အမျိုးသားနှင့် အမျိုးသမီး၏ အသက်သည် ၁၈ နှစ်ပြည့်ပြီးမှ ထိမ်းမြားလက်ထပ်ခွင့် ရှိရမည့် အချက်ပါရှိသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်သည်။
လွှတ်တော် နှစ်ရပ် သဘောထားကွဲလွဲနေသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် တပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ကို ရယူခဲ့ရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးမှ ထိမ်းမြားလက်ထပ်ရမည်ဆိုသည့် သဘောထားမှတ်ချက်ကို အတည်ပြု ချမှတ်နိုင်ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးစဉ်တည်းက ကိုယ်စားလှယ်ချင်း သဘောထား အမြင်များ ကွဲလွဲမှု များ ရှိနေခြင်းကြောင့် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အမျိုးသားလွှတ်တော် သို့ ပြန်လည်ပေးပို့ခဲ့ပြီး အမျိုးသားလွှတ်တော်တွင် အကြေအလည် ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပေးပို့လာသည်မှာ “အမျိုးသားနှင့် အမျိုးသမီး ထိမ်း မြား လက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲ ဥပဒေ နှင့် ဓလေ့ ထုံးတမ်း များတွင် သတ်မှတ်ထားသည့် အတိုင်း ဖြစ်စေရမည်။သို့ ရာတွင် ထိမ်းမြား လက်ထပ်နိုင်ခြင်း စာချုပ် ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ် ပြည့်ပြီး ဖြစ်ရမည်။ “ ဟု အဆိုပြုထားသည်။
ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပေးပို့လာသည့် အဆိုကို အမျိုးသားလွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် ၃၀ နီးပါးက ဆက် လက်ဆွေးနွေးရာတွင် ‘ အမျိုးသား နှင့် အမျိုးသမီး တို့ ၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဆို သည့် အတည်ပြုချက်ရယူခဲ့ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လွှတ်တော် နှစ်ရပ် သဘာထားကွဲလွဲနေသည့် ဥပဒေ ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြုပေးရန် အတွက် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး နှင့် NLD ပါတီမှ အမျိုးသမီး ကိုယ်စားလှယ် ၃ ဦးနှင့် အမျိုးသား ကိုယ်စားလှယ် ၁ ဦးတို့က ထောက်ပြ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်ဝင်းသီရိဆွေက “ အရွယ် မတိုင်မှီ အိမ်ထောင်ပြုတာဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီး များနေပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ရတာဟာ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချ နည်းတွေနဲ့ ဖျက်ချတာ ။ မိခင်သေဆုံးမှုနှုန်း၊ ကလေး သေဆုံးမှု နှုန်းများ ဖြစ်လာနိုင်ပါတယ်” ဟု သားဖွားမီးယပ် ဆရာဝန် တယောက်လည်း ဖြစ်သည့် သူက လွှတ်တော် သို့ ထောက်ပြဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ အတွင်း နေထိုင်သည့် မည်သည့် ကလး မဆို ၊ မည်သည့် လူမျိုး၊ ဘာသာ ၊ ဓလေ့ ထုံးတမ်း မဆို ။ မည်သည့် ခွဲခြားမှုမှ မရှိဘဲ နဲ့ တူညီသည့် အခွင့်အရေး နှင့် တူညီသော ကာကွယ်မှု ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ထိပ်ထိမ်းမြားမည့် သူ၏ အသက် သည် ၁၈ နှစ် ပြည့်ပြီးမှသာ လက်ထပ်ခွင့်ပြုရန် ဥပဒေ တရပ် လိုအပ်ကြောင်း ကျောက်တန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ် အေးမြမြမျိုးက ထောက်ပြ ဆွေးနွေးခဲ့သည်။
သက်ဆိုင်ရာတည်ဆဲ ဥပဒေ နှင့် ဓလေ့ ထုံးထမ်းများ အတိုင်း လက်ထပ်ခွင့် ပြုလိုက်သဖြင့် တိုင်းရင်းသား ဒေသများတွင် အသက် ၁၄ နှစ်၊ ၁၅ နှစ်များနှင့် လက်ထပ်ထိမ်းမြားမှုကို မထိန်းချူပ်ဘဲ ကလေးသူငယ်များ၏ အခွင့်အရေးများ ဆုံးရှုံးခြင်း၊ အမျိုးသမီးငယ်လေး များ၏ ကျန်းမာရေး ရှုထောင့်အရ လည်းကောင်း၊ ပညာဆက်လက် သင်ကြားခွင့်မရှိသဖြင့် ဝင်ငွေ ရရှိမှု ဆုံးရှုံးခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးခြင်း အစရှိသည်များကို ယနေ့ ဆွေးနွေးသည့် လွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ဘက်ပေါင်းစုံမှ ထောက်ပြ ဆွေးနွေးခဲ့ကြသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇာနည်ထက်အောင်ကလည်း မိမိတို့ ကိုယ်တိုင် မိဘများ ဖြစ်ခဲ့ပါက မိမိတို့၏ သားသမီးများကို မည်သည့် အရွယ်တွင် လက်ထပ်ခွင့်ပြုမည်ဟု ဆုံးဖြတ်ထားကြောင်း၊ ယခု ဒီလွှတ်တော်ကြီးထဲတွင် ရှိနေကြသည့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ သားသမီးများကိုရော မည်သည့် အရွယ်တွင် လက်ထပ်စေချင်ကြကြောင်းနှင့် နိုင်ငံတဝှမ်းရှိ မိဘတွေကလည်း မည်သည့်အရွယ်တွင် လက်ထပ်ခွင့် ပြုလိုသည်ကို သေသေချာချာ စဉ်းစားဆုံးဖြတ်ရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကို တိုက်တွန်းဆွေးခဲ့သည်။
ဆင်းရဲမွဲတေမှု၊ ပညာရေးချို့တဲ့မှုနှင့် ဆယ်ကျော်သက်အရွယ် ကျန်းမာရေး ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗဟုသုတ နည်းပါးခြင်း များကြောင့် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားမှုများ လည်း ပိုမိုများပြားလာနိုင်ကြောင်း၊ ထို့ပြင် ဆင်းရဲမွဲတေခြင်း၊ ပညာဆက်လက် မသင်ကြားနိုင်၍ ကျန်းမာရေး ထိခိုက်ခြင်း၊ ရာဇဝတ်မှုများ ကျူးလွန်ခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးများ ကပ်ပါလာပြီး အဆိုးသံ သရာများ ဖြစ်လာနိုင်ကြောင်း ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ လွှတ်တော် ကိုယ်စားလှယ်များက ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သော်လည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ တွဲဘက် အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ဥပဒေ အသစ်တရပ်၏ ပြဌာန်းချက်သည် တည်ဆဲဥပဒေများနှင့် ဓလေ့ထုံးတမ်း ဥပဒေများ အပေါ် ဝိရောဓိ ဖြစ်နိုင်သည့် ပြဌာန်းချက်မျိုး မဖြစ်စေရန် လိုအပ်သည့် အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင် ချက် အတိုင်း လွှတ်တော်က အတည်ပြုပေးရန်အတွက် လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ဒေါ်နန်းဖြူဖြူလင်းကလည်း “ အမျိုးသမီးတွေကို ထိခိုက်နစ်နာစေမယ့် ဖွံ့ဖြိုးမှုနဲ့ တိုးတက်မှုကို ထိခိုက်နစ်နာစေမယ့် ဓလေ့ ထုံးစံတွေဆိုရင် လုပ်လို့ မရဘူး။ ဘာသာအရ လက်ထပ်တဲ့ အခါမှာလည်း ကွဲနေတာမျိုး မဖြစ်သင့်ဘူးလေ” ဟု ဧရာဝတီ သို့ ပြောသည်။
ထိုသို့ သဘောထား ကွဲလွဲမှုများရှိနေသဖြင့် စက်ခလုတ် နှိပ်၍ မဲခွဲ ဆုံးဖြတ်ရာတွင် ပြည်သူ့လွှတ်တော်မှ ပေးပို့ချက်ကို ထောက်ခံမဲ ၁၉၀ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ နှင့် ကြားနေမဲ ၄ မဲ ရှိသဖြင့် ကန့်ကွက်မဲ များပြီး ၄၅ မဲ သာနေသဖြင့် အမျိုးသားလွှတ်တော်မှ ပေးပို့ထားသည့် ‘အမျိုး သား နှင့် အမျိုးသမီး တို့ ၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်’ ကို လွှတ်တော်က အတည်ပြု ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာခဲ့သည်။
You May Also Like These Stories:
အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ
မုဒိမ်းမှုကို တိုင်ချက်ဖွင့်တာနဲ့ ချက်ချင်းဖမ်းသင့်သလား
အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာစာတမ်း ထုတ်ပြန်