မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် မြို့မရဲစခန်းဝင်းအတွင်း နေထိုင်သည့် အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးအား ဓမ္မတာနှင့်ဆန့်ကျင်သည့် လိင်ဆက်ဆံမှုပြုလုပ်ခဲ့သည်ဟုဆိုကာ ပခုက္ကူမြို့မရဲစခန်းဂိတ် အဝင်ပေါက် စစ်ဆေးရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးကို ဇွန်လ ၆ ရက်နေ့က အဆိုပါရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း မြို့မရဲစခန်း အမှုစစ်ရဲအရာရှိ ရဲအုပ်ဝင်းဇော်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်နေ့က ပခုက္ကူမြို့ မြို့မရဲစခန်းဝင်းအတွင်းနေထိုင်သည့် အသက် ၅ နှစ်အရွယ် ကလေးတဦးမှာ မိခင်ဖြစ်သူ ဈေးရောင်းထွက်သဖြင့် အဖွားဖြစ်သူနှင့်ကျန်ခဲ့စဉ် နေ့လယ်၁ နာရီခွဲခန့်တွင် ပျောက်ဆုံးသွားခဲ့ပြီး ညနေ ၆ နာရီအချိန်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာ၍ သမီးဖြစ်သူအားမေးမြန်းရာ ပခုက္ကူမြို့မရဲစခန်း ရဲဝန်ထမ်းတဦးမှ ရဲစခန်းဓမ္မာရုံပေါ်သို့ ခေါ်သဖြင့် သွားရောက်ခဲ့ရာ ဓမ္မာရုံရှိ စတိုခန်းသို့ ခေါ်ဆောင်သွားပြီး မိန်းမကိုယ်နှင့် စအိုတို့အား လက်ဖြင့်နှိုက်ခဲ့ကြောင်းနှင့် ၎င်း၏အမျိုးသားအင်္ဂါကိုလည်းကိုင်ခိုင်းခဲ့ကြောင်း ကလေးငယ်မှ မိခင်ဖြစ်သူအား ပြန်လည်ပြောဆိုခဲ့သည်။
မည်သည့်ရဲဝန်ထမ်းပြုလုပ်သည်ကို မသိရှိသဖြင့် ရဲဝန်ထမ်းများအား ပြသခိုင်းရာ ရဲစခန်းဂိတ်ပေါက်တွင် စစ်ဆေးရေးတာဝန်ကျနေသည့် အသက် ၄၁ နှစ်အရွယ် ဒုတပ်ကြပ်သန့်ဇင်ဦးဆိုသူဖြစ်နေပြီး မိခင်ဖြစ်သူမှ တရားလို ပြုလုပ်၍ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
” အဲဒီကိစ္စက ဟုတ်တော့ဟုတ်တယ်။ စစ်ဆေးနေတုန်းပဲရှိသေးတယ်။ အမှုဖွင့်ပြီး ဖမ်းထားပြီးပြီ၊ အရေးကြီးတဲ့ အမှုတွေဆို စခန်းမှူးကိုယ်တိုင်စစ်မယ်ထင်တယ်။ ကျနော်တို့ကိုတော့ ဘာမှပြောမထားသေးဘူး။ လောလောဆယ်တော့ ကျနော်တို့ (သန့်ဇင်ဦးကို) ထိန်းထားတာပေါ့၊ လောလောဆယ် ကျနော်တို့ကလည်း မသိသေးတော့ ပြောမပြနိုင်သေးတာပါ။ ” ဟု ပခုက္ကူမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းဇော်ဦးက ဧရာဝတီကို ပြောသည်။
ကလေးငယ်အား ဓမ္မတာနှင့် ဆန့်ကျင်သည့်လိင်ဆက်ဆံမှုပြုလုပ်ခဲ့သည့်အပြင် မိဘများအားပြန်ပြောပါက သတ်ပစ်မှုဟု ခြိမ်းခြောက်ခြင်းကိုလည်း ခံခဲ့ရကြောင်း ရဲမှတ်တမ်းများအရ သိရပြီး အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရဲဒုတပ်ကြပ် သန့်ဇင်ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၇၇ / ၅၀၆ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
You may also like these stories:
သက်ငယ်မုဒိမ်းမှုတွေ ပိုများလာသလား
ဒလတွင် သက်ငယ်မုဒိမ်းကျူးလွန်ခံရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြား
ကျေးလက်နေအမျိုးသမီးများဘဝမြှင့်တင်ပေးရေး လွှတ်တော်တွင် တိုက်တွန်း
မုဒိမ်းမှုကို တိုင်ချက်ဖွင့်တာနဲ့ ချက်ချင်းဖမ်းသင့်သလား