရမယ်။ မူ ကျပြီဆိုရင် လုပ်ငန်း အစီအစဉ် တွေလည်း ချရမှာ ဖြစ်တယ်။ လုပ်ငန်းစီစဉ်အပေါ်မှာ မူတည်ပြီးတော့မှ ဘတ်ဂျက်ဘယ်လောက်လဲ ဆိုတာကို သတ်မှတ်ရမှာ ဖြစ်တယ်။ မူမရှိဘူး။ လုပ်ငန်းစဉ်တွေ သေချာမရှိဘူးဆိုရင်လည်း သေချာတယ်။ ဘတ်ဂျက်က ကျလာမှာ မဟုတ်သေးဘူး။
ဘတ်ဂျက်ကျလာပြီ။ မူလည်း ရှိပြီ။ လုပ်ငန်းစဉ်တွေလည်း ရှိပြီ ဆိုရင် သေချာတာက ဒီလို အရေး ကိစ္စတွေ ဖြစ်လာပြီဆိုရင်ချက်ချင်း အ လျင်အမြန် ဆောင်ရွက်နိုင်တဲ့ အနေအထားတွေ ဖြစ်လာမယ်။
အရမ်းဆင်းရဲတဲ့ အမျိုးသမီးတယောက်က ဒီလို အမှုတွေ ဖြစ်လာပြီဆိုရင် ရဲစခန်းကို တိုင်ကြားဖို့ အတွက် သူ့ကို စရိတ်တွေ ရှိလာမယ်။ ဒါမှမဟုတ် Hot Line တွေကို သေချာလုပ်ပေးခြင်း အားဖြင့်လည်း တိုင်ကြားနိုင်မယ်။ ရဲစခန်းတွေမှာလည်း အကူအညီလိုတဲ့ သူတွေ လိုရင် လိုတဲ့ အလျောက် လက်လှမ်းမှီနိုင်တဲ့ အခြေနေမျိုးတွေ ဖန်တီးလို့ ရနိုင်မယ်။ ပြစ်မှုတွေအပေါ်မှာ မူတည်ပြီးတော့မှ ဒါကို ဘယ်လို ပုံစံမျိုးနဲ့ စစ်ဆေးသင့်သလဲ ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်အောင် လိုအပ်တဲ့ ယန္တရားတွေ၊ အဆောက်အဦတွေကိုလည်း စီစဉ်နိုင်မယ်။ ဘတ်ဂျက် ရှိရင်ပေါ့ ။
ဒီလိုဖြေရှင်းပြီးရင် အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသမီးငယ်ပဲ ဖြစ်ဖြစ် ပြန်လည် တည်ထောင်ရေး ကိစ္စရပ်တွေ ရှိတယ်။ လူမှုအသိုင်းအဝိုင်းမှာ ပြန်လည် ဝင်ဆံ့နိုင်ရေးတွေ၊ ဒါတွေကိုလည်း ဖန်တီးပေးရမယ့် အစီအစဉ် တွေကိုလည်း ချနိုင်မယ်။ အစီအစဉ်ချပြီးတော့မှ အကောင်အထည် ဖော်ဖို့ ဘတ်ဂျက်ကလည်း ရှိနေပြီ ဖြစ်တဲ့ အတွက်ကြောင့် တကယ်လည်း လုပ်ငန်း အကောင်အထည်ဖော်ဖြစ်မယ်။
အဲဒီလို အကောင်အထည်ဖော်ပြီး ဆောင်ရွက်ခြင်းအားဖြင့် လူထုတွေကလည်း အစိုးရ အပေါ်မှာ ယုံကြည်မှုတွေ ပိုရှိလာမယ်။ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိတယ်။ တကယ်လည်း လက်တွေ့ ကူညီဆိုတာ မြင်သာသွားမှာပေါ့။
ဘတ်ဂျက် ရှိနေရင် တော်တော်များများ အနေအထားကို ဖြေရှင်းပေးနိုင်မယ့် အနေအထား ဖြစ်တယ်။ ပြီးရင်လည်း မိန်းကလေးငယ်တွေ ကျောင်းဆက်ထားနိုင်ဖို့အတွက် ထောက်ပံ့ပေးလို့ ရနိုင်တယ်။ ဒါကတော့ ဖြစ်ပြီးတဲ့ အချိန်မှာ ကာကွယ်တာရယ်။ ဖြစ်တဲ့ အချိန်မှာ ကာကွယ်တဲ့ အပိုင်းတွေ ရှိမယ်။ ပြီးရင် ဘတ်ဂျက် ရှိတဲ့ အတွက်ကြောင့် မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ အနေအထားတွေလည်း ရှိ တယ်။
ဒီလို ကိစ္စရပ်မျိုးတွေက ဘာကြောင့် ဖြစ်နေသလဲဆိုတာကို အရင်ဆုံး ဆန်းစစ်ရမယ်။ ဆန်းစစ်ပြီးရင် ပေါ်လာနိုင်တာက ဒီလိုမျိုးကို ဖြစ်လာစေတဲ့ အနေအထားက အမျိုးသမီးတွေရဲ့ အပေါ်မှာ အထင်သေးတဲ့ စိတ်တွေ၊ သူတို့ အနေနဲ့ လွှမ်းမိုးလို့ ရတယ်ဆိုတဲ့ စိတ်တွေက အမျိုးသားတွေဆီမှာ ကိန်းအောင်းနေတာ ရှိတယ်။
ဒီလိုမျိုးတွေ လုပ်လို မရဘူးဆိုတာကို တဖက်က ပညာပေးရမယ်။ တဖက်ကလည်း ဥပဒေနဲ့ ကိုင်တွယ်သွားပေး ရမယ်ဆိုတဲ့ ပုံစံမျိုးတော့ လုပ်ရမယ်ပေါ့လေ။
သီးသန့် ဘတ်ဂျက် ရယ်လို့ လည်းမရှိဘူး။ ဘယ်တုန်းကမှလည်း Gender ဘတ်ဂျက် မရှိတာပေါ့။ သူတို့က DSW ( လူကယ်ပြန် ဝန်ကြီးဌာန) ကိုပဲ ချထားပေးတယ်။ DSW က နိုင်ငံတော် ဘတ်ဂျက် ရဲ့ ၁.၄ ရာခိုင်နှုန်းကျော် လောက်ပဲ ရတယ်ထင်တယ်။ သူက ဘတ်ဂျက်တွေ အကုန်လုံး ထဲမှာမှ အနည်းဆုံး ဝန်ကြီးဌာန ဖြစ်တယ်။ အခုက သီးသန့် တောင်းတာ ။ အခု တောင်းတာလည်း ဘာမှ မကျလာသေးဘူး။ ဘာမှလည်း ဆွေးနွေးမှု မရှိလာသေးဘူး။ အခု ဘတ်ဂျက်နှစ်မှာ သေချာ ပြန်ဆွေးနွေးမယ်ပေါ့လေ။ လောလောဆယ် မှာတော့ တော်တော်လေး မျှော်လင့် ရခက်တဲ့ အနေအထားတော့ ဖြစ်နေတာပေါ့လေ။
မေး ။ ။ လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနရဲ့ အမျိုးသမီးရေး လုပ်ဆောင်နေတဲ့ အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ ။
ဖြေ ။ ။ လူကယ်ပြန် ဝန်ကြီးဌာန အောက်မှာတော့ လောလောဆယ်မှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှု နဲ့ ပတ်သက်ပြီးတော့ အကူအညီပေးနိုင်ဖို့ ဆိုပြီး Hot Line တွေတော့ ဖွင့်ထားပေးတယ်။ အလုပ်ဘယ်လောက် ဖြစ်မယ် ၊ မဖြစ်ဘူးကိုတော့ ကြည့်ရမှာပေါ့လေ။ တခါတလေမှာ ဖုန်းကတော့ ဖွင့်ထားတယ်။ ဖုန်းတွေ ခေါ်မရတာလည်း ရှိမှာပေါ့။ သူအလုပ် မလုပ်နိုင်တာ ဝန်ကြီးဌာနရဲ့ အပြစ်ချည်းပဲ မဟုတ်ဘူး။ ဒါပေမယ့် တစုံတရာတော့ ဆက်စပ်တယ်။ တာဝန်ယူတဲ့ သူတွေကိုယ်တိုင်က အမြဲတမ်းပြောတယ်။ သူတို့မှာ စိတ်ဆန္ဒရှိ ဖို့လိုတယ်။
အမျိုးသမီး အရေးကို အရေးကြီးတယ်ဆိုတာ သူတို့ သတ်မှတ်ဖို့ လိုတယ်။ အဲဒီလိုမျိုးတွေ မရှိလို့လည်း အခုလို ကြန့်ကြာနေတာ၊ အလုပ်တွေ မဖြစ်နေတာ။ ဒါမျိုးတွေ ဖြစ်နေတာပဲလေ။ ဘတ်ဂျက် မချပေးတော့ ဘာမှ လုပ်လို့ မရဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ လူ ကယ်ပြန်က အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအပေါ်မှာ ဒီထက်ပိုပြီးတော့ အလေး အနက်ပြီးတော့ လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာမှာ နိုင်သလောက် အကောင်အထည် စဖော်တာမျိုး လုပ်စေချင်တာပေါ့။ စီဒေါမှာလည်း လက်မှတ်ရေးထိုးတာ ဆိုတော့ စီဒေါမှာ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ အများကြီးရှိတယ်။ ဒါတွေကို အကောင်အထည်ဖော်နိုင်ရင်တော့ ကောင်းတာပေါ့လေ။
မေး ။ ။ တိုင်းဒေသအလိုက် အဖွဲ ဖွဲ့တဲ့အခါ၊ အဆင့်တိုင်းမှာ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ် ပြောနေတယ်။ အခုက ပါဝင်မှုနှုန်းက ဘယ်လောက် ရာခိုင်နှုန်းလောက် ရှိနေပြီလဲ ။
ဖြေ ။ ။ နိုင်ငံရေးနယ်ပယ်၊ အထူးသဖြင့် လွှတ်တော်မှာ ၁၂ ရာခိုင်နှုန်းလောက်တော့ ရှိလာတယ်။ ၁၉၇၉ ခုနှစ်တုန်းက ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ အချိန်မှာ အမျိုးသမီး ပါဝင်မှုက ၁. ၉ ရာခိုင်နှုန်းပဲ ရှိတယ်။ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲမှာက ၄.၉ ရာခိုင်နှုန်း အထိ ရှိတယ်။ ၂၀၁၅ မှာကျတော့ ၁၂ ရာခိုင်နှုန်းထိ ရောက်လာတာ ဖြစ်ပါတယ်။
အနည်းဆုံး ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားတယ်ဆိုတော့ လောလောဆယ်မှာ ၁၂ ရာခိုင်နှုန်းပေါ့။ အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံဆိုရင် အနည်းဆုံး ၂၅ ရာခိုင်နှုန်းရှိတယ်။ ကမ္ဘောဒီဒယားဆို ၂၁ ရာခိုင်နှုန်းရှိတယ်။ လာအိုဆိုလည်း ၂၅ ရာခိုင်နှုန်းထဲမှာ ရှိတယ်။ အမျိုးသမီး တွေလွှတ်တော်မှာ ပါဝင်မှုနှုန်းတွေ။ မြန်မာနိုင်ငံမှာတော့ နိမ့်နေသေးတယ်။ တိုးတက်လာတာတော့ တွေ့ရတယ်။ ဒါပေမယ့် ဒီလိုတွေမှာတော့ လုပ်ပိုင်ခွင့်က အကြီးကြီးတွေ ရမနေ သေးဘူး။ လွှတ်တော်ထဲမှာဆို တကယ့် ကော်မတီဥက္ကဌတွေမှာ အမျိုးသမီး တွေက မဖြစ်နိုင်သေးဘူး။ တချို့ကော်မတီ လုပ်တဲ့ နေရာမှာလည်း အမျိုးသမီးတွေက ကော်မတီ ဥက္ကဌ မရသေးတဲ့ နေရာတွေ ရှိနေ တယ်။
၂၁ ပင်လုံ လုပ်တဲ့ အချိန်မှာ အမျိုးသမီးတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတက်ရောက်မှုက ရာခိုင်နှုန်း ၂၀ ကျော်သွားတာပေါ့။ ဒါပေမယ့် အရေအတွက်ကို သိပ်မကြည့်ဘူး။ အရည်အချင်းကိုပဲ ကြည့်ချင်တယ်။ သူ့ရဲ့ ကိုယ်စားပြုမှု ဘယ်လောက်ရှိလဲ။ သူဘယ်လောက်ထိ ဆွေးနွေးပိုင်ခွင့် ရှိသလဲ။ ဒါက အများကြီး အခြေခံတယ်။ ဒီတခေါက်က လူပိုများသွားတယ်ဆိုတာက အဓိက Gender ကိစ္စ ကို သူတို့က ဆွေးနွေးမယ်။
Gender ပတ်သက်ပြီး အခြေခံမူ ဝါဒ ကျအောင် လုပ်မယ်ဆိုတော့ တခြား ကိစ္စတွေ ဘယ်လိုမှ ညှိလို့ မရလို့ ကောက်ထည့်လိုက်တဲ့ သဘောပေါ့လေ။ အဲဒီမှာလည်း အမျိုးသမီးတွေ များတယ်ဆိုပေမယ့် တကယ့်တကယ်ကျတော့ အမျိုးသမီးတွေက သွားပြီးတော့မှ သူတို့ ဆွေးနွေးခိုင်းတာလောက်ပဲ ဆွေးနွေးမယ်။ ဒါပေမယ့် အမျိုးသမီးတွေ ထည့်ချင်တဲ့ ကိစ္စရပ်တွေကို သီးသန့် ဆွေးနွေးတာမျိုးတွေ ဘယ်လိုမှ ပြောဆိုလို့ မရဘူးပေါ့နော်။
အရေအတွက်ကတော့ တိုးလာတယ်။ အရည်အချင်းကတော့ နဂိုအတိုင်းပဲလေ။ဘာမှ ထူးခြားပြီးတော့ တိုးတက် လာမျိုးမရှိသေးဘူး လေ။ အမျိုးသမီးတွေ အဖွဲ့ အများကြီးလုပ်ရအုန်းမှာပါ။
မေး ။ ။ စီဒေါမှာ ဘယ်လိုအချက်တွေ ပါဝင်ပြီး ၊ ဘယ်အချက်တွေ အကောင်အထည်ဖော်ပြီးပြီလို့ ပြောလို့ ရပါသလဲ ။
ဖြေ ။ ။ စီဒေါကတော့ အမျိုးသမီး တွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုမှ ပပျောက်အောင် လုပ်ဆောင်မယ့် စာချုပ်ဖြစ်တယ်။ အမျိုးသမီးငယ်တွေလည်း ပါတာပေါ့။ ဒီစာချုပ်ကနေ အမျိုးသမီး အခွင့်ရေးတွေကို အဓိက အာမခံပေးတဲ့ စာချုပ်ဖြစ်တယ်။ အမျိုးသမီးတွေ အကြမ်းဖက်မှုကိုလုံးဝ ပပျောက်အောင်လုပ်ဆောင်မယ့် စာချုပ်ဖြစ်တယ်။ ဒီစာချုပ်က အမျိုးသမီး အခွင့်ရေးတွေကို အဓိက ဖော်ဆောင်ပေးတဲ့ စာချုပ် ဖြစ်တယ်။ အမျိုးသမီးတွေကို အကြမ်းဖက်မှု ကိုလည်း သီးသန့်ဖော်ပြထားတာ ရှိတယ်။ အမျိုးသမီးတွေကို အဓိက ဖော်ပြထားတာက ပုဒ်မ ၁ ကနေ ပုဒ်မ ၅ အထိပေါ့။ အဲဒါကို သီးသန့် ဖော်ပြထားတယ်။
၆ ကနေ ၁၆ အထိက အမျိုးသမီးတွေ အခွင့်အရေး နဲ့ ဖြေရှင်းရမယ့် အပိုင်းပေါ့။ သူ့အခွင့်အရေးက ဘာရှိလဲ ။ ဘယ်လို ဖြေရှင်းရမလဲ။ ဒါတွေ ပြောသွားတာ ရှိတယ်။ နောက်ပြီးရင်တော့ အစိုးရရဲ့ တာဝန်ဝတ္တရားတွေ ရှိမယ်ပေါ့။
ပြီးရင် စီဒေါ ကုမ္ပဏီရဲ့ တာဝန် ဝတ္တရားတွေ ရှိတယ်။ ဒါက တကယ်လည်း စီးနှောင်တဲ့ စာချုပ်ဖြစ်တယ်။ အမျိုးသမီးတွေ အခွင့်အရေး တွေကို တကယ့် အာမခံ ပေးနိုင်တဲ့ စာချုပ်ဖြစ်တယ်။ အစိုးရကလည်းပဲ ဒီစာချုပ်ကို လက်မှတ် ရေးထိုးလိုက်ရင် အလိုလိုနေရင်းနဲ့ ဒီစီဒေါကို လေးစားရတော့မယ်။ လိုက်နာရမယ်။ ဖြည့်ဆည်းပေးရမယ်။ အကောင် အထည်ဖော် ပေးရမယ်။ တိုးမြှင့်ဆောင်ရွက်ပေးရမယ်။ ဒါ သူ့တာဝန်တွေ ဖြစ်တယ်။ ဒါကိုမလုပ်ပေးရင် စီဒေါ ကုမ္ပဏီက အစိုးရကို တရားဝင် ဝေဖန်ပိုင်ခွင့်ရှိတယ်။ ရှုတ်ချ ပိုင်ခွင့်ရှိတယ်။ အမျိုးသမီး အဖွဲ့ဝင်တွေကလည်းပဲ အစိုးရ ဘာလုပ်နေလဲ ၊ မလုပ်ဘူးလည်း ဆိုတာကို စောင့်ကြည့်ပြီးတော့မှ အမြဲတမ်း မေးခွန်း ထုတ်တာတွေ လုပ်ဆောင်နေရမယ်။
စီဒေါ ကော်မတီကနေပြီးတော့ မှ အကြံပြုလိုက်တဲ့ အချက်တွေကို အစိုးရ လုပ်၊ မလုပ်ဆိုတာ အမြဲတမ်း စောင့်ကြည့်ရမယ်။ လက်လွှတ်တာလိုက်တာနဲ့ အစိုးရက ချန်လိုက်ရင် ဒါက အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်။ စီဒေါနဲ့ ပတ်သက်ရင် ကျမတို့ မြန်မာနိုင်ငံရဲ့ လူထုတွေ သိဖို့ လိုတယ်။ အထူးသဖြင့်အမျိုးသမီးတွေ သိဖို့လိုတယ်။ သိမှလည်း သူတို့မှာ ဒီအခွင့်ရေး ရှိဖို့လိုတယ်။ နိုင်ငံတကာရဲ့ ဥပဒေ အရကိုယ်ပါ သူတို့ကို အာမခံပေးထားနိုင်တယ်။ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ သိမယ်။
မေး ။ ။ ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသလဲ။
ဖြေ ။ ။ အဓိက အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ပြောတဲ့ အခါမှာ သွားချင်တဲ့ ပုံစံကျတော့ လူမှု အသိုင်းအဝိုင်းတခု တရားမျှတမှု ရှိဖို့ လိုတယ်။ အခုလို သွားမယ်ဆိုရင် မမျှတတဲ့ အရာတွေက ဘာဖြစ်နေမလဲ။ ကျမတို့က လိုက်ဖော်ထုတ်ရတယ်။ ဆန်းစစ်ရတယ်ပေါ့နော်။ အဲဒီ အပေါ်မှာမှ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။
အဲဒီလုပ်တဲ့နေရာမှာ ကျမတို့ အနေနဲ့ကျတော့ လုပ်နိုင်တာက လူထုတွေကို အသိပညာပေးတာ လုပ်နိုင်တယ်။ အသိပ ညာပေးမယ့်သူ တွေကို အသိပညာပေးဖို့ ကျမတို့ လုပ်နိုင်တယ်။ မူပေါ်လစီကို အဓိက ချရမှာက လွှတ်တော်တွေ ဖြစ်တယ်။ အဲဒီမူပေါ်လစီတွေကို မချမခြင်းက လုပ်ငန်းမတွင်ကျယ်ဘူးဖြစ်တယ်။ ကျမတို့ လုပ်နေတဲ့ လုပ်ငန်း တွေအပေါ်ကိုလည်း အစိုးရ တရပ်ကိုယ်တိုင်ကလည်း အားပေး အားမြှောက် ပြုသင့်တယ်။ လုပ်ပိုင်ခွင့် နေရာလေးတွေ ဖန်တီးပေးဖို့လိုတယ်။ အခွင့်အလမ်းတွေလည်းပေးဖို့လိုတယ်။ အခုအချိန်မှာကျတော့ ကျမတို့ အနေနဲ့က ဒီလို ကိစ္စရပ်မျိုးတွေ လုပ်တယ်။ အစိုးရ တည်ဆောက်ရေးမှာ ကျမတို့ နိုင်တဲ့ ဘက်က ကူညီနေတဲ့ အနေအထားမှာတောင်မှ ကန့်သတ်ရှုတ်ချယ်မှုတွေက အရမ်းများနေတယ်။
ဟိုအစည်းဝေး မလုပ်ရဘူး။ ဒီအစည်းအဝေး မလုပ်ရဘူး။ သင်တန်းမလုပ်ရဘူး။ ဘယ်နှစ်ယောက် ဖြစ်လာရင်တော့ ခွင့်တောင်းတို့ ဘာတို့ ဖြစ်လာတဲ့ အခါကျတော့ အလုပ်လုပ်ရတဲ့ နေရာမှာ အဟန့်အတား နှောင့်နှေးမှုတွေ ရှိတယ်။
ပြီးရင်လုပ်နေရင်းနဲ့လည်း လာပြီးတော့မျှ နိုင်ငံရေး ကိစ္စ မပြောနဲ့ ဒါမျိုးတွေ ပြောတော့ နိုင်ငံရေးဆိုတာ ဘာကိုပြောတာလဲပေါ့။ လုပ်ပိုင်ခွင့်နယ်မြေကို ချဲ့ ပေးရမယ်။ ပံ့ပိုးကူညီပေးရမယ် ဆိုတာကို ပြောချင်ပါတယ်။
You may also like these stories:
အမျိုးသမီးမဝင်ရ နေရာတွေ ရှိသင့်လား
ကဝမြို့နယ်တွင် အထည်ချုပ် အလုပ်သမများအဆင်ပြေရန် လမ်းသစ်ဖောက်ပေး
လူမှု့ဝန်းကျင်ထဲက ဖယ်ကျဉ်ခံနေရဆဲ အမျိုးသမီးများ
အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာစာတမ်း ထုတ်ပြန်