လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့ ငြိမ်းချမ်းရေးအခြေအနေ၊ စစ်ပဋိပက္ခနှင့် Gender အကြား ဆက်စပ်နေမှုအကြောင်း၊ သုံးသပ်ချက် အမြင်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၏ ဗဟိုဦးဆောင် ကော်မတီ ရဲဘော်မိဆူးပွင့်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးကနေ ကရင်အမျိုးသားအစည်းအရုံး(KNU) နှုတ်ထွက်မှု လုပ်နေတာကEAOတွေရဲ့ ညီညွတ်မှုက ပိုမို အားနည်းသွားစေမလား။
ဖြေ ။ ။ PPSTက အစုအဖွဲ့ဖြစ်တယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ ်NCA လက်မှတ်ထိုး ၈့ဖွဲ့ အထဲမှာ နိုင်ငံရေးအရ ဆုံချက်ယူထားတဲ့ သဘောပဲ။ နောက်ထပ် ၂ ဖွဲ့ က NCA လက်မှတ်ထိုးလာတော့ PPST + 2 ဆိုပြီး ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လက်မှတ်ထိုးလိုက်လို့ ဒီ ၁၀ ဖွဲ့က အတူတူဖြစ်သွားတာ။ ၁၀ ဖွဲ့က တပ်ပေါင်းစုလည်း မဟုတ်ဘူး။ မဟာမိတ်လိုလည်း ခိုင်ခိုင်မာမာ မူချပြီး ဖွဲ့စည်းထားတာ မရှိဘူး။ NCA စာချုပ်ကို အကောင်အထည် ဖော်ဖို့နေရာမှာ အလုပ်တွေ တိုင်ပင်ညှိနှိုင်းလို့ ရအောင်လို့ ဆိုပြီးတော့ ဖွဲ့တဲ့သဘောပဲ။ ဒါပေမယ့်လည်း တဖက်မှာ PPST+2 ၁၀ ဖွဲ့ရဲ့ နောက်ခံအခြေအနေတွေက မတူကြဘူး။ တဖွဲ့နဲ့တဖွဲ့ အရွယ်အစားမတူဘူး။ အခြေအနေနဲ့ အခက်အခဲတွေလည်း မတူဘူး ဆိုတော့ အဲဒီလိုအနေအထားတွေနဲ့ ပူးတွဲပြီး လုပ်လာတဲ့အခါမှာ တချို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အဖွဲ့အများစုရဲ့ သဘောထားနဲ့ လိုက်လုပ်ရတာမျိုးက ကြာလာရင် တချို့အဖွဲ့တွေက သူတု့ိရဲ့ တဖွဲ့ချင်းဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေကို ကျန်တဲ့အဖွဲ့တွေရဲ့ သဘောထားတွေကတော့ လွှမ်းမိုးသွားတာမျိုး ဖြစ်တယ်ဆိုရင်လည်း သူတို့အတွက် ထိခိုက်နိုင်တယ်။ ဒါကြောင့် အများစုသဘောထားအတိုင်း ဆုံးဖြတ်ပြီး လိုက်လုပ်ရတယ် ဆိုရင် သူတို့အဖွဲ့အစည်းအတွင်းမှာ ဒါတွေကို ကျေကျေလည်လည်မရှိထားရင် သူတို့ထဲမှာ ပြန်ပြီးတော့ အခက်အခဲတွေ ဖြစ်တတ်တယ်။ တဖွဲ့ချင်းရဲ့ အဖွဲ့တွင်းညီညွတ်ရေးတွေ ပျက်တယ်။
အဲဒီလိုအခြေအနေတွေ ဖြစ်လာတဲ့အခါမှာ အခုလို KNU အတွက် တစုံတရာ အခက်အခဲ ဖြစ်လာတယ်လို့ ယူဆရတယ်။ အဲဒီအတွက် သူကတော့ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းဖို့အတွက် စာတင်လာတယ်။ သူက PPST ထဲမှာ လောလောဆယ် ပါဝင်မှုကို ရပ်ဆိုင်းထားမယ်။ သူက အစုအဖွဲ့ပုံစံအသစ်တခုကို လုပ်ချင်တယ်။ ပြောရမယ် ဆိုရင် ညီညွတ်ရေးကို ထိခိုက်သလားဆိုတော့ ကျမတို့ အမြင်အရ ညီညွတ်ရေးကို နည်းနည်းထိပေမယ့် ပြန်စဉ်းစားစရာက စုဖွဲ့မှုပုံစံအသစ်က ဘယ်လောက် အတိုင်းအတာအထိ ညီညွတ်ရေးအတွက် အလုပ်ဖြစ်နိုင်မလဲ။ အားလုံးလိုက်ပါနိုင်မယ့် အခြေအနေ ဘယ်လောက်ရှိသလဲ။ အဲဒါကို သေချာအကဲဖြတ်ဖို့လိုဦးမယ်။ အဲဒီအပေါ်မှာ အိုင်ဒီယာအရတော့ ကောင်းတယ်။ ရည်မှန်းချက်အရတော့ ကောင်းတယ်။ ဒါပေမယ့် လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲ ရှိတယ်ဆိုရင်လည်း KNU ဘက်ကလည်း သူတို့တင်လာတဲ့ စုဖွဲ့မှုပုံစံအသစ်ကို ဘယ်လိုပြန်လုပ်မလဲဆိုတာမျိုး ကျန်တဲ့အဖွဲ့တွေနဲ့အတူ ပြန်ဝိုင်းပြီးတော့ စဉ်းစားလာလိမ့်မယ်လို့ပဲ ကျမတို့ မျှော်လင့်တယ်။ ဆိုတော့ ဒီပုံစံ နှစ်ခုမှာ လောလောဆယ် လက်တွေ့ကျကျနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့။ တိုက်ရိုက်ပြောရရင် နိုင်ငံရေးဆွေးနွေးပွဲ တွေကို ရပ်မသွားပဲ ဆက်သွားနိုင်အောင် လုပ်နိုင်မယ့် ပုံစံကိုတော့ ရွေးရမလို ဖြစ်နေတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကိုယ့်သဘောဆန္ဒမပါဘူးဆိုရင် ဘယ်သူမဆို ခဏတော့ မပါသေးဘူးဆိုပြီး ထွက်သွားနိုင်တယ်။ ထွက်တာကတော့ လုပ်လို့ရတယ်။ အားနည်းသွားသလားဆိုတော့ နဂိုကတည်းက တပ်ပေါင်းစုလိုမျိုးဆိုရင်တော့ တဖွဲ့ဖွဲ့ ၊ အထူးသဖြင့် အဖွဲ့ကြီးတွေ ခွဲထွက်တယ်ဆိုရင် ဒါနိုင်ငံရေးအရ အကြီးအကျယ်ထိခိုက်နေပြီ။ အခု PPST + 2 ကတော့ တပ်ပေါင်းစုမဟုတ်ဘူး။ Team သဘောပဲ ဆိုတော့ လတ်တလောမှာ အလုပ်အကိုင်တွေအတွက် ညှိနှိုင်းရတာ နည်းနည်းကြန့်ကြာမှုတွေ ဖြစ်လာနိုင်တယ်။ သို့သော်လည်း လုံးဝကြီး စုစည်းညီညွတ်မှုုကြီး ပျက်သွားပြီး အားနည်းသွားပြီဆိုတဲ့ အဆင့်ထိတော့ သုံးသပ်လို့မရဘူးလို့မြင်ပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အတိုင်ပင်ခံ အစည်းအဝေး(PPCM)ကို KNU က အဆိုပြုနေတဲ့အပေါ် ဘယ်လိုသဘောထားလဲ။ လက်ခံလား။ ဘယ်လိုသွားဖို့ စဉ်းစားချက်ရှိမလဲ။
ဖြေ ။ ။ ကျမတဦးထဲအမြင်ဆိုရင်တော့ PPCM ဆိုတဲ့ ဆုံရပ်ဆိုတဲ့ အဆိုသစ်တင်လာတဲ့အပေါ်မှာတော့ အတွေးအခေါ်အရ သဘောကျတယ်။ ဘာဖြစ်လု့ိလဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒီအတိုင်းပဲ သွားနေလို့ မရတော့ဘူး။ လူထုကလည်း အာရုံနှောက်လာပြီ။ ပြီးတော့ ဘယ်သူ့ကိုမဆို ဖယ်ကျဉ်ထားခြင်း မခံစေရဆိုတဲ့မူပေါ့။ အခု EAO (၁၀)ဖွဲ့ထဲမှာလည်း ဒီမူကို ကိုင်ထားတယ်။ ဘယ်သူကိုမှ မချန်ထားရဘူးဆိုတဲ့ မူပေါ့။ အဓိကက လက်နက်ကိုင် အဖွဲ့အစည်းတွေထဲက အားလုံး ပါသင့်ပါထိုက်တဲ့သူတွေလည်း ဒီလုပ်ငန်းစဉ်မှာ ပါရမယ်။ ပြီးရင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တန်းတူရည်တူ ရှိဖို့လိုမယ်။ လက်နက်ရှိလို့ ကိုယ်ကပိုပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရေးပါတယ်ဆိုပေမယ့်လည်း နှစ်ပေါင်း ၇၀ အတွင်းမှာ တကယ်ပဲ ဖက်ဒရယ်အတွက် တစိုက် မတ်မတ် တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ ရှိတယ်။ ဒီပါတီတွေနဲ့လည်း ပြန်ချိတ်ဆက်မယ်လို့ ဆိုထားတယ်။ ဒီအသစ်ဖွဲ့ထားတဲ့ ဆုံရပ်မှာ မပါဝင်သေးတဲ့ သူတွေလည်း ပါလာမယ်။ ခုနကလို ဖက်ဒရယ်အရေး အတွက တောက်လျှောက် နှစ် ၇၀ တိုက်ပွဲ ဝင်ခဲ့တယ်။ ထောင်ကျခဲ့တယ်။ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ တူကြတယ်။ ဒီလိုပါတီတွေလည်း ပါလာမယ်။ ပြီးတော့မှ တိုင်းရင်းသား CSOs တွေ၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်နေတဲ့ CSO တွေရှိမယ်။ ကချင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း ကရင်နီစသဖြင့် CSO တွေအားလုံး ပါဝင်လာနိုင်မယ့် ဆုံရပ်ဆိုတာက နဂိုငြိမ်းချမ်းရေး ဖြစ်စဉ်စလာကတည်းက ကျမတို့မျှော်လင့်ထားတဲ့ဟာပဲ။ ဒီလိုဆုံရပ်အားကောင်းမှ ကျမတို့က စုစည်းမှုရှိရှိနဲ့ ဖက်ဒရယ်မူဝါဒတွေကို ချမှတ်နိုင်ပြီးတော့မှ အစိုးရနဲ့ တန်းတူရည်တူ ဆွေးနွေးနိုင်မယ်လို့ ကျမတို့ မြင်ထားပြီးသားပါ။ ဒါကို အဖွဲ့အစည်းြကီးတွေ ဦးဆောင်အဖွဲ့တွေက လမ်း တည့်ပေးဖို့လိုနေတာ၊ ဦးတည်ပေးဖို့လိုနေတာပ ဲရှိပါတယ်။
KNU မှာ ဒီလိုရည်မှန်းချက် ရှိလာတယ်ဆိုရင် ကြိုဆိုရမယ်။ ဝမ်းသာစရာကောင်းပါတယ်။ သို့သော် လက်တွေ့အခြေအနေကို ကြည့်ပြန်ရင်လည်း NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့က NCA ကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ တာဝန်ယူထားခဲ့တယ်။ တပ်နဲ့အစိုးရ ပြီးတော့ ဒီ EAOs(၁၀) ဖွဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြန်စနိုင်အောင်လုပ်ဖို့လိုနေတယ်။ ဆိုလိုတာက NCA ကိုလက်မလွှတ်လိုက်သေးဘူးဆိုရင် NCA လမ်းကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ရှင်သန်အောင်လုပ်ဖို့လည်း အရေးကြီးနေတယ်။ ကျမတို့ NCA အပေါ် အစွမ်းကုန်လှုပ်ရှားရုန်းကန်ရမယ့် အခြေအနေတခုလည်း ရှိနေတယ်။အဲဒီအခြေအနေက ချက်ခြင်းကြီး ဆုံရပ်ဆိုပြီး ခုနကလို လက်မှတ်မထိုးသေးတဲ့သူတွေလည်းပါ။ ပါတီတွေလည်းပါ။ CSOs တွေလည်းပါ။ ဒီလိုအစုအဖွဲ့နဲ့ ဒီဖက်က လက်ရှိလိုအပ်ချက်နဲ့ ဘယ်လိုမှ ချက်ခြင်း ချိတ်ဆက်လို့ရမှာ မဟုတ်ဘူး။ ဒါကို အစိုးရဘက်၊ တပ်မတော်ဘက်ကလည်း လက်ခံဖို့ စောင့်နေဖို့ အများကြီး အခက်အခဲရှိမယ်။ ကျမတို့အချင်းချင်းကြားမှာ ညီညွတ်ဖို့အတွက် ခုနက ဆုံရပ်ကတော့ ဘယ်လိုလဲ။ ဒါကနည်းလမ်းတခုဖြစ်မယ်။ ဒါပေမယ့် NCA အခြေခံ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆက်သွားဖို့ကတော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပါဝင်မယ့် လမ်းကြောင်းတခုကတော့ လိုအပ်နေပါသေးတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ EAOs တွေကလည်း ဖျက်လိုက်တယ်။ ပိတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုး ဖြစ်သွားမှာလည်း ကျမတု့ိက စိတ်ပူတယ်။ ဆုံရပ်ဆိုတဲ့ အဆိုသစ်ကို ခုနကပြောသလိုပဲ လက်ခံတယ်။ သို့သော် ဒီလမ်းကြောင်းကို ဖြတ်ဖို့အတွက်ကတော့ PPST လို အစုအဖွဲ့တခုလိုတယ်။ PPSTမှာ အားနည်းတယ်ဆိုရင် အားကောင်းအောင် မူဝါဒတွေ ပြန်ပြင်ပေါ့၊ အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သွားရင်တော့ ပိုသင့်တော်မယ်လို့ ကျမကတော့ ထင်ပါတယ်။
မေး ။ ။ အခု KNU နဲ့ RCSS ငြိမ်းချမ်းရေး လုပ်ငန်းကနေ ယာယီရပ်ဆိုင်းထားတော့ လုပ်ငန်းစဉ်တွေ နှေးကွေးသွားတယ်။ သူတို့အပေါ်မှာ အပစ်ရပ်အဖွဲ့တွေက မှီခိုလွန်းလို့လား။ ဘာကြောင့် ကိုယ့်ဘာသာ ဆက်မသွားနိုင်ရတာလဲ။
ဖြေ ။ ။ ဒါကတော့ ခြုံငုံကြည့်နိုင်မြင်နိုင်ဖို့ လိုနေတာပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ အစကတည်းက NCA လက်မှတ်ထိုးတဲ့အချိန်မှာလည်း ထိုးတဲ့အဖွဲ့က ထိုးတယ်။ မထိုးတဲ့အဖွဲ့က ကျန်နေတယ်။ အခုမထိုးတဲ့အဖွဲ့ထဲမှာ ဒီအဖွဲ့တွေကတော့ ဒါကြောင့် မသွားနိုင်သေးဘူး။ ကျန်တဲ့အဖွဲ့ တွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်သွားမှာပဲဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးရဲ့ နိုင်ငံရေး ပုံရိပ်ကလည်း တအားကျဆင်းမယ်။ ဆိုတော့ အဲဒီအခြေအနေမျိုးက မဖြစ်သင့်တဲ့အတွက် အားလုံးထိန်းထိန်းညှိညှိနဲ့သွားနိုင်မယ့် လမ်းကြောင်းကိုပဲ လျှောက်မယ်။ တဖက်မှာလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်သွားလို့ မရဘူး။ အဲဒီကြိုးစကို မလွှတ်ဘူး၊ ကိုင်ထားမယ်။ ဘယ်လိုမျိုး အသက်ဆက်ပြီး တလှမ်းချင်း ဆက်သွားနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာမယ်။ တဖက်မှာလည်း ကိုယ့်အထဲမှာ မပြေလည်တာတွေ ရှိတာတွေကို ဆက်ညှိမယ်။ ဘယ်လိုပဲပြောပြော ဒါတွေက အခု ၄ နှစ်၊ ၅ နှစ်မှာဖြစ်လာတဲ့ အကျပ်အတည်းတွေဆိုပေမယ့်လည်း ကျမတို့က နှစ် ၇၀ လုံးလျှောက်ခဲ့ပြီးပြီ။ ဒီ ၄၊ ၅ နှစ်ကတော့ ဒီမိုးကြီးလေကြီးထဲမှာ တကယ်ပဲ ဘယ်လိုပြဿနာပဲပေါ်ပေါ် ဘယ်လိုအခက်အခဲပဲရှိရှိ၊ ကျောချင်းကပ်ပြီးတော့ ရပ်တည်နိုင်ရအောင် ကြိုးစားဖို့တော့ လိုတယ်။ အဲဒီလို တဖက်ဖွဲ့ခြင်းဆီ ခွဲထွက်သွားမယ်ဆိုရင်လည်း အရင်တုန်းကလိုမျိုး တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားတွေပေါ်မှာ မူတည်ပြီးတော့ အစိုးရ၊ တပ်မတော် တို့ကလည်း အပစ်အခတ် ရပ်စဲရေး နည်းလမ်း ကို ချည်းကပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေက ဟုတ်တိ၊ ပတ်တိမဖြစ်တဲ့ အနေအထား ပြန်ရောက်သွားနိုင်တယ်။ ကျမတို့မျှော်မှန်းတဲ့အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု အတွက် ခိုင်မာတဲ့ဖက်ဒရယ်အခြေခံမူတွေ မကျပဲနဲ့၊ လျော့ဈေးနဲ့ပဲ ရသလောက်ပဲ ယူလိုက်ကြတဲ့ပုံစံမျိုး ဖြစ်သွားမယ်။ အဲဒီလိုပုံစံမျိုးကိုလည်း ကျမတို့ တိုင်းရင်းသားအင်အားစုတွေဘက် အဖြစ်မခံချင်ကြဘူး လို့နားလည်ပါတယ်။
မေး ။ ။ ၂၁ ရာစု ပင်လုံ အစည်းအဝေး လုပ်နိုင်ဖို့ဆိုရင် ဘာတွေ ဆောင်ရွက်ဖို့ ဘာတွေလိုအပ်မလဲ။
ဖြေ ။ ။ ၂၁ ပင်လုံကို နောက်ကြိမ်ပြန်လုပ်နိုင်ဖို့ဆိုရင်တော့ ဘာပဲပြောပြော ၆ လတကြိမ် ဆိုပေမယ့် ၇ လ၊ ၈ လ တကြိမ်၊ တနှစ်တကြိမ်လောက် လုပ်နိုင်နေရင်တော့ ဒါက လုပ်ငန်းစဉ်ဆက်သွားနေတယ်ဆိုတာ ပြနိုင်တာပေါ့။ ဆိုတော့ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့ခေါ်တဲ့ ၂၁ ပင်လုံ ထပ်လုပ်မယ် ဆိုရင်တော့ အဓိကက တိုင်းရင်းသားတွေဘက်က မေးခွန်းထုတ်တာ ရလဒ်ကို ဘာမျှော်လင့်ထားလဲ။ အရင်လိုပဲ ဟိုဟာ မဆွေးနွေးရ၊ ဒီဟာမဆွေးနွေးရဆိုတဲ့ စည်းကမ်းချက် တွေနဲ့ ဆိုရင် ဒီ၂၁ ပင်လုံလိုမျိုး လူ ၈၀၀ ကျော်လောက်ပါတဲ့ အခင်းအကျင်းနဲ့လုပ်တာဆိုတော့ ညီလာခံကြီးတခုမှာ ထွက်ရှိလာရမယ့် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းတွေကလည်း ပြင်ဆင်ရတဲ့ အခင်းအကျင်း နဲ့မကိုက်ညီအောင်ပဲ သိပ်ပြီး လျော့လျော့ရဲရဲတွေ ဖြစ်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားအင်အားစုတွေဘက်ကလည်း ၂၁ ပင်လုံကို မြန်မြန်ဆန်ဆန် လုပ်တာထက်စာရင် ရလဒ်ကိုပဲ ကြည့်မယ်။ ရလဒ်ကောင်းမယ့် အခြေအနေရမှလုပ်မယ်။ ရလဒ်ကောင်းနိုင်မယ့် အလားအလာ ရှိမယ်ဆိုရင်တော့ လုပ်မယ်ပေါ့။ ဒီနေရာမှာ တပ်မတော်နဲ့ အစိုးရဘက်ကလည်း အဲဒီရလဒ်ကောင်းဆိုတဲ့ အပေါ်မှာ သူတို့ဘယ်လိုမြင်သလဲဆိုတာ အရေးကြီးလာတယ်။ သူတို့ကရော ဘယ်လိုဟာကို ရလဒ်ကောင်းတယ်လို့ ယူဆထားလဲ။ သူတို့ ဘယ်လိုတွက်ဆထားသလဲပေါ့။ တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ ဒီလို တစ်ဆို့နေတဲ့အချက်တွေကို အလွတ်သဘောဆွေးနွေးပြီးတော့မှ မဖြေရှင်းနိုင်ပဲနဲ့ ၂၁ ပင်လုံညီလာခံမျိုးကို နောက်တကြိမ် တရားဝင် ပြန်လုပ်လိုက်မယ်ဆိုရင် ခုနကလို အားမရှိနိုင်မယ့် ရလဒ်မျိုးနဲ့ပဲ ကျမတို့ နောက်တကြိမ် ထပ်ရင်ဆိုင်ရမယ်။ ၂၁ ရာစုပင်လုံလုပ်လိုက်တယ်။ ထွက်လာတယ်။ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၁)(၂) ပြီးရင် အားမရဘူး။ အငြင်းပွားရပြန်ပြီ။ လုပ်လိုက်ရတာနဲ့ ပင်ပန်းရတာနဲ့ ကုန်ကျတာ နဲ့လည်း မကာမိဘူး။
ငြိမ်းချမ်းရေးဖြစ်စဉ်ဆက်သွားနေတယ်၊ ၂၁ ပင်လုံလုပ်နေတယ်လို့ပြလိုက် နိုင်တာပဲ ရှိတယ်။ ရလာဒ်မကောင်းတဲ့အခါမှာ စိတ်ဓာတ်တွေ ပိုကျလာမယ်။ သွားလေ၊ သွားလေ ဝေးသွားပြီလားဆိုပြီး ယုံကြည်မှုတွေ ပိုကျမယ်။ အဲဒီအခြေအနေတွေ မဖြစ်အောင်လို့ ရလဒ်ကောင်းရဖို့ကို အရင်ဆွေးနွေးမယ်။ ပြီးမှ ၂၁ ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နောက်ထပ်တကြိမ် ဆက်လုပ်မယ်ဆိုတဲ့ စဉ်းစားမှုတွေရှိနေတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့စဉ်းစားတွေးခေါ်မှု မျှော်မြင်မှုကို ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လောက်အထိ လက်ခံအားကိုးမှုတွေ ရှိလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုနဲ့ အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုတွေ၊ အသံတွေ အပေါ် ဘယ်လောက် နားထောင်လဲဆိုရင်တော့ တကယ့် လက်ရှိနိုင်ငံရေးပါတီပေါ့။ ဥပမာ NLD ဖြစ်စေ၊ USDP ဖြစ်စေ၊ တိုင်းရင်းသားပါတီတွေမှာ ဖြစ်စေ၊ နိုင်ငံရေးပါတီတွေရှိပါတယ်။ ပါတီတွေအသီးသီးမှာ အမျိုးသမီးတွေကို ဘယ်လို နေရာပေးထားလဲ။ အမျိုးသမီးတွေရဲ့ အသံတွေကို ဘယ်လိုနားထောင်လဲ။ နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ဆန္ဒတွေ သဘောထားတွေ၊ တင်ပြချက်တွေကို လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာအောင် ထည့်သွင်းစဉ်းစားလဲဆိုတာတွေ အားလုံးနဲ့ ချိတ်ဆက်နေတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာကျတော့ ပိုဆိုးတာက လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တယ်။ အမျိုးသမီးပါဝင်မှုက အစကတည်းက အောက်ခြေအဆင့်မှာပဲ ရှိတယ်။ ခေါင်းဆောင် အဆင့်မှာ နည်းခဲ့တယ်။ အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရင်တုန်းက အစကတည်းက အဖွဲ့အစည်းတွေမှာ တွဲပြီး ပါခဲ့တဲ့ အမျိုးသမီးတွေ တစုံတရာပါလာနိုင်ပေမယ့် အရမ်းကို အင်အားနည်းတယ်။ နောက်တခုကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဖို့ဆိုရင် ဆွေးနွေးဖို့ ဆိုရင် တပ်နဲ့ တပ်၊ စစ်ဗိုလ်နဲ့ စစ်ဗိုလ်၊ ဗိုလ်ချုပ်ချင်း စကားပြောမှ ရမယ်ဆိုတဲ့ယုံကြည်မှုတွေ ရှိတဲ့အခါမှာ အမျိုးသမီးတွေရဲ့အသံတွေဟာ ကောင်းကောင်း နားစိုက်ထောင်ခြင်းမခံရပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေ အနေနဲ့က ဒီထက်ပိုပြီးတော့ သူတို့ရဲ့ အရည်အချင်း၊ အစွမ်းအစတွေကို ပြဖို့လိုနေသေးတယ်။
ပါဝင်နေတဲ့ အမျိုးသမီးတွေကိုယ်တိုင်က ပြဖို့လိုနေသလိုမျိုး နောက်ထပ် ပါလာနိုင်ဖို့ အမျိုးသမီးတွေကို အဆင်သင့် တွဲခေါ်ထားပြီး ပြင်ဆင်ထားပေးနိုင်တဲ့ အခင်းအကျင်းတွေလည်း အများကြီး လုပ်ဖို့လိုနေသေးတယ်။ အဲဒါတွေကလည်း ဒီအဖွဲ့အစည်းမှာ ဦးဆောင်နေတဲ့ အမျိုးသားတွေကို စည်းရုံးလှုံဆော်ပေးနေတာက တဖက် အမျိုးသမီးတွေ ထပ်လေ့ကျင့် ထားပေးပါ။ အမျိုးသမီးတွေကို နောက်ခေါင်းဆောင်မှုအသစ်ထဲမှာ အဖွဲ့အစည်းတွေရဲ့ ဗဟိုကော်မတီတွေထဲမှာ ဆွဲခေါ်လာပြီးမှ ငြိမ်းချမ်းရေးစားပွဲပေါ် အထိကို ခေါ်လာပေးဖို့ဆိုရင် ဒီအမျိုးသားတွေရဲ့ ဆန္ဒသဘောထားကလည်း အခရာ ကျနေသေးတယ်။ အဲဒါတွေရော တပြိုင်နက်ထဲ လှုပ်ရှားနေရတဲ့အခါကျတော့ အမျိုးသမီးပါဝင်မှုကတော့ စိတ်ရှည်ရှည်နဲ့ပဲ ဆက်ပြီး သွားနေရဦးမယ်။ နောက်ပြီး အမျိုးသမီးပါဝင်မှုတွေက တက်လာတယ်လို့ ပြောကြတယ်ဆိုပေမယ့်လည်း နောက်ဆုံးအကြိမ်မှာဆိုရင် ကျား၊ မတန်းတူရေးကိစ္စကို ခေါင်းစဉ်တင်လိုက်တယ်။ တင်လိုက်တော့ အမျိုးသား ခေါင်းဆောင် တော်တော်များများက အဲဒီအပေါ်မှာ စိတ်ဓာတ်ကျသွားပြီးတော့ ညီလာခံမတက်ချင်တော့ဘူး။ အမျိုးသမီးတွေပဲ လွှတ်လိုက်ဆိုပြီး နေရာ ဖယ်ပေးလိုက်တယ်။ တခြားခေါင်းစဉ်ဆိုရင်တော့ ကျမတို့ယုံကြည်တာက အမျိုးသမီးတွေ အဲဒီလောက် များလာမှာ မဟုတ်ဘူး။ အမျိုးသားတွေကလည်း သူတို့ရဲ့ကိုယ်စားလှယ်ဖြစ်မှုကို စွန့်လွှတ်ပြီးတော့ အမျိုးသမီးတွေကို နေရာပေးမှာ မဟုတ်ဘူး။
မေး ။ ။ ပြီးခဲ့သည့် ညီလာခံတွင် ကျား၊ မတန်းတူရေး ခေါင်းစဉ်တပ်ဆွေးနွေးမှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ညီလာခံထဲမှာ ဆွေးနွေးတာကတော့ နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်အောက်ကနေ ဆွေးနွေးတာ ဖြစ်တယ်။ ဆွေးနွေးတာက ကျမတို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က အကောင်းဆုံးပြင်ဆင်ပြီးတော့ အကောင်းဆုံးကိုယ်စားလှယ်တွေရွေးပြီး ဒီကဏ္ဍအောက်မှာ သွားဆွေးနွေးခဲ့ကြတယ်။ အဲဒီအပေါ်မှာလည်း နိုင်ငံရေးပါတီအစုအဖွဲ့တို့၊ နောက်ပြီးတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့က တစုံတရာတော့ နားထောင်မှု ရှိတယ်။ အသိအမှတ်ပြုမှုရှိတယ်လို့ မြင်တယ်။ ဒါပေမယ့် ကျလာတဲ့အခြေခံမူတွေ အားနည်းသွားရခြင်း အကြောင်း အရင်းက နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ သဘောသဘာဝအရ တပ်မတော်ဘက်ကလည်း အမှန်ဆို gender equality အောက်မှာ နိုင်ငံနာမည်လာငြင်းရတဲ့အခြေအနေကြီး ဖြစ်သွားတယ်။ နိုင်ငံ နာမည်တခုထည့်တော့ နိုင်ငံနာမည်ကို စတင်ဆွေးနွေးတဲ့အဆင့်ကို မရောက်သေးဘူး။ အဲဒီအနေအထားမှာ ဒီနေရာ ဒီနိုင်ငံ နာမည်ထည့်စရာ လိုသလား ဆိုတာမျိုးနဲ့ အငြင်းအခုန်တွေ ဖြစ်ပြီးတော့မှ တချို့အချက်အလက်တွေကျတော့ နည်းနည်းလေး ကိုယ်လိုချင် သလောက်မရတော့ပဲနဲ့ ရသလောက်နဲ့ ယူလိုက်ရတာတွေလည်း ဖြစ်သွားတယ်။ နောက်တခုက ဆုံးဖြတ်ချက်ချတဲ့ အပိုင်းတွေကို အစုအဖွဲ့ခေါင်းဆောင်တွေက ကိုင်တယ်။
ကိုင်ထားတော့ အဲဒီအစုအဖွဲ့ခေါင်းဆောင်တွေက ဘယ်လိုအခြေအနေမှာ ဘယ်လိုအဆင့်မှာ ဘယ်အပိုင်းကို လက်ခံမလဲဆိုတဲ့ဟာမှာ သူတို့က သီးသန့် UPDJC မှာ ပြန်ဆွေးနွေးကြတဲ့အခါမှာ။ ပြောရမယ်ဆိုရင် အမျိုးသမီးတွေက နိုင်ငံရေးဆွေးနွေးမှုမှာ ပါခဲ့တယ်။ ဦးဆောင်ပြီး ဆွေးနွေးခဲ့တာမှန်တယ်။ဒါပေမယ့် ကျား၊ မ တန်းတူရေးကိစ္စမှာ ဆုံးဖြတ်ချက် ချတဲ့အခါမှာတော့ သူတို့ပါဝင်ခွင့်မရှိဘူး။ အဲဒီအတွက် သူတို့လိုသလောက်တော့ မရခဲ့ဘူး။ ဆုံးဖြတ်ချက်ချတဲ့သူတွေက အမျိုးသားခေါင်းဆောင်တွေ ဖြစ်တဲ့အခါမှာ ဒီပေါ်မှာတော့ အရမ်းကြီး အမျိုးသမီးတွေလောက် သိပ်မဖြစ်ဘူး။
မေး ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေကြားထဲမှာ အမျိုးသမီးတွေ ဖယ်ကျဉ်ခံနေရတာ ဘာကြောင့်လဲ။
ဖြေ ။ ။ အစဉ်အလာ ဓလေ့ထုံးတမ်းတွေက အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်မှုကို ငြင်းဆိုထားတယ်။ နိုင်ငံရေးမှာပါတဲ့ အမျိုးသမီးတွေပဲ အထူးအဆန်းတွေလို ကြည့်တယ်။ နောက်တခုက နိုင်ငံရေးပါတီတွေ နိုင်ငံရေးအဖွဲ့ အစည်းတွေမှာ ကျတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှုဆိုရင် နိုင်ငံရေးအခမ်းအနားတွေ လုပ်တဲ့အခါဆိုရင် အမျိုးသမီးတွေက ဧည့်ကြိုလောက်ပဲ၊ စားရေးသောက်ရေး၊ နေရာထိုင်ခင်း စီစဉ်ပေးရုံလောက်ပဲ ဒီလိုအခြေအနေမှာပဲ ပါဝင်ပြီးတော့ အားဖြည့်ခဲ့ရတာတွေ ရှိတယ်။ စင်မြင့်ပေါ်တက်ပြီး ပြောမလား။ အဖွဲ့အစည်းတွေရဲ့အမြင်တွေရဲ့ ရပ်တည်ချက် သဘောထားတွေကို ပြောမလားဆိုရင် ရွေးချယ်ခံရတာ အမျိုးသားတွေပဲ။ ဗဟိုကော်မတီထဲမှာလည်း အမျိုးသားတွေပဲ ရှိတယ်။ အဲဒီတော့ သဘာပတိနေရာလုပ်ဖို့၊ အခမ်းအနားမှူးလုပ်ဖို့ လူရွေးချယ်လိုက်ရင်လည်း အမျိုးသားတွေပဲ ဖြစ်တယ်။ အမျိုးသမီးတွေက ဘယ်တော့မှ စင်ပေါ်မှာ သူတို့အမြင်အယူအဆတွေကို ပြောခွင့်ရတဲ့ နေရာကို မရောက်ဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တောထဲ၊ တောင်ထဲမှာ တိုက်ပွဲဝင်နေရတာမျိုး ဖြစ်တဲ့အတွက် မြို့ပေါ်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက အမျိုးသမီးတွေကို နေရာပေးမှု၊ အမျိုးသမီး ပါဝင်မှု မူဝါဒအရ စဉ်းစားထည့်သွင်းပေးတာ အရမ်းအားနည်းတဲ့အခါမှာ တောထဲမှာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့က နောက်လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းကို မှေးမှိန်ခဲ့တယ်။ အမျိုးသမီးတွေဆို ကျောင်းဆရာမသွားလုပ်၊ ဒါမှမဟုတ်လည်း ဆက်သွယ်ရေး ရဲမေလုပ်ပေါ့။ ဆေးမှူးလုပ်။ ဆေးရဲမေလုပ်ပေါ့ဆိုတဲ့ နေရာမျိုးတွေမှာ လုပ်ခဲ့တယ်။ နောက်ပြီး အမျိုးသမီးတွေ ကိုယ်တိုင်ရှေ့တန်းသွားပြီး ရဲဘော်တွေကို ဆေးကုတယ်။ ဒဏ်ရာရလူနာတွေကို နောက်တန်းကို ပြန်ပို့ဆောင်တဲ့အလုပ်တွေ လုပ်တယ်။ အားလုံးက တက်တက်ကြွကြွလုပ်နိုင်တယ်ဆိုပေမယ့်လည်း ဒီအမျိုးသမီးတွေရဲ့ အရည်အချင်းကိုကျတော့ နိုင်ငံရေးပေါ်လစီ ချမှတ်တဲ့အဆင့်အထိကို ဆွဲထည့်ဖို့အတွက် ဘယ်သူမှ ခေါင်းထဲမှာ မထည့်ထားဘူး။
အရမ်းစိတ်ဝင်စားလို့ အမျိုးသားတွေ ဆွေးနွေးတဲ့ နေရာမှာ ဟိုမေးခွန်း၊ ဒီမေးခွန်း လာမေးတဲ့ မိန်းကလေးတွေကိုတောင်မှ တချို့ခေါင်းဆောင်တွေက ဒါမျိုးကို ကြိုဆိုကြပေမယ့် တချို့တွေကျတော့ သူတို့နဲ့လည်း ဘာမှမဆိုင်ဘူး။ လာစပ်စုနေတယ်လို့ ထင်တာတွေလည်း ရှိတယ်ဆိုတော့ ဖေးမတွဲခေါ်ခြင်း မခံရတာတွေလည်း အများကြီးရှိတယ်။ အဲဒီလိုအနေအထားမှာ အခုလို ငြိမ်းချမ်းရေးဖြစ်စဉ်ဝန်းကနဲ့ ပေါ်လာတဲ့အခါကျတော့ အဆင်သင့်မဖြစ်ဘူး။ တပ်ထဲမှာ လည်း အမျိုးသမီးတွေက အဆင့်သင့် မဖြစ်ဘူး။ ထည့်ပါဆိုလို့ ထည့်လာတာပဲ ဒါပေမယ့် သူတို့အမြင် အယူအဆကို ပြောခွင့်မရှိတာ။ တပ်ရဲ့အယူအဆကို ယူလာတယ်။ ပြီးတော့မှ လာထိုင်နေတယ်။ အမျိုးသမီးပါတယ်ဆိုတာ အပြသဘော လောက်ပဲဖြစ်တယ်။
အဲဒီလိုမျိုးပဲ အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော်မှာပဲ ကြိုးစားပြီးထည့်တယ်ဆိုပေမယ့် ပြောရေးဆိုခွင့် ဆုံးဖြတ်ခွင့် အပိုင်းတွေမှာတော့ အားနည်းနေတုန်းပဲ။ နောက်ပြီး သူတို့မူဝါဒကိုက လွှတ်တော်ရဲ့မူဝါဒ၊ အစိုးရမူဝါဒတွေနဲ့ လာတဲ့အခါကျတော့ သူတို့သဘောထားတွေ ပြောခွင့်မရဘူး။ ဒီလိုပဲ EAO တွေ ဘက်မှာရောက်လာတယ်။ သူတို့ အဖွဲ့အစည်းတွေရဲ့ မူဝါဒကို လာကိုင်ပြောတယ် ဆိုပေမယ့် အပေးအယူ တကယ်တမ်းလုပ်မယ့် ဆုံးဖြတ်ခွင့်၊ ဆုံးဖြတ်ချက် ချခွင့်တွေက သူတို့မှာ မရှိဘူး။ ဒါပေမယ့်လည်း ဒီထဲမှာကိုက ကိုယ်ရဲ့ ဆင်ခြင်တုံ တရားနဲ့ ကိုယ်ပါဝင်နိုင်မယ့် အခြေအနေ အနေအထားတွေကို တဖြည်းဖြည်း ပိုပြီးတော့ မြင့်တက်လာအောင် လုပ်နိုင်တဲ့ အခြေအနေတွေရှိရင်တော့ နောက်ပြီး အမျိုးသမီးတွေက ဘက်သုံးဖက်လုံးမှာ တွေ့ဆုံမှုတွေ ညီညီညွတ်ညွတ်နဲ့ ဘယ်လိုအခင်းအကျင်းမျိုးနဲ့ သွားရင် ဖြစ်နိုင်သလဲ။ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အခြေအနေတွေကို နားလည်တဲ့ အမျိုးသမီးတွေ အချင်းချင်းစုပြီးတော့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပြီးတော့ တည့်အောင်လုပ်နိုင်ရင် အခြေအနေတမျိုး ပြောင်းလဲနိုင်တယ်။
ဒါပေမယ့်လည်း တဖက်မှာလည်း တပ်မတော်အစုအဖွဲ့ဆို အဲဒီအမျိုးသမီးတွေနဲ့ ကျမတို့နဲ့က ချိတ်ဆက်ခွင့် မရှိဘူး။ ကျမတို့ ချိတ်ဆက်ရင်လည်း သူတို့တွေအနေနဲ့ ကျမတို့နဲ့လာပြီးတာ့ ဆွေးနွေးပြောဆိုဖို့အတွက်တော့ အခက်အခဲတွေ အများကြီးရှိနေမှာပဲ။ အဲဒီတော့ ဒီအခြေအနေမျိုးကို ကျော်ဖြတ်ဖို့အတွက် လုပ်ဆောင်ဖို့ အဆင့်တွေတော့ အများကြီး လိုနေသေးတယ်။
မေး ။ ။ စစ်၊ ပဋိပက္ခနှင့် genderက ဘယ်လိုဆက်စပ်ပါသလဲ။
ဖြေ ။ ။ စစ်ပဋိပက္ခဆိုတာ စစ်ပွဲတွေထဲမှာပေါ့။ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ကြည့်လိုက်ရင် စစ်ပွဲတွေမှာ လက်နက်ကိုင်ပြီး တိုက်ကြပြီဆိုရင်တော့ ကျမအမြဲတမ်းပြောတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသူတွေ စော်ကားခံရတဲ့ကိစ္စတွေ၊ ဒါတွေဆိုရင်တော့ စစ်ပဋိပက္ခမှာ အမျိုးသမီးတွေ ခံရတဲ့အထဲမှာ မှတ်တမ်းမှတ်ရာတွေ နဲ့ အချက်အလက်တွေနဲ့ ၁၉၉၈ ခုနှစ်ကစပြီး ၂၀၀၀ ခုနှစ် ဝန်းကျင် နောက်ပိုင်းတွေမှာ အရင်လိုမျိုး စာရင်းမရှိ၊ မှတ်တမ်းမရှိ ဖြစ်ခဲ့တာမဟုတ်ပဲနဲ့ အဲဒီအချိန်တွေမှာ ဒါလူတွေရဲ့အသိစိတ်ထဲမှာကိုက ဒီလိုဖြစ်တယ်ဆိုရင် မှတ်တမ်းမှတ်ရာ တွေ ရှိရမယ်ဆိုတဲ့ စိတ်တွေဝင်လာအောင် နယ်စပ်ဒေသမှာရှိတဲ့ အမျိုးသမီးတွေ လူငယ်တွေကို လေ့ကျင့်ပေးခဲ့တာရှိတယ်။ ဆိုတော့ နောက်ပိုင်းမှာကျတော့ ဒါတွေက အချက်အလက်တွေနဲ့ တရားဝင်ရှိလာတယ်။ ဥပမာ ရှမ်းတိုက်ပွဲဖြစ်တယ်။ ရှမ်းအမျိုးသမီးတွေကို ဖမ်းသွားတယ်။ ပေါ်တာ ခေါ်သွားတယ်။ တဖက်မှာလည်း သူတို့က လိင်ကျွန်သဖွယ် တပ်ထဲမှာ လှောင်ထားတယ်။ ပိတ်ထားတယ်။ နောက်ပြီး အုပ်စုလိုက် လိင်အကြမ်းဖက် ခံရတဲ့ကိစ္စတွေမျိုးဖြစ်တာတွေပါ။ အဲဒီဟာတွေကို မှတ်တမ်းမှတ်ရာ ဘယ်တပ်ရင်း၊ ဘယ်တပ်ဖွဲ့၊ ဘယ်ဗိုလ်မှူး၊ ဘယ်တာဝန်ရှိတယ်ဆိုတဲ့ဟာတွေပါ အချက်အလက်တွေ စုဆောင်းထားတာမျိုးတွေ။ ကြည့်မယ်ဆိုရင် အခုအချိန်မှာတော့ ဒါတွေက လွတ်လွတ်လပ်လပ် ပြန်ဖော်ထုတ်ခွင့်မရှိတဲ့အခါကျတော့ မထွက်လာဘူးပေါ့။ လွတ်လွတ်လပ်လပ် ဖော်ထုတ်လို့ရမယ်ဆိုရင် ဒါတွေ ထွက်လာနိုင်မယ့် အခြေအနေတွေ ရှိတယ်။
နောက်တခုက စစ်ပွဲတွေဖြစ်ရင် ရွာသူရွာသားတွေ ပြေးရတယ်။ ဒေသခံပြည်သူ တရပ်လုံး ဒုက္ခရောက်တယ်။ အိုးပစ်အိမ်ပစ် ဖြစ်တယ်။ အဲဒီလိုမှာ အမျိုးသမီးတွေက ကလေးမိခင်တွေ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်တွေ ဖြစ်တယ်။ အဲဒီအခါကျတော့ သူတို့တွေမှာ အမျိုးသားတွေနဲ့ မတူဘူး။ အမျိုးသားတွေလို ကိုယ်လွတ်ရုန်း ထွက်ပြေးလို့မရဘူး။ နောက် အမျိုးသမီးတွေက သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရတဲ့သူတွေလည်း ဖြစ်နေတတ်တယ်။ အဲဒါတွေကို ပစ်ပြီး ကိုယ်လွတ်ရုန်းပြေးလို့ မရပြန်ဘူး။ နောက်ပြီး ကလေးငယ်တွေကို ပစ်ထားပြီး ပြေးလို့ မရပြန်ဘူး။ စစ်ပွဲပြေးရင်း ကိုယ်ဝန်ပျက်ကျတာတွေ၊ တောထဲမှာ ကလေးရော အမေပါ သေဆုံးတဲ့ ကိစ္စတွေ။ ဒီလိုမျိုးတွေကအစ ဒါတွေက အမျိုးသားနဲ့ မတူတဲ့ အမျိုးသမီးတွေ ပိုရင်ဆိုင်ရတဲ့ ဒုက္ခတွေ။ ဒါကြောင့်မို့ စစ်ပဋိပက္ခတွေ ဖြစ်ရင် ခံရတဲ့သူက အမျိုးသမီးတွေပဲ။ နောက်စစ်တိုက်ဖို့ ဆုံးဖြတ်ချက် ချတာကတော့ အမျိုးသားတွေဖြစ်တယ်။ ဒါပေမယ့် စစ်ပွဲတပွဲဖြစ်ပြီဆိုရင် ထိခိုက်နစ်နစ်မှုအများစုကတော့ အမျိုးသမီးတွေပဲ ဖြစ်တယ်။
မေး ။ ။ စစ်ပဋိပက္ခဒဏ်ခံရတဲ့ အမျိုးသမီးတွေအတွက် အထူးကာကွယ်ပေးမှုဆိုတာ ဘာကြောင့် လိုအပ်တာလဲ။
ဖြေ ။ ။ စစ်ပွဲတွေမှာဆိုရင် အရပ်သားတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းထားတာတွေ၊ ဂျနီဗာကွန် ဗာရှင်းတို့က အစ ရှိတယ်ဆိုတော့ အမျိုးသမီးတွေနဲ့ပတ်သက်ရင် အထူးကို အမျိုးသမီးတွေကို စစ်ပွဲထဲမှာ ဖမ်းဆီးပြီးတော့ ပြန်ပေးဆွဲတာမျိုးတွေ၊ အကြမ်းဖက်တာတွေ၊ နှိပ်စက်ညှင်းပန်းတာတွေ၊ အထူးသဖြင့် လိင်အကြမ်းဖက်တာတွေကို ရှောင်ရမယ်ဆိုတာမျိုး ဒါတွေက ဟိုတုန်းက ကမ္ဘာစစ်ပွဲကြီး အတွေ့အကြုံနဲ့ပဲ ကမ္ဘာကြီးက ဒါတွေကို လမ်းညွန်ထားခဲ့တာ။ ဒါအမျိုးသမီးတွေ ဘယ်လောက်ခံရသလဲဆိုတာ။
ဒါကြောင့် ကျမအမြဲထောက်ပြတာက စစ်တိုက်ပြီးတော့မှ ရည်မှန်းချက်တခုကို ရအောင်ယူမယ်။ စစ်တိုက်ပြီးတော့မှ ဖယ်ဒရယ်ကို ရအောင်ယူမယ်။ စစ်တိုက်ပြီးတော့မှ နယ်မြေတွေ သိမ်းပိုက်ပြီးတော့မှ ကိုယ့်အလံကိုယ် စိုက်ပြီးတော့မှ အောင်ပွဲကို ယူမယ်ဆိုလို့ရှိရင် အဲဒီလိုရည်မှန်းချက်အဆုံးမှာ ခံရမှာက အမျိုးသမီးတွေပဲ ဖြစ်နေမှာ ဖြစ်တယ်။ အခုအချိန်မှာ ဘာပဲပြောပြော နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်တဲ့အခါကျတော့ တိုင်းရင်းသူတွေ အကြမ်းဖက်ခံနေရတာတွေ စစ်ဘေးဒဏ်ခံနေရတာတွေ။
နိုင်ငံရေး ရည်မှန်းချက်ရောက်ဖို့ဆိုရင် စစ်တိုက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းတဲ့ဟာတွေက ဒီအလေ့အထတွေ ဒီယဉ်ကျေးမှု တွေက အမှန်တကယ်ဆိုရင်တော့ စွန့်လွှတ်သင့်ပြီ။ တိုင်းရင်းသားတွေဘက်က လက်နက်ကိုင် တိုက်ပွဲနဲ့ အနိုင်ယူမယ် ဆိုတဲ့ ရည်မှန်းချက်တွေ လျော့ချဖို့ဆိုရင် တပ်မတော်ဘက်ကလည်း အများကြီးပဲ။ ပြုပြင်ဖို့လိုတယ်။ ပြောင်းလဲဖို့ လိုတယ်။ တိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းနဲ့ တိုက်ပွဲဝင်မှုကို စာနာ နားလည်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးမှုကို တန်းတူရည်တူ လုပ်ဆောင်ပေးဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ တိုင်းရင်းသားတွေက သူတို့လက်နက်ကို သူတို့ ဘယ်တော့မှ စွန့်မှာ မဟုတ်ဘူး။ သူတို့ လက်နက်စွန့်တဲ့နေ့က သူတို့ဘဝကို သူတို့စွန့်ရတဲ့နေ့လို့ သူတို့က အဲဒီလို ယုံကြည်ထားတာ ဖြစ်တယ်။ ဒီတိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်ပွဲတွေ လျော့ကျအောင် လုပ်ဖို့ဆို တန်းတူရည်တူ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းလမ်းသည်သာ ဖြေရှင်းနိုင်ဖို့ အဓိက။
အဲဒီတန်းတူရည်တူဆိုတဲ့ဟာကို သေသေချာချာ နှစ်ဦးနှစ်ဖက် နားလည်သဘောပေါက်နေဖို့ ဖြစ်တယ်။ အထူးသဖြင့် လက်နက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ။ ကိုယ့်ကိုယ်ကိုယ် အင်အားကြီးတယ်လို့ ယူဆထားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ တဖက်နဲ့ တဖက် အထက်စီးနဲ့ အနိုင်လိုပြီးတော့ ပြောချင်တဲ့ သဘောတရားတွေ ရှိတယ်ဆိုတော့ ဒီလိုအနေအထားမျိုးတွေက ကျမတို့ ပြည်သူလူထု တရပ်လုံးက မြင်နေတယ်။ ထောက်ပြနေတယ်ဆိုရင်တော့ လက်နက်ကိုင်ပြီးတော့ ဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓါတ်တွေက တဖြည်းဖြည်းနဲ့လျော့ကျလာမယ်လို့ ကျမက ထင်တယ်။
မေး ။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ NCAကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ကို မရောက်တာကလည်း ဟိုးအစကတည်းက အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မလုပ်နိုင်ခဲ့လို့ပေါ့။ အခုအချိန်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေက အကန့်အသတ်တွေ အများကြီးဖြစ်လာတယ်။ NCA ကို အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက တဖက်နဲ့ တဖက်ကွဲလွဲတာတွေ အများကြီး ဖြစ်လာတယ်။ ဒါလေးတွေကို ပြန် review လုပ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတံခါးတွေ ပိတ်မသွားအောင် လုပ်ဖို့က အားလုံးက စိတ်ဆန္ဒရှိနေဖို့လိုတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ ပွင့်နေတယ်ဆိုရင် ကျမတို့က NCA လား။ NCA လမ်းကြောင်းက မဟုတ်ဘူးဆိုရင်တောင်မှ အားလုံးသဘောတူတဲ့ ဘယ်လို ဖြစ်စဉ်မျိုး ဖြစ်အောင် ကျမတို့ ဒီအဆင့်ကို မြှင့်တင်နိုင်အောင်လုပ်မလဲဆိုတာ ကျမတို့ အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတံခါးလေး ဟဟလေးဖွင့်နေတာလေး ပိတ်သွားတယ်ဆိုရင်တော့ အစကနေ ပြန်သွားရရင်တော့ အခက်အခဲတွေ အများကြီး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က အားလုံးတော့ မပါဝင်သေးဘူး။ အားနည်းချက်တွေလည်း အများကြီးရှိတယ်။ သို့သော် နိုင်ငံရေးဆွေးနွေးပွဲအတွက်တော့ တံခါးလေးဟနေသေးဆိုတော့ ဒီတံခါးလေးပိတ်မသွားအောင်လုပ်ဖို့တော့ အရေးကြီးတယ်လို့ ကျမကတော့ ထင်တယ်။
You may also like these stories:
နှုတ်ဆိတ်မနေရန် နည်းပညာကဏ္ဍ အမျိုးသမီးခေါင်းဆောင်များ တိုက်တွန်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်နိုင်ခွင့် အားနည်း
အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုမှာ ပိုမိုပါဝင်သင့်တယ်