ယနေ့ ဇွန်လ ၁၂ ရက်နေ့သည် ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကလေးအလုပ်သမားပေါင်း ၃ သိန်းကျော်ရှိသည်ဟု အစိုးရပိုင်းမှ စစ်တမ်းကောက်ယူထားချက်များအရ သိရှိရသည်။ သို့ဖြစ်ရာ ပြည်တွင်းရှိ ကလေးအလုပ်သမားများ လျော့ပါးနိုင်ခြင်းရှိ၊ မရှိ၊ အစိုးရပိုင်းမှ လုပ်ဆောင်မှုအနေအထား၊ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်များအပေါ် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားပါသည်။
နော်ဆဲဆဲ (မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)
ကလေးလုပ်သားနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက အကောင်အထည်ဖော်မှုအားနည်းနေတယ်။ အားနည်း နေတဲ့အပြင် ကလေးလုပ်သားတွေနဲ့ပတ်သက်ပြီး မဟာဗျူဟာစီမံကိန်းတို့လိုမျိုး ချမှတ်တာလည်း မရှိဘူး။ အဲဒါကြောင့် ပြည်တွင်းမှာ နိုင်ငံရေးပြဿနာဖြစ်သလို ပြည်တွင်း ပဋိပက္ခကြောင့် မိသားစုစားဝတ်နေရေးတို့၊ မိသားစုတဘဝရှင်သန်ဖို့အတွက်က အရမ်းစိန်ခေါ်မှု အခက်အခဲဖြစ်နေတယ်။ အထူးသဖြင့် ကလေးတွေရဲ့ ဘဝက မတိုးတက်လာတဲ့အပြင် ဖိနှိပ်ထားတဲ့အခြေအနေ ရောက်နေတယ်လို့ ကျမ သုံးသပ်ချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်အထိ ရန်ကုန်အတွင်းမှာပဲ ကြည့်ကြည့် ကလေးလုပ်သားလေးတွေ အများကြီး ရှိတယ်။ ဒါတောင်မှ တကယ့်စစ်ပဋိပက္ခဖြစ်တဲ့နေရာမျိုးလည်း မဟုတ်ဘူး။ တကယ့်အကျပ်အတည်းနေရာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ကလေးလုပ်သားတွေက အရမ်းများတယ်။
ကျမတို့ တိုင်းရင်းသားဒေသမှာဖြစ်စေ၊ တခြားဒေသတွေမှာဖြစ်စေ ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်စေ ဒီထက်ပိုပြီး ဖိနှိပ်ခံ၊ ခိုင်းစေခံနေရတာတွေ ရှိတဲ့အခါမှာ တချို့ဆိုရင် သူတို့အသက်ကို လိမ်ပြီး နိုင်ငံခြားသွားပြီး အလုပ်လုပ်တာတွေရှိနေတာကို တွေ့ရတယ်။ အဲဒီတော့ အလုပ်မှာ အမျိုးသမီးရူထောင့်က ကြည့်ရမယ်ဆိုရင် ကလေးငယ်တွေက အလုပ်ရှာတဲ့အခါမှာ အိမ်ဖော် အလုပ်တွေလည်း လုပ်နေရတယ်။ တခြားလုပ်ငန်းတွေမှာ လည်း ခိုင်းစေတာတွေရှိတယ်။
ဥပမာ ရေရှည် သွားလုပ်ရမယ့် လုပ်ငန်းခွင်မဟုတ်တဲ့ဟာမျိုးတွေမှာ ကလေးလုပ်သားတွေ အများကြီး ရှိနေတယ်။ ပြီးရင် သူတို့လုပ်နေတဲ့ အလုပ်တွေက တကယ်အန္တရာယ်များတဲ့အလုပ်တွေ ဖြစ်နေတာကို တွေ့မြင်နေရတယ်။ ဥပမာဆိုရင် သံတိုသံစစက်ရုံတွေမှာဆိုရင် သံတိုသံစတွေကို ကလေးတွေက သယ်ပိုးရတယ်။ အလေးမတာတွေက သူတို့ဘဝရဲ့ ကျန်းမာရေးအရရော၊ ပညာရေးအရရော သူတို့ဘဝရှင်သန်ရေးကသာ တကယ့် သူတို့အတွက် စိန်ခေါ်မှုဖြစ်နေတာမျိုး ဖြစ်နေတယ်။
ကလေးလုပ်သားကင်းစင်ဖို့အတွက်က အရပ်ဖက်အဖွဲ့အစည်းတွေ ကလေးတွေကို ပံ့ပိုးပေးနေတဲ့ အလှူရှင် တွေပဲဖြစ်ဖြစ် တကယ့်အကောင်အထည်ဖော်ရမယ့် အစိုးရတာဝန်ရှိသူပဲဖြစ်ဖြစ် တိုင်းရင်းသားဒေသတွေမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေပဲဖြစ်ဖြစ် တောင်းဆိုချင်တာက ကလေးတွေဘဝကာကွယ်ဖို့ ကလေးတွေ ဘဝမြှင့်တင်ဖို့အပြင် သူ့ဒေသနဲ့ သူ့နေရာနဲ့ သူ့တာဝန်နဲ့ အဓိကလုပ်ရမှာကတော့ အစိုးရတာဝန်ဖြစ်တယ်။
ကလေးတွေအတွက် အစီအစဉ်တွေချမှတ်ပြီး တချိန်ထဲမှာ အကောင်အထည်ဖော်စေချင်တယ်။ ဦးစားပေးလုပ် ငန်းချပြီးတော့ လုပ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက အနာဂတ်ခေါင်းဆောင်တွေဖြစ်တဲ့အတွက် သူတို့ ပညာအရည်အချင်းနဲ့ ဘဝရှင်သန်ရေးအတွက် မမှီနိုင်တဲ့အခြေအနေရှိမယ်။ ဒါကြောင့် အဓိက တောင်း ဆိုချင်တာက အစိုးရအနေနဲ့ ကလေးသူငယ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာစာချုပ်ကို ချုပ်ဆိုပြီးတာ ကြာပြီ။ ဒါကြောင့် လက်ရှိအခြေအနေအထိ ကလေးလုပ်သားနဲ့ ပတ်သက်တဲ့ ကိစ္စရပ်ကို ဦးစားပေးအနေနဲ့ အစီအစဉ် ရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းချင်တယ်။ တောင်းဆိုချင်တယ်။
ဒေါ်အေးမြမြမျိုး (ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
မနက် မိုးလင်းလို့ အပြင်ထွက်လိုက်တာနဲ့ လမ်းပေါ်မှာရော၊ ဆိုင်ထဲမှာရော ကလေးတွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ စာရင်းဇယားအတိအကျကတော့ ILO မှာရှိမယ်ထင်တယ်။ ဒါပေမယ့် မြေပြင်အနေအထားအရ ကျောင်းချိန်မှာ ကျောင်းခန်းထဲမရောက်တဲ့ကလေးတွေ အများကြီးရှိနေသေးတာကို တွေ့ရတယ်။
တိုင်းပြည်ဆင်းရဲတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတယ်။ နောက်ပြီး ပညာဆင်းရဲတာက အဓိကပါ။ မိဘတွေရဲ့အသိထဲမှာက ဆင်းရဲတယ်ဆိုရင် သားဆက်ခြားဖို့အတွက်ကိုလည်း မသိကြဘူး။ လက်လှမ်းမမီဘူး။ အဲဒီတော့ ကလေးက အရမ်းများတယ်။ များသောအားဖြင့် ဆင်းရဲသားမိသားစုက အရမ်းများတယ်။ ကျမတို့မှာ က လူသားအရင်းအမြစ်အတွက်ကို တကယ့်ကို ပညာတတ်တဲ့မိသားစုတွေက ကလေးယူတာ အရမ်းနည်း တယ်။ ကျေးလက်တွေမှာတော့ အထူးသဖြင့် ပညာမပြည့်စုံတဲ့သူတွေ ငွေကြေးမပြည့်စုံတဲ့သူတွေက စောစော စီးစီးလည်း အိမ်ထောင်ပြုတယ်။ ပြီးရင် ကလေးအများကြီးလည်း မွေးတယ်။ မိသားစုအစီအစဉ်လည်း မရှိကြ ဘူး။ သားဆက်ခြားလည်း မရှိတော့ ကလေးကို ကလေးကို ပြန်ပြီးထိန်းရတယ်။ ကလေးက မိသားစုအတွက် ပြန်ပြီး ပိုက်ဆံရှာရတယ်ဆိုတာ ဖြစ်လာတယ်။ အဓိကကတော့ ဆင်းရဲတာပေါ့။ ဆင်းရဲတော့ အသိပညာရော၊ ဆင်ခြင်တုံတရားရော အလုပ်အကိုင်အခွင့်အလမ်းရော အကုန်လုံးရဲ့ဆိုးကျိုးတွေက ကျမတို့ကလေးတွေမှာ ခံရတယ်။ ကျမအနေနဲ့ ဆင်းရဲတာနဲ့ ကိုယ့်ကလေးကို အလုပ်ခိုင်းရမယ်ဆိုတဲ့ အတွေးအခေါ်ကြီးက ပြောင်းရ တော့မယ်။
အခုက မူလတန်းပညာရေးကို မသင်မနေရသတ်မှတ်ထားတာ။ ဖွဲ့စည်းပုံအခြေခံမှာကို ရေးထားတာ။ အနိမ့်ဆုံး မူလတန်းကလေးကတော့ စာသင်ကျောင်းထဲမှာ ရှိကို ရှိရမယ်။ စာသင်ကျောင်းကို မပို့ရင်ကို မိဘက တာဝန် မကျေတာ။ အဲဒီလိုအနေအထားဖြစ်အောင် တဖြည်းဖြည်းနဲ့ ပညာပေးရော၊ အရေးယူမှုတွေကို ပါမှ။ ငါမွေးတာ ငါပိုင်တာပဲ။ ငါခိုင်းချင်သလို ခိုင်းမယ်ဆိုတာမျိုးလည်း မဖြစ်သင့်ဘူး။ ဒါက ပြောင်းမှ ဖြစ်မယ်။
ကလေးလုပ်သားတွေအနေနဲ့ဖြစ်သွားရင် သူတို့မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိတော့ဘူး။ ဒီထဲမှာပဲ လည်နေတယ်။ နောက်ပြီး ဒီမှာပဲ အိမ်ထောင်ပြုမယ်။ ကလေးမွေးမယ်ဆိုရင် ဒီအကျိုးဆက်က ဆင်းရဲသံသရာလည်နေမှာပဲ။ ဖြစ်သွားတဲ့အခြေအနေကိုတော့ ထပ်ပြီး မပြောချင်တော့ဘူး။ သို့သော်လည်း လက်ရှိအနေအထားကအစ ကလေးသူငယ်အခွင့်အရေး ဥပဒေတွေ၊ ကလေးအခွင့်အရေးတွေလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပြီ။ အတိုင်းအတာတခုအထိ လုပ်နေပြီဆိုရင် ကလေးမှန်သမျှက စာသင်ခန်းထဲမှာရှိရမယ်။ စာသင်ခန်းပြင်ပ ရောက်နေတဲ့ကလေးတွေကို အသက်မွေးဝမ်းကျောင်းပညာသင်ပေးသင့်တယ်။ နောက်တချက်က အလယ်တန်းအဆင့်အထိ ကလေးငယ်တွေကို မဖြစ်မနေပညာသင်ရမယ်ဆိုတာမျိုးဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကလေးလုပ်သားလျော့ကျသွားမယ်။ ကာလတခုမှာ မိဘသည် အသက်အရွယ်အပိုင်းအခြားအရ ကလေးကို အသက်မပြည့်ရင် ခိုင်းကို ခိုင်းခွင့်မရှိဘူးဆိုတဲ့ အနေအထားဖြစ်အောင် တိတိကျကျအရေးယူမှု ရှိရမယ်။ ဒါကတော့ ရေရှည်သွားရမယ့် လုပ်ငန်းတွေဖြစ်တယ်။နောက်ပြီး မိဘ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ အစိုးရအားလုံး လက်တွဲပြီး အလုပ်လုပ်နေတဲ့ကလေးတွေအပေါ်မှာ စိတ်ဓာတ်ခွန်အားရော ကိုယ်ကျင့်တရားအတွက်တွေရော ဒီထက်ပိုပြီး ပေးတာရော ဒါမျိုးအဖွဲ့အစည်းတွေ အများကြီးလိုအပ်ပါတယ်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွန့်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း
အကြမ်းဖျဉ်းကတော့ Labour force စပေးအရ ခြောက်သိန်းလောက်ရှိနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ ခြောက်သိန်းထက်တော့ လျော့သွားမယ်လို့ မယူဆပါဘူး။ လောလောဆယ်တော့ ခြောက်သိန်းထက်ကျော်နေ မယ်။ ဘာဖြစ်လု့ိလည်းဆိုတော့ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်တယ်ဆိုတာ ၂၀၁၇ လောက်က ကောက်ယူထားတာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ပိုများလာနိုင်တယ်။ ဘယ်လောက်များလဲဆိုတာတော့ ဒေတာကောက်ပြီးရင် ၂၀၁၈ မှာ ကောက်တာကို ၂၀၁၉ ကထုတ်ပြန်မှာဆိုတော့ အဲဒီကျမှပဲ ဘယ်လောက်တိုးလာတယ်ဆိုတာ ပြောလို့ရမယ်။
အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတယ်။ ကျနော်တို့နိုင်ငံရဲ့အခြေအနေအရ ဆင်းရဲ နွမ်းပါးမှု အဓိကကျတယ်။ နောက်ပြီး လူတိုင်းစာတတ်မြောက်ရေးဆိုသော်လည်း တချို့မိဘတွေ ကိုယ်တိုင်ကလည်း ပညာရေးမှာ နိမ့်ပါးတဲ့အနေအထားတွေရှိတယ်။ ရှိတဲ့အခါကျတော့ ဒီကလေးကို ရင်းနှီးမြှပ်နှံခြင်းက ဘဝ အတွက် အောင်မြင်မှုရနိုင်တယ်ဆိုတဲ့ ဒီလိုမျိုး အတွေးတွေ သူတို့ဆီမှာ မရှိနိုင်ဘူး။ မရှိတဲ့အတွက် သူတို့ သိတာကတော့ သူတို့လည်း မိသားစုတာဝန်မှာ အထိုက်အလျောက် တာဝန်ရှိတယ်။
တချို့ကျတော့လည်း အဖေအမေသေတာတို့။ အမေအဖေကွဲနေတာတို့ အဘွားတွေနဲ့ နေရတာတို့ ကျနော်တို့ရဲ့ လူနေမှုပတ်ဝန်းကျင်မှာက တော်တော်လေးကို ရှုပ်ထွေးတယ်။ နောက်ပြီးလူမှုရေးဆိုင်ရာ ပြဿနာတွေ ကြောင့်လည်း ကလေးတွေက မလိုအပ်ပဲနဲ့ လုပ်ငန်းခွင်ရောက်ရတဲ့ အချက်ထဲမှာလည်း ပါတယ်။
ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာဆိုရင် အဓိကက ကျောင်းတွေပိတ်လိုက်ရတယ်။ တချို့ဆိုရင် အဖေက စစ်သား အဖြစ် စုဆောင်းခံရတယ်။ တချို့တွေက အမေတွေပါ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စုဆောင်းတာကို ခံရတယ်။ နောက်တခုကတော့ ရွာပုန်းတွေဖြစ်လာတယ်။ သူတို့စစ်ရှောင်လာတော့ မိဘလုပ်ငန်းတွေမှာ ဝင်လုပ်ရတယ်။ ပြောချင်တာက တောင်ယာစိုက်တဲ့လုပ်ငန်းတွေ၊ စပါးစိုက်တဲ့လုပ်ငန်း၊ ထင်းခုတ်တဲ့ လုပ်ငန်းတွေ တပိုင်တနိုင်လုပ်ငန်းတွေစတဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံရရင်ပြီးရောဆိုတဲ့အခါမှာ နောက်ဆုံး ဖားရှာ၊ ငါးရှာတာကအစ လုပ်ကြရတယ်။ အဲဒီနေရာတွေကလည်း ပဋိပက္ခဒေသတွေမှာ ကလေးလုပ်သား ပေါ်ပေါက်စေဖို့ အကြောင်းအရင်းတချက်ဖြစ်တယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်ပဲ ကျနော်တို့ လုပ်သွားမယ်။ ဒါက တိုင်းအစိုးရရဲ့ ကွပ်ကဲမှုနဲ့လုပ်ရင် ဘယ်လုပ်ငန်းကဏ္ဍတွေ၊ သူ့အသက်အုပ်စုအလိုက် ဘယ်လိုပုံစံနဲ့ ကလေးတွေက ပါဝင်ပြီး အလုပ်လုပ် နေတယ်ဆိုတာ ပေါ်လာမှာပဲ။ ဒီလိုပေါ်လာရင်တော့ ကျနော်တို့ရဲ့ ဘတ်ဂျက်အခြေအနေ၊ နိုင်ငံတကာ အကူအညီအခြေအနေပေါ် မူတည်ပြီးတော့ အဆင့်လိုက် ပိုပြီးတော့ တိကျတဲ့ သေချာတဲ့ စီမံချက် စီမံကိန်း လုပ်နိုင်မယ်။ လောလောဆယ်ကတော့ ပြောဖို့စောနေသေးတယ်။
လောလောဆယ်တော့ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားဆိုတာ အတိုင်းအတာတခုအထိ ရှိနေတယ်။ ဒါကဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်တယ်။ ဒါလည်း တိုင်းပြည်အတွက် အန္တရာယ်တခုပဲ။ ဒီအန္တရာယ်ကို မဖြေရှင်းပဲထားလိုက်ရင် ဒီအန္တရာယ်က ကြီးလာမယ်။ အဲဒီတော့ ဒီမှာ အထူးသဖြင့် ပတ်သက် နေတဲ့ မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ အုပ်ထိန်းသူတွေက ဘာပဲပြောပြော ကလေး အလုပ်သမားဆိုတာ မရှိသင့်ဘူး။ သူတို့လုပ်ငန်းခွင်မှာမရှိပဲ အိပ်မက်တွေကို မက်သင့်တယ်။ သူတို့သွားချင်တဲ့ ရည်မှန်းချက်ကို သွားနိုင်ဖို့ မိဘတွေ အုပ်ထိန်းသူတွေက ပံ့ပိုးပေးသင့်တယ်။ သူတို့ကို ငွေလုပ်စက်အဖြစ် ဝင်ငွေရှာတဲ့သူအဖြစ် မသုံးသင့်ဘူး။
ဒေါ်လှလှရီ ( Legal Clinic Myanmar., Director & Advocate)
မြန်မာနိုင်ငံမှာတော့ ကလေးလုပ်သားနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့အခါမှာ တော်တော်လေးအားနည်းတယ်။ လက်ရှိအလုပ်အကိုင်၊အခွင့်အလမ်း၊ ဆင်းရဲမွဲတေမှုကို စဉ်းစားရလိမ့်မယ်။ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေကို တားမြစ်တဲ့ သီးသန့် ဥပဒေ ရှိမနေဘူး။ ၁၉၅၁ ဆိုင်များနှင့် အလုပ်ရုံများဥပဒေမှာ အသက် ဘယ်နနှစ်မှလုပ်ခွင့်ရှိတယ် ဆိုတာပါတယ်။ ၁၉၅၁ အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ရေနံမြေအလုပ်သမားများသက်သာချောင်ချိရေးဥပဒေ၊ အဲဒီ ၃ ခုမှာတော့ အသက် ဘယ်နနှစ်မှ လုပ်ခွင့်ရှိတယ်ဆိုတာကို ဖော်ပြထားတယ်။ ကလေးသူငယ်အခွင့်အရေး ဥပဒေထဲမှာတော့ ကလေးအလုပ်သမားတွေကို ဘယ်နနှစ်မှ ဆိုတာ သတ်မှတ်ထားတာ အတိအလင်းပြထားတာ ပါနေတယ်။ ဒါပေမယ့် ပါနေသော်ငြားလည်း ဥပဒေက သတ်မှတ်ထားပေမယ့်လည်း တကယ်ကိုစိစစ်ပြီး ဥပဒေကိုအကောင်အထည်ဖော်သူတွေက တကယ်ပဲ စိစစ်တာ၊ အသက်မပြည့်သေးတဲ့ကလေးတွေကို အန္တရာယ်ရှိတဲ့အလုပ်တွေမှာ၊မတရားခိုင်းစေနေတာကို Law Enforcement အစိုးရပိုင်းက သေချာကိုင်တွယ်တာ အားနည်းတယ်လို့မြင်တယ်။ အဲဒါတွေကို မလုပ်နိုင်ဘူးဆိုရင်တော့ မြန်မာနိုင်ငံမှာ ကလေးလုပ်သားပပျောက်ဖို့ဆိုတာ မမြင်ဘူး။ ကလေးအလုပ်သမားမှ မဟုတ်ဘူး။ အစိုးရပိုင်းက ဒီအလုပ်သမားအရေးတွေကိုင်တွယ်တဲ့အခါမှ အလုပ်သမားအချင်းချင်း၊ အလုပ်ရှင်အလုပ်သမားကိစ္စတွေမှာလည်း အစိုးရက သေချာကိုင်တွယ် ဝင်ရောက်ဖြေရှင်းတာ တော်တော်လေးကိုအားနည်းနေတယ်လို့မြင်ပါတယ်။ ကလေးကိစ္စမှာဆိုရင်တော့ အရမ်းကို အားနည်းနေပါတယ်။ တချို့ကလေးတွေဆိုရင် ဥပဒေမှာပြဌာန်းထားပြီးသားက ၄နာရီ လို့ဆိုပေမယ့် ၈ နာရီထက်ပိုခိုင်းနေတာတွေ အများကြီးတွေ့ရတယ်။အဲဒါတွေကို ဘာကြောင့် ကိုင်တွယ်ဖယ်ရှင်းမှုမှာအားနည်းနေလဲ စဉ်းစားရခက်တယ်။ ကလေးအခွင့်အရေးကို မြှင့်တင်ပေးမယ့် ပြင်းပြင်းထန်ထန်ဆောင်ရွက်ပေးမှာမရှိရင် နိုင်ငံအနာဂတ် ကလေးတွေအခြေအနေကတော့ သိပ်အဆင်မပြေဘူးပေါ့နော်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်
ဥပဒေပိုင်းမှာ ကာကွယ်ပေးထားတာ ရှိပေမယ့်လည်း ကလေးလုပ်သားနဲ့ ပတ်သက်ပြီး ရှိတော့ ရှိနေတယ်။ ရှိတာက ဥပဒေ မစိုးမိုးတာလည်း ပါတာပေါ့။ စီးပွားရေး ကျပ်တည်းတော့ မိဘတွေက အလုပ် လုပ်ခိုင်းတယ်။ အဓိကတော့ ဆင်းရဲ နွမ်းပါးမှုပဲ။ ကလေးသူငယ်ရဲ့ အခွင့်အရေးကို မကာကွယ်ပေး နိုင်တာပေါ့။
ကျောင်းမထားနိုင်ဘူး။ ကျောင်းပညာရေးက အခမဲ့ ဆိုပေမယ့်လည်း အကုန်လုံးကို မလွှမ်းခြုံနိုင်သေး၊ မဖြစ်နိုင်သေးဘူးလေ။ အစိုးရက လုပ်နိုင်တယ် ဆိုရင်တောင်မှ မိဘတွေက သူတို့မှာ ဆင်းရဲတဲ့ အခါကျတော့ ကျောင်းမထားနိုင်ဘူး။
အမဆိုရင် ကြုံဖူးတယ်။ ကလေး ၃ ယောက်စလုံးကို ကျောင်းက ထုတ်တယ်။ ကျောင်းထုတ်ပြီးတော့ သူ့ အဖေ၊ အမေ ကိုယ်တိုင် က တရက်ကို ၃၀၀၀ ကျပ် ရအောင် တောင်းခိုင်းတယ်။ ရမှ ပြန်လာခဲ့၊ မရရင် ပြန်မလာနဲ့လို့ ပြောတာ။ သူတို့ အဖေ၊ အမေကလည်း အရင်က တောင်းစားလာတော့ ကလေးတွေကိုလည်း တောင်းစားခိုင်းတာ။
အဲဒီထဲက ကလေးတယောက်ကို အမ စကားပြောကြည့်တော့ သူက ကျောင်းပဲ ဆက်နေချင်တာ။ လုံးဝ မတောင်းချင်ဘူး သူ့အ ကြောင်းကို ပြောပြနေတော့ အမဆိုရင် မျက်ရည်တွေပါ ဝဲလာတာ။ အဲဒါမျိုးတွေ ရှိတယ်။ ဒီလိုမျိုးဆိုရင် ကလေးသူငယ်အတွက် ဥပဒေ အရ အရေးယူ ခွင့်ရှိရမယ်။ ကလေးတွေရဲ့ ဘဝကို ကာကွယ်ပေးရမယ်လေ။ ဒါတွေကို နိုင်ငံတော်၊ ပရဟိတ အဖွဲ့ တွေရော လုပ်နေကြပေမယ့်လည်း၊ မနိုင်ဘူး။ ကျောင်းမထားနိုင်တဲ့ ကလေးတွေ အများကြီးပဲ။
အမ မဲဆန္ဒနယ်မှာဆိုရင် ၇ တန်းနဲ့ ကျောင်းထွက်တာ ၄ နှစ်မှ အခု ပြန်ထားတယ်။ သူကလည်း စာကြိုးစားတယ်။ မိဘက လုံးဝ မရဘူး။ သူက အရင် ကားဂိတ်မှာ ဈေးရောင်းရတာ။ ကိုယ်လုပ်ပေးမယ့် ကိုယ်က ခေါ်မထားနိုင်တော့ သူ့မိဘတွေက ဈေးပြန်ရောင်းခိုင်းတယ်။ သူတို့က ဘယ်လို သဘောထားလဲ ဆိုတော့ ကလေးကို သူတို့ ပိုင်တယ်ပဲ။ သူတို့ဆင်းရဲတယ်။ ဆင်းရဲတော့ ကလေးကို သူတို့ အတွက် ရင်းနှီးမြှပ်နှံမှုလို လုပ်တာ။ ပြီးရင် ခိုင်းစားမယ်။ ဒါမျိုးတွေကို နိုင်ငံတော်က ဘယ်လို ကာကွယ်ပေးမလဲ။ ကျောင်းတွေလည်း ရှိတယ်။ သေသေချာချာ ပြဿနာ အရင်းခံကို ဖယ်ပြီးတော့မှ ဘယ်သူက ဘာလုပ်နိုင်လဲ၊ လုပ်နိုင်တဲ့ဘက်ကနေပြီးတော့ လုပ်ဖို့ လိုတယ်လို့ မြင်တယ်။ လုပ်ဖို့ကတော့ နည်းလမ်းပေါင်းစုံ အဖြေရှာရမယ်။ ဘာလို့လဲ ဒီကိစ္စတွေက ကြီးထွားနေတာ။ မလျော့တဲ့ အပြင် တိုးလာတာ။
နောက်တခုက မိသားစု ပလန် မအောင်မြင်ဘူး။ ချမ်းသာတဲ့ ပညာတတ် မိသားစုက ကလေးမယူတော့ဘူး ၁ ယောက် ၊ ၂ ယောက်ပဲ။ ဒါပေမယ့်ဆင်းရဲတဲ့ မိသားစုတွေကျတော့ လိင်ဖျော်ဖြေမှုက Entertainment တခုလို ဖြစ်နေတာ။ သူတို့မှာ ဘာမှ Entertainment မရှိဘူး။ ကချင်ဘက်မှာ အမျိုးသမီးတယောက်ကို ကလေး ဘာကြောင့် အများကြီး ယူတာလဲဆိုတော့ သမီးတို့က ဆင်းရဲတယ်လေ။ ဆင်းရဲတော့ အလုပ်လုပ်ရတာ ပင်ပန်းတယ်။ ညအစောကြီး အိပ်ယာထဲဝင် သူတို့ အတွက် Sex က Entertainment လို ဖြစ်နေတာပေါ့။ သူတို့အတွက် ဖျော်ဖြေမှုသဖွယ်ပဲ။ စိတ်ပိုင်းဆိုင်ရာပေါ့။ ဒါတွေ အတွက် စိတ်မကောင်ဘူး။
တို့ နိုင်ငံမှာ ဖျော်ဖြေမှုတွေ အတွက် ပန်းခြံတွေ ၊ အပန်းဖြေစရာနေရာလည်း မရှိဘူး။ ဒါတွေဟာ လုပ်ပေးရမှာ။ အခြေခံ လူတန်းစားတွေ မှာ ပိုပြီးတော့မှ ဘတ်ဂျက်လည်း လိုတယ်။ ဒါကြောင့် အမပြောတယ်။ Gender ဘတ်ဂျက်ဆိုတာ ကလေး အလုပ်သမားမှာမှ ကလေး အလုပ်သမား ယောကျာၤးလေးက ဘယ်လောက်ရှိတာလဲ။ မိန်းကလေးက ဘယ်လောက်ရှိတာလဲ။ ဘယ်လို လုပ်ငန်းတွေမှာလဲ။ အဲဒီမှာ လုပ်ငန်းအလိုက် နိုင်ငံ အတွင်း ဘတ်ဂျက်ကို ခွဲဝေ သုံးစွဲဖို့ လုပ်ပေးရမယ်။ အဲဒါကလည်း မအောင်မြင်သေးဘူး။
ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။
You may also like these stories:
ကလေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို
ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့”