မသန်စွမ်းသည့်အပြင် ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းသည့် မိန်းကလေးများ အဓမ္မပြုကျင့်ခံရသည့်အခါတွင် ကျူးလွန်သူများအပေါ် တရားစွဲ အရေးယူနိုင်ရန် အခက်အခဲများစွာ ရှိနေကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒလမြို့နယ်တွင် စကားမပြောတတ်၊ ခန္ဓာကိုယ် အကြောပိုင်းဆိုင်ရာ ချို့ယွင်းမှုအပြင် ဉာဏ်ရည်မဖွံ့ဖြိုးသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦး အဓမ္မကျင့်ခံရမှုကြောင့် ကိုယ်ဝန် ၅ လအထိ ရှိနေသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေါ်ယူစောင့်ရှောက်လိုက်ရကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ဒလမြို့နယ်မန်နေဂျာဖြစ်သူ ဒုဦးစီးမှူး ဒေါ်စိုးစိုးထိုက်က ပြောသည်။
အဆိုပါအမျိုးသမီးသည် ယခုတကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ်မြောက် ကိုယ်ဝန်ရခြင်းဖြစ်ကြောင်း၊ ပထမတကြိမ်ကလည်း ရရှိသည့်ကိုယ်ဝန်ကို ဖျက်ချလိုက်ရသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
ဒေါ်စိုးစိုးထိုက်က “အခု ကောင်မလေးက စကားမပြောတတ်တဲ့သူ၊ ခန္ဓာကိုယ် ချို့ယွင်းဆိုရင်တောင်မှ သူ့ကို ဘယ်သူက ကျူးလွန်လည်းကို မှတ်မိတယ်။ အနည်းဆုံး သင်္ကေတဘာသာစကား(Sign Language) နဲ့ ပြောနိုင်တယ်။ အခုကိစ္စမှာက သူ့မှာဉာဏ်ရည်မဖွံ့ဖြိုးတော့ တရားခံကို ဓာတ်ပုံတွေပြတာမှာ ဟိုထိုးပြ၊ ဒီထိုးပြဖြစ်တယ်။ နောက်တချက်က သူ့မှာဖိအားလည်း ရှိပုံရတယ်။ လည်ပင်းကို လက်ညိုးထိုးပြီး ဖြတ်မယ်ဆိုတဲ့ဟာပြတယ်။ လက်သီးဆုပ်ပြီး မျက်နှာကို ထိုးပြတယ်။ ကြောက်နေတဲ့ပုံစံမှာရှိတယ်။ ကျမနဲ့အတူ ရဲမေတယောက်စစ်မေးတာမှာ ဘယ်သူကျူးလွန်လဲ ဆိုတာ ထောက်ပြတဲ့ဆီမှာ သူ့အဖေအရင်းရဲ့ ဓာတ်ပုံပြတာမှာ လက်က တုန်နေတယ်” ဟု ဆိုသည်။
မေလ ၂၆ ရက်နေ့က လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်စိုးစိုးထိုက်နှင့်အတူ အဓမ္မကျူးလွန်ခံရသည့် မိန်းကလေး၏ အဒေါ်ဖြစ်သူတို့က ဒလမြို့နယ် ရဲစခန်းသို့ သွားရောက်စစ်ဆေးရာတွင် အချက်အလက် မခိုင်မာနေသဖြင့် အမှုမဖွင့်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အတွက် ဒလမြို့နယ် ရဲတပ်ဖွဲ့၊ စခန်းမှူးဖြစ်သူ ဒုရဲမှူးအုန်းလွင်ထံသို့ ဆက်သွယ်မေးမြန်းရာတွင် အမှုဖွင့်၍မရသဖြင့် အမှုမဖွင့်ခြင်းသာဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
ဒုရဲမှူးအုန်းလွင်က “အမှုဖွင့်ပေးလို့မရလို့ ကျနော်တို့ အမှုမဖွင့်ပေးလိုက်ဘူးဗျ။ သေချာသိချင်ရင် စခန်းကိုလာခဲ့ဗျာ။ ” ဟု ဆိုသည်။
အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အခါတွင် ဉာဏ်ရည်နိမ့်ပါးသည့် မသန်စွမ်းအမျိုးသမီးများတွင် အခြားသူများထက် ခံရမှု ၂ ဆဖြစ်ရကြောင်း၊ စော်ကားသွားသူများကို ရှာဖွေရန်နှင့် ဟန့်တားရန်တွင်လည်း အခက်အခဲများစွာရှိနေသည်ဟု အမျိုးသမီးအရေး အစဉ်တစိုက် ဆောင်ရွက်နေသည့် Triangle Women အဖွဲ့တည်ထောင်သူ မခင်လေးက သုံးသပ်သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဉာဏ်ရည်နိမ့်ပါးသော မသန်စွမ်းများအရေး ရှု့မြင်သုံးသပ်ရာတွင် စိတ်ရူးသွပ်နေသူတဦးမဟုတ်ဘဲ စိတ်ရှည်လက်ရှည်ဖြင့် နီးနီကပ်ကပ် လေ့လာသုံးသပ်မည်ဆိုလျှင် အမှုမှန် ပေါ်ပေါက်နိုင်မည်ဖြစ်ကြောင်း သူက ပြောသည်။
ထို့အပြင် ထိုဉာဏ်ရည်မပြည့်မီသူများအပေါ် ကျူးလွန်ခံရမှုကို စစ်ဆေးရာတွင် အထူးလေးကျင့်ထားသူများနှင့်အတူ စစ်ဆေးရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
မခင်လေးက “တာဝန်ရှိတဲ့ ရဲတွေရော၊ ရှေ့နေ၊ ဥပဒေသမားတွေကရော အစဉ်တစိုက်သိထားဖို့က အဲဒီလို ကျူးလွန်ခံလိုက်ရတဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို နားလည်ဖို့ပဲ။ စစ်မေးတာမှာ သမရိုးကျသူတွေလို စစ်မေးနေလို့မရဘူး။ သူတို့ကို ရင်းနှီးမှုယူ၊ အချိန်ယူပြီးတော့ မေးမယ်ဆိုရင်တော့ တိတိကျကျနဲ့ သူတို့ပြောနိုင် လာလိမ့်မယ်။ သူတို့ကို ရူးသွပ်နေသူလို့ သဘောထားလို့မရဘူး။ အဲဒီလို သဘောများရင် ကျူးလွန်တဲ့သူတွေက လွတ်နေဦးမှာပဲ” ဟု ဆိုသည်။
မသန်စွမ်းသူများ ပြစ်မှုတခုခု ကျူးလွန်ခံလိုက်ရပြီဆိုလျှင် ဥပဒေအရ မျက်မြင်သက်သေ၊ ထင်ရှားသည့် သက်သေမရှိသော်ငြား အခြားထင်ရှားသည့် သက်သေများ၊ သက်ဆိုင်ရာ ဆရာဝန်များ၏ ဆုံးဖြတ်ချက်များဖြင့် ပြစ်မှုကျူးလွန်သည့်သူကို တရားခံအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း မသန်စွမ်းသူများ ဘဝမြှင့်တင်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဇော်လင်းထွန်းက ပြောသည်။
မသန်စွမ်းသူများအတွက် ဥပဒေပြဌာန်းထားသော်လည်း အာဏာပိုင်ရဲတပ်ဖွဲ့နှင့် တရားရေးဌာနတို့တွင် မည်ကဲ့သို့ ပြုမူဆောင်ရွက်ရမည်ဆိုသည့် တိကျသော ပြဌာန်းချက်များ၊ ညွှန်ကြားချက်များ မရှိသေးခြင်းက မသန်စွမ်းသူများအပေါ် တရားမျှတမှုက ရလာနိုင်မည်မဟုတ်ဟု သူက ဆက်ပြောသည်။
ဦးဇော်လင်းထွန်းက “တချို့ရဲတွေက နာမည်မှတ်မိနေတာပဲဗျာဆိုပြီး ဉာဏ်ရည်ပြည့်မမှီတာကို လက်မခံကြဘူး။ လှိုင်မြို့နယ်မှာ မသန်စွမ်းမျက်မမြင်တယောက် အရိုက်ခံရတယ်။ အမှုသွားဖွင့်တော့ ဘယ်သူဆိုတာ မပြနိုင်တဲ့အတွက် အမှုမဖွင့်ပေးဘူး။ ဒီလိုတွေအတွက် ရဲလိုတာဝန်ရှိသူတွေမှာ မသန်စွမ်းတွေအတွက် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ၊ မသန်စွမ်း အမျိုးသမီးတွေ၊ ဉာဏ်ရည်မမှီတဲ့သူတွေကို ဘယ်လို ကိုယ်တွယ်ရမယ်ဆိုတာ တိတိကျကျ ပြဌာန်းပေးဖို့လိုတယ်” ဟု သူကဆိုသည်။
You may also like these stories:
သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု
မုဒိမ်းမှုကို တိုင်ချက်ဖွင့်တာနဲ့ ချက်ချင်းဖမ်းသင့်သလား