Women & Gender

ခဲဆိပ်သင့်ဘဝများ

Want create site? Find Free WordPress Themes and plugins.

အချိန်အားဖြင့် ည ၈ နာရီခန့်ရှိပြီဖြစ်ပေမယ့် ပတ်ဝန်းကျင်ဟာ လှုပ်ရှားသက်ဝင်နေဆဲဖြစ်ပါတယ်။ တောင်စောင်းတွေပေါ်မှာရှိနေတဲ့ လူနေရပ်ကွက်တလျှောက်က ထမင်းဆိုင်၊ စားသောက်ဆိုင်တွေထဲမှာ လက်ဖက်ရည်သောက်ပြီး တီဗွီကြည့်နေသူ၊ ထမင်းစားနေသူ၊ ဆေးလိပ်သောက်နေသူ အမျိုးသားတွေနဲ့ ပြည့်နှက်စည်ကားနေပါတယ်။

ယာယီတဲသာသာရှိတဲ့ လူနေအိမ်တွေကနေ ထွက်ပေါ်လာတဲ့ အမျိုးသမီးတွေရဲ့ ကျောက်ထုသံကလည်း အခုလိုညအချိန်ကို တနည်းတဖုံ အသက်ဝင်စေပါတယ်။

ပြီးခဲ့သည့်နှစ်က ပြိုကျခဲ့သည့် တောင်ကုန်းတနေရာ/HI

“ဒီမှာပဲ ပိုက်ဆံရှာလို့ကောင်းတာလေ။ ကိုယ့်မိသားစုအတွက် လုံလောက်တာ။ ဗမာပြည် (မြန်မာပြည် အလယ်ပိုင်းကို ဒေသအခေါ်) မှာကြတော့ ပိုက်ဆံလေး ၂ ထောင်၊ ၃ ထောင်နဲ့ မလုံလောက်ဘူး၊ ကလေး တွေနဲ့ သူတို့ရှေ့ရေးအတွက်လည်း ကိုယ်မထောက်ပံ့နိုင်ဘူး” လို့ ကျောက်ကပ် (ခဲပါဝင်တဲ့ကျောက်) ထုပြီး အသက်မွေးဝမ်းကျောင်းပြုနေသူ မအေးက ဆိုပါတယ်။

မအေးဆိုတဲ့နာမည်ကတော့ နာမည်လွှဲတခုဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ နယ်က ကျောင်းဆရာမဟောင်းတဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ခဲသတ္တုတွင်းထွက် အများဆုံးထွက်ရှိတဲ့နေရာတွေထဲက တခုဖြစ်တဲ့ ကယားပြည်နယ်၊ ဖာ ဆောင်းမြို့နယ်က မော်ချီးဒေသဟာ အလုပ်အကိုင်ရှားပါးတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မအေးတို့လို လူ တွေအတွက်တော့ ငွေတွင်းကြီးတခုပါပဲ။

လူနေအိမ်ရပ်ကွက်တွေရှိရာ တောင်စောင်းပေါ်ကနေ လှမ်းမြင်နေရတဲ့ ကြီးမားတဲ့ နောက်ထပ်တောင်ကြီး တလုံးကတော့ မြေတွေပြိုကျထားပြီး ကျန်တဲ့တောင်ဘေးတခြမ်းလုံးက အညိုရောင်မြေသားပြင်ကြီးဟာ မအေးအပါအဝင် ခဲမိုင်းလုပ်သားတွေအားလုံးကို ညအမှောင်ထဲမှာ လှောင်ပြောင်ကျီစယ်နေပါတယ်။

ပြီးခဲ့သည့်နှစ်က ပြိုကျခဲ့သည့် တောင်ကုန်းတနေရာ/HI ( ၃ ပိုဒ်မြောက်တွင်ထည့်ပေးပါရန်)

“ကြောက်တယ်၊ ညဆို မိုးရွာရင် ကောင်းကောင်းမအိပ်ရဲဘူး၊ နားစွင့်နေရတယ်” လို့ ပိန်ပိန်သွယ်သွယ်နဲ့ အသက် ၄၀ အရွယ် မအေးက ပြောပါတယ်။

မော်ချီးဒေသဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အထိ တိုင်းရင်းသား လက်နက်ကိုင်နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပဋိပက္ခတွေကြောင့် အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒေသတခုဖြစ်ပြီး ဒေ သခံတွေကတော့ ကရင်လူမျိုးအများစု ဖြစ်ကြပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရစစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ပြီးနောက်ပိုင်း စီးပွားရေးအခွင့်အလမ်း ပိုမိုပေါများလာချိန်မှာ တနယ်တကျေးကနေ လာရောက် အလုပ် လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုဝင်ရောက်လာခဲ့ပါတယ်။

ဒေသခံတွေအပါအဝင် ရွှေ့ပြောင်းလာသူတွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်းတဲ့အလုပ်ကတော့ ခဲတူး ဖော်ရေးလုပ်ငန်းပဲဖြစ်ပါတယ်။ မော်ချီးဒေသဟာ ၁၉၀၃ ခုနှစ်ကနေ အင်္ဂလိပ်အစိုးရခေတ်တလျှောက် ခဲ သတ္တုတူးဖော်ရေးလုပ်ငန်းကို လုပ်ခဲ့ကြပြီး အခုချိန်ထိ ခဲကျင်းပေါင်း ၁၀၀ ကျော်နဲ့ ဧကပေါင်း ၇ ထောင် ကျော်မှာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ အပါအဝင် ဒေသခံတွေပါ ခဲလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါ တယ်။

ညအချိန် ကျောက်ကပ်ထုနေသော အမျိုးသမီးများ/HI ( ၁၂ ပိုဒ်ြမောက်တွင်ထည့်ပေးပါရန်)

ခဲကျင်းထဲကို အမျိုးသမီးတွေ ဝင်ရောက်လုပ်ကိုင်ခွင့်ကို အန္တရာယ်ရှိလို့ တရားဝင်ပိတ်ပင်ထားပေမယ့် မော်ချီးဒေသဟာ အမျိုးသမီးတွေအတွက် ပိုပြီး အလုပ်ဖြစ်တဲ့နေရာလို့ အမျိုးသမီးအများစုက ဆိုပါတယ်။

အမျိုးသမီးတွေ ဘာလို့ ပိုအလုပ်ဖြစ်သလဲ

မော်ချီးဒေသ ခဲမဖြူ-အဖြိုက်နက် သတ္တုတွင်းလုပ်ငန်းကို သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ကနေ လုပ် ကွက်အဆင့် ၆ ခုနဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ အဓိကလုပ်ဆောင်ကြပြီး အဲဒီထဲမှာမှ ရဲထွဋ်ကျော် ကုမ္ပဏီကတော့ ဧကအများဆုံး လုပ်ပိုင်ခွင့်ရထားပါတယ်။

ခဲကျင်းပေါင်း ၁၀၀ ကျော်ထဲမှာ ကုမ္ပဏီက တိုက်ရိုက်လုပ်ဆောင်တဲ့ ကျင်းတွေရှိသလို ကုမ္ပဏီလက် အောက်ကနေ ချိတ်ဆက်လုပ်ကိုင်တဲ့ ဒေသခံတွေရဲ့ ကျင်းတွေလည်း  ပါဝင်ပါတယ်။

အမျိုးသားအများစုကတော့ ခဲကျင်းထဲဆင်းပြီး တရက်ကို ခန့်မှန်းချေ ငွေ ၁ သောင်းကျပ်နဲ့ နေ့စား အလုပ်ကို အများဆုံးလုပ်ကြသလို အချို့ကလည်း ပုတ်ပြတ်ဈေးနဲ့ ခဲကျင်းအလုပ်ကို လုပ်ကြပါတယ်။ ခဲကျင်းထဲဝင်ခွင့် တရားဝင်ပိတ်ပင်ခံရတဲ့ အမျိုးသမီးတွေကတော့ ခဲတွင်းပြင်ပက အလုပ်တွေဖြစ်တဲ့ ခဲဆေးခဲပြာအလုပ်တွေ၊ ကျောက်ကပ်ထုတဲ့အလုပ်တွေကို လုပ်ကြပါတယ်။

အမျိုးသမီးအများစုကတော့ နေ့စားအလုပ်ထက် မှောင်ခိုလမ်းကြောင်းကနေ မြေစာ၊ ကျောက်ကပ်တွေ ဝယ်ယူပြီး ခဲဆေးကျောက်ကပ်ထုတဲ့ တနိုင်တပိုင် ကိုယ်ပိုင်အလုပ်တွေကို ပိုပြီး လုပ်ဆောင်ကြပါတယ်။

“မိုးလင်းသွား၊ အောက်မှာ ကျောက်ကပ်သွားကောက်၊ သူများလှည်းတွေ (မြေစာလှည်း) တွန်းထားတာ နားပြီဆို အဲဒီလှည်းတွေမှာ ကျန်ခဲ့တဲ့ အကပ်ကလေးတွေကို သွားခြစ်။ ဒီမှာကတော့ အဲဒီလိုရှာမယ်ဆိုရင် တရက်ကို ၂ သောင်း၊ ၃ သောင်းကတော့ ရတယ်” လို့ ချောက်မြို့နယ်က လာရောက်လုပ်ကိုင်သူ မအေး က ပြောပါတယ်။

ဒါပေမယ့် ဒီလိုရရှိဖို့ မနက် ၄ နာရီကနေ ည ၉ နာရီအထိ မနေမနားလုပ်ရတယ်လို့ သူက ဆိုပါတယ်။ မြေစာနဲ့ ကျောက်ကပ်ဝယ်ရာမှာ တခါတရံ ခန့်မှန်းတာထက် ခဲပါဝင်မှုများလို့ ပိုပြီးတွက်ခြေကိုက်သလို တခါတရံမှာလည်း ထင်သလောက်မပါလို့ ရှုံးတာမျိုးလည်း ရှိပါတယ်လို့ သူက ဆိုပါတယ်။

မြေစာလှည်းကနေ ကြွင်းကျန်တာတွေကိုတော့ အခမဲ့ ခြစ်ယူလို့ရတယ်လို့ ဆိုပါတယ်။

“ဒီနေ့ပစ္စည်းဝယ်ရရင် ရသလိုမြတ်တာလေ။ ယောက်ျားလေးတွေက အရောင်းအဝယ်သိပ်မလုပ်ဘူး။ မိန်း ကလေးတွေပဲ လုပ်တာများတယ်။ မော်ချီးကလည်း မိန်းမတွေပဲ အလုပ်ဖြစ်တာ” လို့ သူကဆိုပါတယ်။

ဒါပေမယ့် အချို့ဒေသခံကရင်အမျိုးသမီးတွေကတော့ မြေစာအကြွင်းအကျန်ကနေ ခဲဆေးတဲ့အလုပ်ကို လုပ်ရာမှာ တပတ်လုံးနေမှ ၂ သောင်း မှ ၃ သောင်းအထိသာရပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်း နေကြသူတွေလည်း ရှိပါတယ်။

ခဲကျင်းထဲမှာ ဂန်းထိုးတဲ့အလုပ် (စက်နှင့် ကျောက်ဖောက်ခြင်း) ကို လုပ်ကိုင်တဲ့ အမျိုးသားတွေကတော့ ဖောက်နိုင်တဲ့ အရေအတွက်အလိုက် ပုတ်ပြတ်လုပ်မယ်ဆိုရင် တရက်ကို အနည်းဆုံး ၈ သောင်းကျပ်အထိ ရကြသူတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း သောက်စားမူးရစ်တာကြောင့် ရတဲ့ငွေတွေ အဖတ်မတင်သလို ဂန်းထိုးတာဟာ အဆုတ် ကိုထိခိုက်လို့ ဆေးပြန်ကုသရတဲ့စရိတ်တွေက မိသားစုကို ဝန်ထုပ်ဝန်ပိုးပြန်ဖြစ်စေတယ်လို့ အမျိုးသမီးတွေ က ဆိုပါတယ်။

မုဆိုးမတွေ နေတဲ့မြေ

မော်ချီးဒေသဟာ ငွေတွင်းတခုအဖြစ် အခြေခံလူတန်းစားတရပ်လုံးကို ဆွဲဆောင်နေပြီး တပြိုင်နက်တည်း မှာ အကာအကွယ်မဲ့ ခဲလုပ်ငန်းလုပ်ကိုင်နေမှုနဲ့ ဝင်ငွေနဲ့အတူ အရက်သေစာ သောက်စားမှုနှုန်း မြင့်မားလာ တာတွေကလည်း အမျိုးသားခဲလုပ်နေသူတွေကို အချိန်မတန်ပဲ သေမင်းလက်ထဲ တွန်းပို့နေပါတယ်။

“ဓာတ်မှန် ၁၁ ချက်ရိုက်ရတယ်။ ဘာရောဂါမှမရှိဘူး။ အဆုတ်ပဲ ကြွေကျပြီး နည်းနည်းပဲကျန်တာလေ” လို့ ဂန်းထိုးအလုပ်လုပ်ပြီး အဆုတ်ပျက်စီးမှုကြောင့် အသက်ရှုံးဆုံးသွားတဲ့ သူ့ခင်ပွန်းသည်အကြောင်းကို မအေးက ပြောပြပါတယ်။

ဂန်းထိုးအလုပ်လို့ခေါ်တဲ့ ကျောက်ဖောက်တဲ့အလုပ်ဟာ အလေးချိန် ၁၀ ကျော်ရှိတဲ့ စက်ကို ရင်ဘတ်နဲ့ကန်ပြီး ဖောက်ရတဲ့လုပ်ဖြစ်ပါတယ်။ စက်ရဲ့ တွန်းကန်အားဟာ အဆုတ်ကို ဒဏ်ဖြစ်စေသလို အဆုတ်ကို ပျက်စီးစေ တယ်ဆိုတဲ့ ဆရာဝန်တွေမှတ်ချက်ကို ဒေသခံများက ရှင်းပြကြပါတယ်။

အဆုတ်ပျက်စီးမှုကြောင့် သေဆုံးသူအများစုကိုကြည့်ရင် ဂန်းထိုးတဲ့သူတွေချည်းပဲလို့ ဒေသခံအမျိုးသမီး တွေက ဆိုကြပါတယ်။

ဒေသက ပိုက်ဆံအရဆုံး ဒီအလုပ်ဟာ လုပ်ဆောင်သူ အမျိုးသားတွေအတွက် သေမင်းကို အံတုပြီး လုပ်ရ ပေမယ့်လည်း မက်စရာအလုပ်တခုဖြစ်နေပြီး သူ့တို့ရဲ့ဇနီးမယားတွေအတွက်တော့ ကျိန်စာတခုဖြစ်နေပြန် ပါတယ်။

“သူဆုံးသွားပြီးတော့ ၇ လလောက်မှ အဆင်ပြေတာ။ အရင်ကတော့ လုံးချာပတ်ချာလည်နေတာ၊ အတိုး တွေနဲ့ ယူပြီးတော့ ဆေးကုရတယ်”လို့ မအေးလို့ အမည်လွှဲထားသူက ဆိုပါတယ်။

အဆုတ်ရောဂါပေါ်လာချိန်မှာတော့ တရက်ကျပ် ၄ သောင်းကျော်၊ ၅ သောင်းနီးပါး ကုန်ကျတဲ့ လွိုင်ကော် က ဆေးကုသစရိတ်ဟာ မအေးအတွက် တငွေ့ငွေ့လောင်နေတဲ့ဖွဲမီးဖြစ်ခဲ့ပါတယ်။ ရရာအလုပ်ကို နေ့ည မနား လုပ်လို့ရတဲ့ တနေ့ဝင်ငွေ ၃ သောင်းက မလုံလောက်ခဲ့ပါဘူး။

“သူရှိတုန်းကတော့ ကျန်းမာရေးမကောင်းလို့ ကလေးတွေပါ ကျောင်းထုတ်လိုက်ရတယ်” လို့ မအေးက ဆို ပါတယ်။

ဒေသခံ ကရင်အမျိုးသမီးတဦးဖြစ်သူ နော်ပေထူးဟာလည်း သူရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က ခဲ မိုင်းဂန်းထိုးတာကြောင့် အဆုတ်ပျက်စီးသေဆုံးခဲ့ရပြီး သားသမီး ၅ ယောက်နဲ့ ဘဝကို ရုန်းကန်ခဲ့ရသူဖြစ် ပါတယ်။

“သူများတွေ တောင်ပေါ်မှာ ခဲသွားရောင်းတော့ အမိုးတို့က ထမ်းပေးတယ်လေ။ ၁၀ ပိဿာထမ်းမှ ကျပ် ၅၀ ပဲပေးတယ်။ တောင်ပေါ်ရောက်ရင်လည်း တောဈေးသည်ဆီက ဟင်းသီးဟင်းရွက်မှောင်ခိုထမ်းပြီး ရွာမှာ ပြန်ပတ်ရောင်းတယ်” လို့ ပြောပြတယ်။

ခင်ပွန်းသည်ဆုံးချိန်မှာ သူရဲ့အကြီးဆုံးကလေးက ၁၀ နှစ်ဖြစ်ပြီး အငယ်ဆုံးကတော့ ၃ လသား အရွယ်ပဲ ရှိပါသေးတယ်။ ပဋ္ဋိပက္ခကာလတွေက အစိုးရစစ်တပ်ရဲ့ ဖြတ်လေးဖြတ်စီမံချက်ကြောင့် လွတ်လွတ်လပ် လပ်လုပ်ကိုင်စားသောက်ခွင့် မရှိခဲ့သလို ခင်ပွန်းသည်မရှိတဲ့အတွက် လိုအပ်ချိန်မှာလည်း စစ်တပ်ကို ပေါ် တာလိုက်ပေးရတာတွေကြောင့် သူ့ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေလို့ပြောလို့ရပါတယ်။

“ကြောက်လည်း မတတ်နိုင်ဘူး၊ လုပ်ရမှာပဲ၊ မလုပ်ရင် မစားရတော့ လုပ်ရတာပေါ့”လို့ တိုက်ပွဲတွေကြား မုဆိုးမဘဝနဲ့ ရုန်းကန်ခဲ့ရတာကို ပြောပြပါတယ်။

ဂန်းထိုးတဲ့အလုပ်အပြင် ခဲကျင်းထဲဝင်တဲ့ အခြားအလုပ်သမားအမျိုးသားအများစုဟာလည်း အဆုတ်ရောဂါ တွေ ခံစားကြရပါတယ်။

အမျိုးသားတွေဟာ အရက်သေစာသောက်စားတတ်သူတွေဖြစ်ပြီး တီဘီရောဂါနဲ့ သေဆုံးမှုလည်းများ တယ်လို့ ရပ်ကွက် ၁၃ မှာ ဆေးခန်းဖွင့်ထားသူလည်းဖြစ်၊ ပပွာကလူ (ကရင်) လူမှုဖွံ့ ဖြိုးတိုးတက်ရေး အမျိုးသမီးအသင်းက တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ အငြိမ်းစား ကျန်းမာရေးဆရာမ ဒေါ်မာဂရက်စိန်က ပြောပါတယ်။

ဂန်းထိုးနဲ့ ခဲမှုန့်ကြောင့် ရောဂါနဲ့ အသေဆိုးသူ အမျိုးသားတွေများသလို လုပ်ငန်းခွင်မတော်တဆမှုကြောင့် လည်း သေဆုံးတဲ့ အမျိုးသားတွေရှိပါတယ်။ အမျိုးသားတွေ သေဆုံးမှုကြောင့် မုဆိုးမတွေ အများကြီးကျန် ရစ်နေရတာကလည်း ဒေသရဲ့ စိန်ခေါ်မှုတရပ်ဖြစ်နေတယ်လို့ မော်ချီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စော အော်ကော်ထူးက ပြောပါတယ်။

“ခဲလုပ်လို့ ယောက်ျားဆုံးသွားတာတို့ ဒါကတော့ စိန်ခေါ်မှုတခုပေါ့။ အဲဒါကတော့ တော်တော်လေး များပါ တယ်။ အမျိုးသားတွေ အများကြီးသေတယ်။ အခု မုဆိုးမတွေ ကျန်ခဲ့တာအများကြီးလေ” လို့ သူကရှင်းပြတယ်။

ဒီလိုအခြေအနေကို လျော့ပါးဖို့အတွက် ခဲကျင်းစည်းကမ်းချက်တွေပဲ ထုတ်နေတာထက် ခဲကျင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ခဲလုပ်ငန်းခွင်မှာ ထိထိရောက်ရောက်ပညာပေးမှုတွေ လုပ်ဆောင်သင့်တယ်လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ခဲကျင်းလုပ်ငန်းက ရတဲ့ရောဂါကြောင့် သေဆုံးသွားသူတွေအတွက် သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ ခဲကျင်းပိုင် ရှင်တွေအနေနဲ့ လျော်ကြေးပေးမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း ရှိသင့်တယ်လို့ ဒေသခံတွေရဲ့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

၂၀၁၇ ခုနှစ် ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ Close up အစီအစဉ်မှာ ရဲထဋ်ကျော်ကုမ္ပဏီဒါရိုက်တာ ဒေါ်အိ စုကျော်က ကုမ္ပဏီအနေနဲ့ ဖြစ်တဲ့မတော်တဆမှုအပေါ် လျော်ကြေးပေးမှုတွေရှိပြီး မတော်တဆမှု အများ စုကဟာ ဒေသခံတွေရဲ့ ခဲကျင်းတွေမှာ အဖြစ်များပါတယ်လို့ ပြောဆိုထားပါတယ်။

ဒေသခံခဲကျင်းတွေမှာလည်း အချို့က လျော်ကြေးငွေပေးပေမယ့် မပေးတဲ့ခဲကျင်းပိုင်ရှင်တွေလည်း အများ ကြီးရှိတယ်လို့ အမျိုးသမီးတွေက ဆိုပါတယ်။

“ဒီမိုင်းမှာ အလုပ်သမားသမဂ္ဂမရှိဘူး။ လူမှုဖူလုံရေးမရှိဘူး။ တခုခုဖြစ်လို့ ကျင်းမှာ ဒဏ်ရာရလို့ သေသွား လို့ရှိရင် တချို့က နားလည်မှုရှိတော့ ထိုက်ထိုက်တန်တန်လျော်ပေးတာရှိတယ်။ တချို့မလျော်ပေးတာရှိ တယ်” လို့ အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်မာဂရက်စိန်က ဆိုပါတယ်။

ခဲကျင်းလုပ်ငန်းလုပ်ကိုင်တဲ့ တိုက်ရိုက်ထိခိုက်သူ ကာယကံရှင် အမျိုးသားတွေရဲ့ လျော်ကြေးငွေအတွက် မေးခွန်းထုတ်စရာဖြစ်နေချိန်မှာ သေဆုံးသူတွေရဲ့ ကျန်ရစ်သူဇနီးသည်တွေအတွက် ကူညီထောက်ပံ့မှု ဆို တာကတော့ အဝေးကြီးဝေးနေပါသေးတယ်။

“အစိုးရအနေနဲ့ မုဆိုးမတွေအတွက် သီးသန့်အစီအစဉ် ဖော်ဆောင်ပေးဖို့တော့ မရှိဘူး။ ဒါတွေကျတော့ ဖြစ်တဲ့အကြောင်းအရင်းပေါ်မှာ ကုမ္ပဏီဆိုလည်း ကုမ္ပဏီနဲ့ခေါ်ပြီး ပြောပေးနိုင်မယ်” လို့ ဖားဆောင်းနဲ့ မော်ချီး ဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းထွေးသူက ဆိုပါတယ်။

“အလုပ်သမားတွေကတော့ သေသွားပြီ။ ဒါပေမဲ့ ကျန်ခဲ့တဲ့အမျိုးသမီးတွေအတွက် စားဝတ်နေရေး အခြေခံ လူတန်းစားအဆင့်ကို ရပ်တည်နိုင်ဖို့အတွက် အစိုးရက ဘာမှမလုပ်ပေးတဲ့အတွက် ဒီအမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ ဘာမှမရှိတော့ဘူးလေ” လို့ မော်ချီးဒေသ အမျိုးသမီးဖွံ့ဖြိုးရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေ တဲ့ ဒေါ်မာဂရက်စိန်က ပြောပါတယ်။

ဒေသခံ ကရင်အမျိုးသမီးကြီးတဦးကတော့ လျော်ကြေးငွေတွေထက် ခဲကျင်းလုပ်ငန်းကြောင့် ရောဂါဖြစ်ပြီး သေဆုံးမှုတွေနည်းပါးစေမယ့် နည်းလမ်းကိုပဲ ပိုသိချင်ပါတယ်လို့ဆိုပါတယ်။

“နည်းနည်းပြောပေးဦး၊ ဂန်းထိုးတာလေ၊ အဲဒီရောဂါ သက်သာအောင် နည်းလမ်းလေး၊ ဘယ်လို ကာကွယ် ရမလဲဆိုတာ နည်းနည်းမေးပေးဦး၊ နည်းရှာပေးဦးလို့” ဆိုပြီး သူနဲ့ ဆက်သွယ်မေးမြန်းချိန်မှာ ပြောခဲ့ပါ တယ်။

အရက်ရဲ့ သားကောင်များ

မော်ချီးဒေသမှာရှိတဲ့ ဒေသခံအမျိုးသမီးတွေအပါအဝင် ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ အမျိုးသမီးတွေ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာတရပ်ကတော့ အရက်သေစာပဲဖြစ်ပါတယ်။

“အရက်သောက်ပြီး မိန်းမကိုရိုက်လိုက်၊ ပြီးရင် အလုပ်လည်းမလုပ်ဘူး။ ပိုက်ဆံတောင်း မရရင် မိန်းမကိုထု၊ အရက်သမားမိန်းမဖြစ်ရတာ တော်တော်ကံဆိုးတယ်” လို့ အသက် ၇၀ နီးပါးရှိတဲ့ ဒေသခံ ကရင်အမျိုးသမီးကြီးတဦးက ပြောပါ တယ်။

လူ ၁၀ ဦးမှာ ၉ ဦးလောက်က အရက်သေစာသောက်စားသူတွေဖြစ်နေပြီလို့ အမျိုးသမီးတွေက စိုးရိမ်စွာ ပြောကြပါတယ်။ အရက်သေစာသောက်စားတာကြောင့် ခဲလုပ်ငန်းလုပ်လို့ ရတဲ့ဝင်ငွေဟာ အဖတ်မတင် သလို ခဲကြောင့်ဖြစ်နေတဲ့ ကျန်းမာရေးထိခိုက်မှုကိုလည်း ပိုပြီးဆိုးဝါးစေတာကြောင့် အမျိုးသားတွေရောဂါ ရချိန်မှာ စုဆောင်းငွေကြေးမရှိတဲ့ အမျိုးသမီးတွေအဖို့ တပူပေါ်နှစ်ပူဆင့်ပြီး ဝန်ပိကြရပါတယ်။

“ခဲလုပ်လည်း သူက သောက်စားတယ်၊ အလုပ်သမားတွေနဲ့ ထားတယ်ပေါ့။ ပြောမယ်ဆို ရှေ့တန်းမှူးတွေ ကပဲ ပြန်ကောင်းစားတာပေါ့၊ ကိုယ်က အချိန်တန်ရင် အကြွေးတင်ခဲ့ပေါ့” လို့ အဆုတ်ရောဂါကြောင့် မကြာ သေးခင်ကမှ ခင်ပွန်းသည်ဆုံးပါးသွားခဲ့တဲ့ ကျောက်ပန်းတောင်းမြို့နယ်က အလုပ်လာလုပ်သူ အမျိုးသမီး တဦးက ဆိုပါတယ်။

သူ့အမျိုးသားဆုံးပါးချိန်မှာ ကလေးငယ် ၁၁ လသားအရွယ်နဲ့ ကျန်ရစ်ခဲ့ပြီး ယောက်ခမတွေရဲ့ ထောက်ပံ့မှု နဲ့ ရပ်တည်နေရတာဖြစ်ပါတယ်။

“မူးရင်ဆိုးတယ်။ မူးရင် ရန်လုပ်တာပေါ့နော်။ ရိုက်တယ်၊ နှက်တယ်။ ဆုံးသွားတော့လည်း ဆိုးတယ်လို့ ပြောမနေတော့ပါဘူး” လို့ ချောက်မြို့နယ်ဘက်က လာရောက်လုပ်ကိုင်သူ မအေးက ပြောပါတယ်။

ဒေသအတွင်းမှာ မုဒိမ်းမှုလို အကြမ်းဖက်မှုပြဿနာတွေ သိပ်မရှိပေမယ့် မူးယစ်ရမ်းကားမှုကြောင့် အိမ်တွင်းရေးပြဿနာတွေဖြစ်ပြီး ဖြေရှင်းပေးရတာများတယ်လု့ိ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသတွင်း နေထိုင်သူတွေအကြား ပညာပေးဆွေးနွေးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။

“ဒါပွင့်ပွင့်လင်းလင်းပဲပြောမယ်။ သူတို့အမျိုးသားတွေက အရက်သောက်တယ်၊ ဒီလိုပဲ ဘာမှမလုပ်ဘူး၊ ဒါ တော်တော်များလာပြီ။ အမျိုးသမီးတွေပဲ ဦးဆောင်နေတာ၊ အိမ်တွင်းရေး စီးပွားရေးကို။ အများကြီး ဒီရွာ ထဲမှာ” လို့ အုပ်ချုပ်ရေးမှူးက စောအော်ကော်ထူး ပြောပါတယ်။

ကြယ်ဖြူလက်နက်ကိုင်အဖွဲ့ရှိရာ ညောင်သာယာကျေးရွာနဲ့ အနီးအနားကျေးရွာတွေမှာ၊ အထူးသဖြင့် ကရင်ရွာတွေမှာ အရက်သောက်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ ကြယ်ဖြူအဖွဲ့အနေနဲ့ အမျိုးသမီး ရေးရာအဖွဲ့တခုကို ဖွဲ့စည်းခဲ့ပြီး အရက်သေစာသောက်စားမှုပြဿနာကို အဓိကဖြေရှင်းဖို့အတွက် လုပ်နေတယ်လို့ အမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ နော်စဒါက ပြောပါတယ်။

“အရက်သေစာသောက်လို့ မိန်းမတွေ ဒုက္ခရောက်တာ အဲဒါပဲရှိတယ်။ ပြီးရင် သားသမီးတွေအတွက် ရုန်း ကန်ရတယ်၊ လုပ်ရတယ်” လို့ သူက ရှင်းပြတယ်။

ဒါပေမယ့် ကြယ်ဖြူထိန်းချုပ်တဲ့ ကျေးရွာတွေမှာလည်း အရက်ဆက်လက်သောက်သုံးမှုတွေ ရှိနေသေး သလို ရွှေ့ပြောင်းအလုပ်သမားတွေ အများစုနေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ ရောင်းချမှုတွေလည်း ရှိနေ ဆဲဖြစ်လို့ ကြယ်ဖြူအမျိုးသမီးအဖွဲ့ရဲ့ အရက်ထိန်းချုပ်ရေးလုပ်ငန်းကို ဒေသခံအမျိုးသမီးတွေအနေနဲ့ အားရမှု မရှိပါဘူး။

“အရက်ကို မူးယစ်ဆေးဝါးထဲ မထည့်ဘူးတဲ့။ အရက်တခုကို တအားမုန်းတယ်။ ကမ္ဘာပေါ်မှာ အမုန်းဆုံးက အရက်ပဲ” လို့ အရက်စွဲနေသူသားတဦးရဲ့ မိခင်ဖြစ်သူ ကရင်အမျိုးသမီးကြီးက ဆိုပါတယ်။

အမျိုးသမီးတွေကတော့ ခဲကြောင့် ဝင်ငွေရတာထက် အရက်ကြောင့် ငွေကုန်မှုတွေ၊ အိမ်တွင်းအကြမ်းဖက် မှုတွေမဖြစ်အောင် အရက်ကို လုံးဝမပိတ်ပင်နိုင်ရင်တောင် ဒေသထဲမှာ စည်းစနစ်နဲ့ ရောင်းပေးစေချင် တယ်လို့ ပြောကြပါတယ်။

အာမခံချက်မရှိတဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာများ

ခဲလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်လုံခြုံရေး၊ ကျန်းမာရေးရှုထောင့်မှ ကာကွယ်နည်းတွေကို ပညာပေးမှု အားနည်းနေချိန်မှာ ကုမ္ပဏီလုပ်ငန်းခွင်ပြင်ပ တနိုင်တပိုင် ခဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုး သမီးတွေအတွက် ကျန်းမာရေးအသိပညာပေးမှုတွေလည်း လုံး၀ မရှိဘူးလို့ ဆိုနိုင်ပါတယ်။

ခဲဆေး၊ ခဲပြာ၊ ကျောက်ကတ်ထုတဲ့အလုပ်ကို အကာအကွယ်မရှိပဲ မိုးလင်းမိုးချုပ် နေ့စဉ် လုပ်ဆောင်နေ ကြရတဲ့ အမျိုးသမီးတွေဟာ မိသားစုတာဝန်တွေပိနေလို့ ရောဂါဖြစ်ဖို့ မကြောက်အားကြပါဘူး။

“ခဲအမှုန်တွေကတော့ အနည်းနဲ့အများ ရတာပဲလေ။ ဗမာပြည်မှာနေတဲ့သူက သက်တမ်းက ၆၀ ဆိုရင် မော်ချီးမှာနေတဲ့ ကိုယ်တွေက ၅၀ လောက်ပဲနေမှာလို့ ပြောနေသေးတယ်။ ရောဂါရတာပဲလေ” လို့ မျက်တွင်းတွေ မည်းပြီး မွဲခြောက်ခြောက်အသားအရေပိုင်ရှင်မအေးက ဆိုပါတယ်။

“သားသမီးအတွက် ကိုယ့်တယောက်တည်း ရုန်းရမယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ သိနေလို့လားမသိဘူး။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဘာမှမသိတော့ဘူး”လို့ သူမက ဆက်ပြောပါသေးတယ်။

ခဲလုပ်ငန်းလုပ်ကွက်တွေကြားကနေ ထွက်လာတဲ့ ရေထွက်ပေါက်တွေကို အမှီပြုပြီး နေ့စဉ် သောက်သုံး ရေအဖြစ် အသုံးပြုနေကြရတဲ့အတွက် ခဲဆိပ်ပါတဲ့ ရေတွေနဲ့ ရေရှည် ကျန်းမာရေးအာမခံချက် ရှိပါ့မလား ဆိုတဲ့ စိုးရိမ်ချက်တွေကတော့ ဒေသခံအားလုံးမှာ ရှိနေကြပါတယ်။

ခဲလုပ်ငန်းအခြေခံလုပ်နေတဲ့ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင်လုံခြုံရေး၊ နေ့စဉ် ကျန်းမာရေးလုံခြုံမှု မရှိတဲ့အပြင် နေမကောင်းဖြစ်တဲ့အခါ အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ ဆေးရုံဆေးခန်းတွေလည်း ဒေသခံ တွေအတွက်ရော ရွှေ့ပြောင်းအမျိုးသမီးတွေအတွက်ပါ မရှိပါဘူး။

မော်ချီးဒေသမှာ ရွာပေါင်း ၅၃ ရွာရှိပြီး ဆေးရုံကတော့ ရွာကြီးတခုဖြစ်တဲ့ လိုခါးလိုကျေးရွာမှာသာ ရှိပါ တယ်။ တောင်ထူထပ်တဲ့ဒေသဖြစ်တဲ့အတွက် တရွာနဲ့တရွာသွားဖို့ တောင်တွေဖြတ်ရပြီး လမ်းပန်းဆက် သွယ်ရေး မကောင်းတဲ့အတွက် ဆေးရုံကို ပုံမှန်လာဖို့ ခက်ခဲကြပါတယ်။

အဲဒီအခက်အခဲနဲ့ အဓိက ရင်ဆိုင်ရတာကတော့ အမျိုးသမီးတွေပဲဖြစ်ပါတယ်။

“ကလေးဝမ်းသွားလို့လာပြတာ” လို့ပြောတဲ့ အသက် ၄၀ နှစ်အရွယ် ကရင်အမျိုးသမီးတဦးရဲ့ လက်ပေါ်မှာ လသားအရွယ် ကလေးအပြင် သူ့ထဘီစကို ဆွဲကိုင်ထားတဲ့ နောက်ထပ်ကလေးငယ်နှစ်ဦးလည်း ရှိနေပါ တယ်။

သူကတော့ ကုသိုလ်ဖြစ်နယ်လှည့်ဆေးကုပေးနေတဲ့ ပပွာကလူ (ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုး သမီးအသင်းက ယာယီဆေးကုပေးနေတဲ့ သူတို့ရွာက ဘုရားကျောင်းထဲကို ကလေးတွေနဲ့အတူ လာခဲ့ တာပါ။ သူနဲ့အတူ ပါလာတဲ့ကလေးတွေအပြင် စုစုပေါင်း ကလေး ၈ ယောက်ရှိတယ်လို့ဆိုပါတယ်။

သူတို့ကျေးရွာမှာရှိနေတဲ့ အစိုးရအနေနဲ့ ကျေးလက်ကျန်းမာရေးဌာနကို ဘာလို့သွားမပြလဲလို့မေးတော့ “တခါမှ လူမှမရှိတာ” လို့ သူက ဖြေပါတယ်။

သူ့လို အသက်အရွယ်ကြီးတဲ့ အခြားဒေသခံကရင်အမျိုးသမီးတွေမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ် သက်ပြီး ကျန်းမာရေးအသိ မရှိကြသလို သားဆက်ခြားဖို့လည်း ဆရာမတွေက အကြံပြုချက်ပေးမှ ဆေးထိုး ကြတဲ့သူတွေလည်းရှိပါတယ်။

အစိုးရအနေနဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံတွေကို ပထမဆုံးအဆင့်အနေနဲ့ လုပ်ဆောင်နေပြီး ဆရာ၊ဆရာမဖြည့်ဆည်းထားပေမယ့် တာဝန်ကျေတဲ့အခန်းကဏ္ဍမှာတော့ အားနည်းနေသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းထွေးသူက ဆိုပါတယ်။

“အဓိကက ကျေးရွာတွေက နည်းနည်းအလှမ်းဝေးတဲ့အခါကျတော့ ဆရာ၊ ဆရာမတွေက အမြဲတမ်းမနေ ချင်ဘူးပေါ့နော်။ အမြဲတမ်းနေထိုင်ဖို့အတွက်ကိုလည်း ကျမတို့က တော်တော်လေးတော့ ပြောရတာပေါ့”

၂၀၁၅ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်းမှာ လမ်းပန်းဆက် သွယ်ရေးနဲ့ ကျန်းမာရေးအဆောက်အအုံအချို့ တိုးတက်လာတယ်လို့ ဆိုရပေမယ့် အခြေခံလိုအပ်တဲ့ အဆင့်ကို အခုချိန်ထိ မပြည့်မှီသေးပါဘူး။

ဒီအခြေအနေမှာ ဒေသတွင်းက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးရေးတွေ အတွက် သတ္တုထုတ်လုပ်နေသူ ကုမ္ပဏီရဲ့ တာဝန်လား၊ အစိုးရရဲ့ တာဝန်လားဆိုတာ အချို့ဒေသခံ အမျိုး သမီးတွေကြား သေချာမသိကြပါဘူး။

ဘယ်သူ့မှာ တာဝန်ရှိလဲ

အစိုးရကတော့ ကျန်းမာရေးပညာပေးတာတွေ သူ့ဌာနနဲ့သူလာပြီး ပညာပေးတာမျိုးတွေတော့ရှိပေမယ့် လုံ လောက်မှု မရှိသေးသလို သတ္တုထုတ်လုပ်သူတွေအနေနဲ့လည်း တာဝန်ယူမှု တာဝန်ခံမှုရှိသင့်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး စောအော်ကော်ထူးက ပြောပါတယ်။

“သက်ဆိုင်ရာ သယံဇာတထုတ်တဲ့သူတွေ သယံဇာတထုတ်မှတော့ အပြန်အလှန်ရှိရမယ်လေ။ ဒီက သယံ ဇာတကိုယူသွားပြီး ဒီမှာနေတဲ့သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ဘာမှမလုပ်ပေး ဘူး”

အမျိုးသမီးဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားပြီးချိန် ၆ လအထိ တလကျပ် ၁ သောင်းခွဲ ထောက်ပံ့မှုကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာကနေစပြီး လုပ်ဆောင်နေ ပေမယ့် တခြားပညာပေးလုပ်ဆောင်မှုတွေကိုတော့ လုံး၀ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

အမျိုးသမီးအခွင့်အရေးဆိုင်ရာတွေကို လာမယ့်ကာလတွေမှာ လုပ်ဆောင်သွားဖို့ရှိပြီး ကုမ္ပဏီတွေနဲ့ မဆက်စပ်တဲ့ လက်လုပ်လက်စား ခဲလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအတွက်ကတော့ အလုပ်သမား အခွင့်အရေးရှုထောင့်ကထက် လုပ်ရခက်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းထွေးသူက ဆိုပါ တယ်။

“တဝမ်းတခါး ဝမ်းစာရေးအတွက် အပြင်မှာလုပ်တဲ့သူတွေလည်း အများကြီးရှိတယ်လေ။ အဲဒါတွေအားလုံး လွှမ်းခြုံအောင် အစိုးရအနေနဲ့ကတော့ အဓိကကတော့ ကျန်းမာရေးအသိပညာရှုထောင့်က လုပ်ရမှာပေါ့” လို့သုံးသပ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနအောက်ကနေ အမျိုးသမီးတွေအတွက် စက်ချုပ်လုပ်ငန်းနဲ့ ဆပ်ပြာချက် သင်တန်းတွေကို အိမ်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေအတွက် လုပ်ပေးနေတာရှိတယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

မော်ချီးဒေသတခုလုံးကို ခြိမ်းခြောက်နေတဲ့ အခြားကျန်းမာရေး စိုးရိမ်ချက်တခုဖြစ်တဲ့ သန့်ရှင်းတဲ့ ရေရရှိ ရေးဟာ သတ္တုထွက်ဒေသမှာ သတ္တုထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေမှာ အများဆုံးတာဝန်ရှိတယ်လို့ အစိုးရ ဘက်က ထောက်ပြပေမယ့် သန့်ရှင်းတဲ့ရေရဖို့မပြောနဲ့ ရေထွက်ပေါက်ရှားပါးတဲ့အခြေအနေဟာ ကုမ္ပဏီ တွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ရဲထွဋ်ကျော်ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာ ဒေါ်အိစုကျော်က ပြောပါတယ်။

“ရေထွက်ပေါက်သာရှိပါစေ၊ ကျန်တဲ့ဟာက ကူညီလို့ရတယ်။ ဥပမာ ရေထွက်တဲ့နေရာရှိမှ ပိုက်လိုလား၊ စက်လိုလား ကျမတို့ ကူညီလို့ရတယ်။ ရေထွက်မှပဲ လုပ်ပေးလို့ရတယ်။ ရေမထွက်ရင် ဘာမှမတတ်နိုင်ဘူး” လို့ ဒေါ်အိစုကျော်က ဆိုပါတယ်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေဟာ အားနည်းနေဆဲဖြစ်ပြီး ဒေသအတွက် နစ်နာနေတဲ့အခြေအနေဖြစ်တာကြောင့် လာမယ့်ကာလမှာ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့ရှိသလို အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံတွေ ပါဝင်တဲ့ ၃ ပွင့်ဆိုင်တွေ့ဆုံဖို့ ကြိုးစားသွားပြီး ဒေသဖွံ့ဖြိုးရေးနဲ့ သဘာ၀ ဘေးအန္တရယ်တွေအတွက် ဆွေးနွေးဖို့ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပြပါတယ်။

ဒါပေမယ့် ဒေသခံတွေအနေနဲ့ မြင်နေတဲ့ စိုးရိမ်ချက်တွေ၊ ကြုံနေရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ရပ်တည်ပြောဖို့လိုအပ်တယ်လို့ ကိုယ်စားလှယ်က ဆိုပါတယ်။

“ကုမ္ပဏီဘက်က အဆင်မပြေမှုအပေါ် ကိုယ်စားလှယ်က မားမားမတ်မတ် ရပ်တည်ပြောတဲ့အချိန်မှာ လူထု ရဲ့ ပါဝင်မှုက အားနည်းနေတယ်။ လူထုဘက်ကို အားမရဘူး။ ရှင်းရှင်းပြောရရင်” လို့ နန်းထွေးသူက ဆို ပါတယ်။

ကုမ္ပဏီရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိဘူးလို့ ဒေသခံတွေကြား ပြောဆိုနေမှု များပြားနေပေမယ့် ကုမ္ပဏီ အနေနဲ့ သတ်မှတ်ထားတဲ့ ဥပဒေပါ အချက်တွေ လုပ်ဆောင်နေတာရှိကြောင်း ခဲလုပ်ကွက်ဧက အများဆုံး လုပ်ဆောင်နေတဲ့ ရဲထွဋ္ဋ်ကျော်ကုမ္ပဏီ ဒါရိုက်တာက ဆိုပါတယ်။

“အတတ်နိုင်ဆုံးတော့ အစိုးရသတ်မှတ်တာထက် မနည်းသောအနေအထားမှာတော့ ကျမတို့ လုပ်ပေး တယ်။ တတ်နိုင်သလောက် အကောင်းဆုံးအနေအထားမှာတော့ ကျမတို့လုပ်ပေးတယ်။ အဲဒါကို အသေး စိတ် သိဖို့ကတော့ ပတ်ဝန်းကျင် ကောလာဟလက မသိနိုင်ဘူး။” လို့ သူက ပြောပါတယ်။

မော်ချီးဒေသ အမျိုးသမီးဖွံ့ဖြိုရေးလုပ်ဆောင်နေတဲ့ ပပွာကလူ (ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီး သင်းက တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ အငြိမ်းစား ကျန်းမာရေးဆရာမ ဒေါ်မာဂရက်စိန်ကတော့ အစိုးရနဲ့ ကုမ္ပဏီတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် ဒေသခံ အမျိုးသမီးတွေအတွက် ခဲလုပ်ငန်းတခု ထဲမဟုတ်ဘဲ အခြားအသက်မွေးဝန်းကျောင်းမှုတွေ လုပ်လာနိုင်အောင်လည်း စီစဉ်ပေးသင့်တယ်လို့ ပြော ပါတယ်။

 မသေချာတဲ့အနာဂတ်

အခြေခံ ဖွံ့ဖြိုးရေးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်ထက် ဒေသခံအမျိုး သမီးတွေ၊ ရွှေ့ပြောင်းအမျိုးသမီးတွေရဲ့ အဓိက စိုးရိမ်ချက်ကတော့ မော်ချီးဒေသ သက်ဆိုးရှည်ပါ့မလားဆို တဲ့အချက်ပဲဖြစ်ပါတယ်။

စက်ယန္တရားကြီးတွေနဲ့ တိုးချဲ့လုပ်ဆောင်လာတဲ့ ခဲလုပ်ငန်းတွေနဲ့ ပိုပိုတိုးလာတဲ့ မြေပြိုမှုအန္တရာယ်တွေ ကြားမှာ မော်ချီးဒေသကြီး ပျက်စီးတော့မလား၊ ခဲတွေကုန်သွားတော့မလားဆိုပြီး အမျိုးသမီးတွေ စိုးရိမ်နေ ကြပါတယ်။

“အခုသူများလုပ်လို့ ကုန်သွားမှာ အမိုးတို့စိုးရိမ်နေတယ်။ သားသမီးခေတ် ဘာသွားစားကြမလဲလို့ စိုးရိမ် တယ်လေ။ အမိုးတို့ သားသမီးခေတ်ကျတော့ ဘာမှမကျန်တော့ရင် ဘာသွားစားကြမလဲ” လို့ ဘိုးဘွား စဉ်ဆက် တနိုင်တပိုင် ခဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းခဲ့သူ အသက် ၆၀ အရွယ် ကရင်အမျိုးသမီးတဦးက ပြောပါတယ်။

ခဲနဲ့ပဲ အသက်မွေးဝမ်းကျောင်းတတ်ကြတဲ့ ဒေသခံတွေအဖို့ ခဲကုန်ရင် ဘာစားကြမလဲ၊ မြေပြိုရင် ဘယ်မှာ သွားနေကြမလဲဆိုတဲ့ သူတို့မေးခွန်းတွေက အခုထိ အဖြေမရှိသေးပါဘူး။

“ညတုန်းက နှာတွေပိတ်ပြီး နေမကောင်းတော့ စဉ်းစားမိတယ်။ ငါ အများကြီးလည်း မလုပ်ချင်ဘူးလို့။ ဒီမှာ ၂ နှစ်လောက်တော့ လုပ်စားချင်သေးတယ်လို့။ ကလေး ၄ ယောက်ကို တယောက်ကို သိန်း ၅၀ စီ လောက် ဘဏ်မှာထည့်ပေးနိုင်ရင်တော်ပြီလို့။ အဲဒီလောက်တော့ အမေရုန်းဦးမယ်လို့” လို့ ချောက်မြို့နယ် က လာရောက်ရွေ့ပြောင်းနေထိုင်လုပ်ကိုင်သူ မအေးက သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပါတယ်။

နောက် ၂ နှစ်လောက် အထိ မြေမပြိုရင် သူရဲ့မျှော်လင့်ချက်က ပြည့်နိုင်တယ်လို့ မအေးက ယုံကြည်နေပါ တယ်။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် HI ( Honest Information ) မှ ကူးယူဖော်ပြပါသည်။

You may also like these stories:

အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ

“အမျိုးသမီးများသည် ဘုန်းရှိသည်”ကမ်ပိန်းအပေါ် အမြင်များ

ရှမ်းပြည် စစ်ပွဲကြားက မြေစာပင်အမျိုးသမီးများ

အမျိုးသမီးမဝင်ရ နေရာတွေ ရှိသင့်လား

Did you find apk for android? You can find new Free Android Games and apps.
Loading