“အမျိုးသမီးများသည်လည်းဘုန်းရှိသည်’’ ဆိုရှယ်မီဒီယာကမ်ပိန်း ကို ပြီးခဲ့သည့် မေလ ၂၀ ရက်မှ စတင်ပြုလုပ်နေပြီး လာမည့် ၃၀ ရက်နေ့အထိ ဆိုရှယ်မီဒီယာလူမှုကွန်ရက်တွေ hashtag ခံကာ women,too,havehpone ဆိုသည့် ကမ်ပိန်းတခုကို အမျိုးသမီးများ၊ အမျိုးသားများအပါအဝင် လူဦးရေ ထောင်ချီက ပရိုဖိုင်းများပြောင်းကာ အသံတိတ်ဆင်နွဲှနေကြသည်ကို တွေ့ရသည်။ ထိုကမ်ပိန်းတွင် ဖော်ပြချက်မှာ လူသားတိုင်းသည် သာတူညီမျှ ဖြစ်ရမည်ဖြစ်ပြီး တူညီသော လေးစားမှုရရှိရမည် ဖြစ်သည်။ တပြိုင်နက်တည်းတွင် အမျိုးသား၊အမျိုးသမီး မည်သူ့ကိုမဆို ဒုတိယတန်းစား လူသားအဖြစ် မဆက်ဆံသင့်ကြောင်းကို သတင်းစကားပါးထားပါသည်။ ထို့အပြင် ကမ်ပိန်း၏အဓိက အကြောင်းအရာဖြစ်သည့် “ဘုန်း” ဆိုသည့် အယူအဆကို အဓိက ပစ်မှတ်ထားကာ အမျိုးသမီးများ သည်လည်း မြင့်မြတ်သူများဖြစ်ကြောင်းကို ပြန်လည်ချေပထားသည်ကို တွေ့ရသည်။ ထိုကမ်ပိန်းက “ဘုန်း” ဆိုသော အယူအဆသည် မြန်မာပြည်တွင် ကျား၊မ မညီမျှမှု အလေ့အကျင့်များကို ဖြစ်စေအောင် တွန်းအားပေးလျက်ရှိသည်။ ထို ကမ်ပိန်းနှင့် ပတ်သက်ပြီး ပါဝင်လှုပ်ရှားသူများကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားပါသည်။
မအေးသီရိကျော် (အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာနှင့် ပတ်သက်သည့် သုတေသန ဆောင်းပါးများ ရေးသားသူ
)
ဒီကမ်ပိန်းကို စီစဉ်သူတွေက ကျား၊မရေးရာ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ထဲထဲဝင်ဝင်လှုပ်ရှားနေကြတွေ ဖြစ်ပါတယ်။ အားလုံးပေါင်း ၅ ယောက်ပါ။ ကျမရယ်၊ နန္ဒာ၊ ဒေါက်တာသက်စုထွေး၊ ဒေါက်တာ ဖြိုးသီဟနဲ့ မပြုံးသက်သက်ကျော်တို့ ဖြစ်ပါတယ်။ အားလုံးက တနည်းနည်းတဖုံဖုံနဲ့ ကျား၊မ ညီမျှရေးကို ယုံကြည်သက်ဝင်ကြတဲ့ လူတွေ ဖြစ်တဲ့ အတွက် အခုတလော မြန်မာနိုင်ငံမှာ လူတွေ ငြင်းခုံနေကြတဲ့ အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှရေးမှာ အနှောင့်အယှက်ပေးနေတဲ့ “ဘုန်း” ဆိုတဲ့ အကြောင်းအရာကို ပြန်လည်ချေပချင်တဲ့ အတွက်ကြောင့် စုစည်းလုပ်ဖြစ်သွားကြတာပါ။ အမျိုးသမီးများသည်လည်း လူသားများဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံမှုဖြစ်စေနေတဲ့ အယူအဆတွေကို တိုက်ထုတ်ချင်တဲ့သဘောနဲ့ ဖြစ်ပါတယ်။
ဘုရား၊ကျောင်းကန်တွေမှာ အမျိုးသမီးမတက်ရ ဆိုပြီးတော့ ရေးထားတာတွေကိုတွေ့ရတယ်။ ဘာကြောင့် အဲဒီလို ရေးထားတာလဲ မေးကြည့်လို့ရှိရင် အမျိုးသားတွေက ပိုမြင့်မြတ်လို့တဲ့။ အဲဒါဆိုရင် ယောကျ်ားဖြစ်ရင် မြင့်မြတ်ပြီလား။ ကိုယ့်ကျင့်တရားမကောင်းတဲ့ လူဆိုး၊သူခိုး၊ မုဒိမ်းကောင်တွေကရော မြင့်မြတ်လား ဆိုတာ မေးစရာရှိလာတယ်။ ထပ်ဆင့် မေးခွန်းတွေ လေ့လာမှုတွေ ပြုတဲ့အခါကျတော့ ဒါက ဗုဒ္ဓဘာသာ အယူအဆမဟုတ်ဘူးဆိုပြီး သိရတယ်။ မြန်မာ့ရိုးရာ ဓလေ့ အရ ခွဲခြားထားတာလို့ ပြောတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုတာ ခေတ်စနစ်ကို လိုက်ပြီးတော့ လူတွေက လုပ်ကြတာပဲ။ အရင်ခေတ်တုန်းက ဘယ်လို အခြေအနေ ပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုအချိန်မှာ လူတိုင်းက မျှတတဲ့ယဉ်ကျေးမှုကို လုပ်ချင်တယ်ဆိုရင် ဒီအယူအဆဟာလည်း ပြောင်းလဲလို့ရတယ်။ ဒါကြောင့်မို့လို့ အမျိုးသားများသာ မြင့်မြတ်တာမဟုတ်ဘူး။ ကိုယ်ကျင့်သီလ ကောင်းသူ မည်သူမဆို မြင့်မြတ်တယ် ဆိုတဲ့ သတင်းစကားကို အမျိုးသမီးများသည်လည်း ဘုန်းရှိသည် ဆိုပြီးတော့ ရွေးခဲ့တာပါ။
ပထမ စမယ်လို့ စဉ်းစားတုန်းက ဘာသာရေးနဲ့ နွယ်ပြီး လူတွေ အာရုံပြောင်းသွားမယ့် အကြောင်းအရာတခု မဖြစ်သွားအောင် သေချာစဉ်းစားယူရတယ်။ ပြီးတော့ ဒီကမ်ပိန်းကို လူတွေ စိတ်ဝင်စားပါ့မလား ဆိုတဲ့ စိန်ခေါ်မှုရယ် နောက်ပြီးတော့ ဘယ်လောက်ကြာကြာ လူတွေရဲ့စိတ်ပါဝင်စားမှုကို ထိန်းထားနိုင်ပါ့မလဲ ဆိုတဲ့ စိန်ခေါ်မှုတွေရယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံမှာက အကြောင်းအရာပေါင်းစုံက တနေ့တမျိုး မရိုးရအောင် ရှိနေတဲ့ အတွက် ဒီကမ်ပိန်းကို ရေရှည် ၁၀ ရက်ထိ ဆွဲထားနိုင်အောင်နည်းလမ်းတွေ စဉ်းစားပြီး ချဉ်းကပ်ရတဲ့ အပိုင်းတွေပေါ့။ ဒါပေမယ့် အခုအချိန်ထိ ပြောရရင် ဒီကမ်ပိန်း အခြေအနေက စိတ်ကျေနပ်မှုရစေပါတယ်။ နောက်ထပ် ပြောမပလောက်တဲ့ စိန်ခေါ်မှုတွေကတော့ ဖရိန်နဲ့ပတ်သက်တာတွေ ဦးတည်ပုံကို အရမ်း strong မဖြစ်ဘူး လို့ အားမလို အားမရ အသံလေးတွေလည်း ကြားရတယ်။ ဒီစိန်ခေါ်မှုလေးတွေကတော့ ရှိစမြဲမို့ နောက်လူတွေ လုပ်မယ်ဆိုရင် ဒီထက်ပိုကောင်းလာတဲ့ ကမ်ပိန်းပုံစံမျိုးကိုလုပ်ကြမယ့်သူတွေ ရှိလာပါလိမ့်မယ်။
လူတွေကို အမြင်ပြောင်းလဲစေချင်တယ်။ လူတယောက်၏ ဘုန်းတန်ခိုးဆိုတာ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တယ်။ ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ အထူးသဖြင့် ကျမတို့ သားတွေ သမီးတွေ ဒီကောင်းမွန်တဲ့ အတွေးနဲ့ ကြီးပြင်းကြတာကို မြင်ချင်တယ်။
မနန္ဒာ (ပိပိတို့စကားဝိုင်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သူ၊ ဖီးမီးနစ် စာပေရေးသူ၊ ဘာသာပြန်သူ
)
ဒီကမ်ပိန်းမှာ ပါဝင်ဖြစ်သွားတာကတော့လက်ရှိ ဆိုရှယ်မီဒီယာ တွေမှာ ပြောဆိုနေကြတဲ့ ထမီကိစ္စတွေအပေါ်မှာ ဆွေးနွေးနေကြတဲ့ ပုံစံကို မကြိုက်တဲ့အတွက်ကြောင့်ပါ။ ဆွေးနွေးနေ ကြတဲ့ အကြောင်းအရာတွေက အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာကို အရမ်းကို နှိမ့်ချပြီးတော့ပြောနေကြတယ်။ အမျိုးသမီးတွေကို ဘုန်း ဆိုတဲ့စကားလုံး အောက်မှာ အရာရာနှိမ်ချပြီး ပြောနေတဲ့ အကြောင်းအရာတွေကို အပေါင်းလက္ခဏာအသွင် ပြောင်းချင်တဲ့သဘောပါ ။ ဒီငါးယောက်လုံးကလည်း ဒီအကြောင်းအရာကို မကြိုက်တဲ့အတွက်ကြောင့် စုပြီးလုပ်ဖြစ်သွားတာပါ။
ဆိုရှယ်မီဒီယာမှာ အမျိုးသားတွေက ဘုန်းရှိလို့ ဘယ်လို မြင့်မြတ်ကြောင်းပဲ ပြောနေတယ်။ အဲဒါကြောင့် ဒီ ဘုန်းဆိုတဲ့ဟာ အဓိက ခေါင်းစဉ်အနေနဲ့ထားပြီးတော့ လူတွေ ပြန်ပြီး ပြန်တွေးလို့ရအောင် အမျိုးသမီးများသည်လည်း ဘုန်းရှိပါသည် ဆိုပြီး အမျိုးသမီးနှင့် ဘုန်းကိုလည်း တွဲလျက်မြင်စေချင်တဲ့သဘောနဲ့ ရွေးဖြစ်ခဲ့တာပါ။ လူသားဖြစ်ပြီဆိုရင် သူ့ ရဲ့ လုပ်ကိုင်နိုင်စွမ်း ကိုယ်ကျင့်တရားအပေါ်မူတည်ပြီး ဘုန်းဆိုတာ ဖြစ်ပေါ်တာဖြစ်ရမယ်။ အမျိုးသား၊ အမျိုးသမီးဖြစ်တည်မှုအပေါ်မှာ မမူတည်ဘူးဆိုတဲ့ အပြုသဘောဆောင်တဲ့ သတင်းစကားတွေ ပါးရင်း လူတွေ ရဲ့ အတွေးကို ပြောင်းလဲချင်တဲ့ အတွက်ပါ။
ဒေါက်တာဖြိုးသီဟ (ကျားမခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်သည့် အတွေးအမြင် ဆောင်းပါးများကို ရေးသားသူ
)
လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ခဲ့ပြီးတဲ့ အပြောင်းအလဲတွေ၊ ဖြစ်လာဦးမယ့် အပြောင်းအလဲတွေတိုင်းမှာ တဦးတယောက်တည်းကြောင့် ဖြစ်လာခဲ့တယ် ဆိုတာ မရှိပါဘူး။ လူအများရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့်သာ ပြောင်းလဲခဲ့တာပါ။ ဒါကြောင့် ကျားမခွဲခြားဆက်ဆံမှုတွေကြောင့် နောက်ဆက်တွဲ ပြဿနာတွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းမှာ တစုံတရာ အပြောင်းအလဲ ဖြစ်လာအောင် အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဘုန်း ဆိုတဲ့ စကားလုံးအပေါ်မှာတော့ အမျိုးမျိုးသော ငြင်းခုန်မှုတွေ ရှိကြပါတယ်။ ယောကျာ်းတွေဟာ ဘုန်းရှိတယ်၊ တခုခုဆို ဘုန်းနိမ့်သွားမယ် ဆိုတာမျိုး ပြောကြပြီး မိန်းမတွေနဲ့ ပတ်သက်ရင်တော့ ဒီစကားလုံးကို အသုံးပြုမှုက အတော်လေး နည်းပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးလို့ ထင်ရတယ်။ ဒါပေမယ့် ဒီလိုဘာမဟုတ်တဲ့ အသုံးအနှုန်းလေးတွေကပဲ ယောကျာ်းဆိုတာ တဆင့်မြင့်တယ်၊ မိန်းမဆိုတာ တဆင့်နိမ့်တယ် ဆိုတဲ့ အမြင်တွေကို ဖြစ်လာစေခဲ့တာမို့ အဲဒီ ဘာမဟုတ်တာလေး လို့ ထင်ရတဲ့ အရာတွေထဲက တခုဖြစ်တဲ့ ဘုန်း ဆိုတာကို ရွေးချယ်ဖြစ်ခဲ့တာပါ။
တကယ်တော့ ဒီလိုဘုန်းကံမြင့်တယ် ဆိုတာ ယောကျာ်းရယ်၊ မိန်းမရယ် မဟုတ်ဘဲ သူတို့ရဲ့ လုပ်ရပ်၊ အပြောအဆို၊ အတွေးအကြံတွေနဲ့သာ ဆိုင်တယ်လို့ ထင်ပါတယ်။ ယောကျာ်းဖြစ်လိုက်တာနဲ့ကို အလိုလိုနေရင်း မြင့်မြတ်သွားပြီး မိန်းမဖြစ်လိုက်တာနဲ့ကို နေရင်းထိုင်ရင်း တဆင့်နိမ့် လူတန်းစား ဖြစ်သွားတယ် ဆိုတဲ့ အမြင်တွေ လျော့နည်းသွားဖို့ ရည်ရွယ်တယ်။ ချက်ချင်းကြီး အကုန်ပြောင်းလဲသွားဖို့တော့ ခက်တာပေါ့။ သဘောမတူတဲ့သူ၊ ငြင်းတဲ့ခုန်တဲ့သူလည်း ရှိမှာပေါ့။ သို့သော်လည်း အဲဒီလိုတွေ ငြင်းနေခုန်နေ၊ ကန့်ကွက်နေကြတာတွေကိုက လူအများရဲ့ အာရုံစူးစိုက်မှုကို ရစေပြီး တချိန်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတခုကို ဖြစ်လာစေမယ်လို့ မျှော်လင့်ပါတယ်။
ဒေါက်တာသက်စုထွေး (လိင်ပိုင်းဆိုင်ရာမျိုးဆက်ပွားကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုများ နှင့်ပတ်သက်သည့် ပညာပေးခြင်းများကို ပြုလုပ်သော မိသားစုကျန်းမာရေးအထူးပြုဆရာဝန်)
စိန်ခေါ်မှုက အစ်မ တို့ စ စီစဉ်ကတည်းက အမြင်အမျိုးမျိုးရှိခဲ့တာ၊ လက်မခံကြတာ မဟုတ်ဘူး လက်ခံပုံချင်းမတူကြတာ။ လူ့အခွင့်အရေး ငြိမ်းချမ်းရေး လုပ်နေတဲ့ အမျိုးသမီးတွေ အပေါ် ကို မမြင်ရတဲ့ ဖိအားတွေ ဟာ သူတို့ကို ဒီကမ်ပိန်းမှာ ပါဝင်ချင်ပေမဲ့ ပါဝင်ဖို့ ထပ်ကာထပ်ကာစဉ်းစားပြီး မပါလိုက်နိုင်တာတွေ လည်းရှိတယ်။ အဲဒါအပြင် လူနည်းစု ဘာသာဝင် အမျိုးသမီးတွေရဲ့ အသံ မပါလာဘူး။ သူတို့ profile ပြောင်းတယ် ဘာလို့ပြောင်းလဲဆိုတဲ့ သူတို့အမြင်ကို မေးကြည့်တဲ့အခါကျတော့ ဖြေဖို့ ကြန့်ကြာနေကြတာတွေ ရှိတယ်။ ကမ်ပိန်းပါ အချက်တွေကိုလက်ခံတာပဲ ဆိုတဲ့ အချက်တခုတည်းနဲ့ ပါခဲ့ကြတယ်။ အသံကိုမေးတာ ဖြေဆိုတဲ့အဆင့်က အခုထိဖြစ်မလာသေးဘူး။
ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့သူတွေ ဒီကမ်ပိန်းအပေါ် ပါဝင်လာမှုက တဖြည်းဖြည်းနဲ့ များလာတယ်လို့ ပြောလို့ရပါတယ်။ ကမ်ပိန်းကို စတဲ့ အချိန်မှာပဲ မိနစ်ပိုင်း၊နာရီပိုင်းအတွင်းမှာ page ကို like လုပ်တဲ့သူဟာ ရာဂဏန်း ဖြစ်သွားတာတွေ့ ပါတယ်။ ဒီနေ့ထက်ထိဆိုရင် ကမ်ပိန်းကို လိုက်လုပ်တဲ့ သူတွေ ၃၀၀၀ ကျော်သွားပါပြီ။ ဒီအမျိုးသမီးများသည်လည်း ဘုန်းရှိသည် ဆိုတဲ့ profile ကို ပြောင်းတဲ့သူတွေကို ကြည့်လိုက်ရင် တော်တော်လေးများပါတယ်။ ပြီးတော့ အလွှာပေါင်းစုံက ပါဝင်ကြတာကို တွေ့ရပါတယ်။ အမျိုးသားတချို့ပါဝင်လာတာကိုလည်းတွေ့ရပါတယ်။ အမျိုးသမီးတွေကို ကြည့်မယ်ဆိုရင် အိမ်ထောင်ရှင်မ ကနေစပြီးတော့ ကျောင်းသူတွေ ဝန်ထမ်း တွေ့ရတယ်။ အသက်အရွယ်ကို ကြည့်မယ်ဆိုရင်လည်း လူကြီး လူငယ်၊ လူလတ် အစုံတွေ့ရတယ်။ ခြုံငုံ ပြောရလို့ရှိရင်တော့ ဒီကမ်ပိန်းကို ပါဝင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေက သူတို့ စံနှုန်းတွေ၊ ကျား၊မရေးရာ ခွဲခြားမှုကို မလိုလားမှုတွေ ခွဲခြားဆက်ဆံမှုတွေ ကို အလိုမရှိမှု တွေ ဟာ ဒီကမ်ပိန်းနဲ့ ကိုက်ညီနေတဲ့ အတွက် ဒီကမ်ပိန်းကို ပါဝင်ဖြစ်တာဆိုပြီး ရေးထားကြတာ တွေ့ရပါတယ်။
You may also like these stories:
ခြေစွယ်ငုပ်ခြင်းကို အလျင်အမြန် သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းကောင်းများ
မိတ်ကပ်ကောင်တာက အစမ်းသုံးပစ္စည်းတွေကြောင့် အရေပြားရောဂါ ကူးစက်နိုင်
အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ
အမျိုးသမီးများ ဓမ္မတာလာစဉ် အသုံးပြုရသည့် ဆီလီကွန်ခွက်များ စတင်အသုံးများလာ