Women & Gender

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်တားဆီးပါ

Want create site? Find Free WordPress Themes and plugins.

ယနေ့သည် ပဋိပက္ခများအတွင်းမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ ဖြစ်ပါသည်။

ဤသည်မှာ ကမ္ဘာတလွှားမှ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ် ခံခဲ့ရသူများအား ဂုဏ်ပြုရန်၊ အမှတ်ရရန် အရေးကြီးလှသော အခွင့်အလမ်းပင် ဖြစ်ပါသည်။ ဤသည်မှာ အဆိုပါအရေးကိစ္စ အား နားလည်သဘောပေါက်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင် ရရှိခဲ့ပြီးဖြစ်သည့် ခရီးရောက် အောင်မြင်ထွန်းပေါက် မှုကို ကြည့်ရှုနိုင်သည့် အခွင့်အလမ်းလည်း ဖြစ်ပါသည်။ သို့ရာတွင် ဤသည်မှာ ကျွန်ုပ်တို့ ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသည်များကိုလည်း မီးမောင်းထိုးပြနေသည့် အခွင့်အလမ်းလည်း ဖြစ်ပြန်ပါသည်။

ပဋိပက္ခအတွင်းမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အဓမ္မပြုကျင့်ခြင်း (ဝါ) မုဒိန်းကျင့်ခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခြင်း၊ လူကုန်ကူးခြင်းတို့အပါအဝင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်နေနိုင်ပါသည်။ မည်သည့်ပုံစံဖြင့်ဖြစ်စေ၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုနှင့် တွဲနေသည့် အမည်းစက်စွန်းထင်းမှုမှာ ခံရသူများအပေါ်တွင်သာ ကျရောက်နေလေ့ရှိပြီး ကျူးလွန်သူများအပေါ်တွင် ကျရောက်ခြင်း မရှိပါချေ။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံအမတ်ကြီး Tone Tinnes

ဤအချက်ကို ပြောင်းရန် လိုပါသည်။ ထို့ကြောင့်ပင် မည်သည့်နိုင်ငံတွင်မဆို ပဋိပက္ခအခြေအနေအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွင် ကျူးလွန်သူများကို တာဝန်ခံကြစေရန်လည်းကောင်း၊ ၎င်းတို့၏ ရာဇဝတ်ပြစ်မှုများအတွက် တရားစီရင်မှုအား ရင်ဆိုင်ကြစေရန်လည်းကောင်း အခြား နိုင်ငံတကာ မိတ်ဖက်များနှင့်အတူတွဲလျက် နော်ဝေနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြခြင်းဖြစ်ပါသည်။

ယခင်လက “လူသားဆိုင်ရာ အရေးအခင်းများတွင် လိင်ပိုင်းဆိုင်ရာနှင့်တကွ ကျား-မကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှု အဆုံးသတ်ရေး” အော်စလို ညီလာခံသို့ လူမှုဖူလုံရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချ ထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ညီလာခံသို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ အသက်ရှင်ကျန်ရစ်သူများအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ညီလာခံ အတွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ထောက်ပံ့မည်ဟု ကတိပြုခဲ့ကြသလို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တချို့ကလည်း ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် နိုင်ငံရေးအရ ကတိကဝတ်များ ပြုခဲ့ကြပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး ဆောင်ရွက်ချက် နိုင်ငံတကာညီလာခံကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤညီလာခံကလည်း အသက်ရှင်ကျန်ရစ်သူများ အတွက် တရားမျှတမှု ရရှိရေး၊ အမည်းစက်စွန်းထင်မှု ကိုင်တွယ်ဖြေရှင်းရေးနှင့်တကွ နောက်ဆုံးတွင် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးတို့ကို အလေးထား ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ဤသို့သော ညီလာခံများမှသည် ခိုင်မာသော အရေးယူဆောင်ရွက်ချက်များ ဖြစ်လာရန် အရေးကြီးသည်မှာ အမှန်ပင်။ မြန်မာနိုင်ငံတွင် အရေးကြီးသော ခရီးတွင် ထွန်းပေါက်မှုတချို့ ရရှိခဲ့ပြီးဖြစ်ပါသည်။ ယမန်နှစ်ကဆိုလျှင် မြန်မာအစိုးရ သည် ကုလသမဂ္ဂနှင့် ပူးတွဲ ထုတ်ပြန်ချက်ကို လက်မှတ်ထိုးပြီး နိုင်ငံအတွင်း ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်လိုသည့် ဆန္ဒကို ထုတ်ဖော်ပြသခဲ့ခြင်းအတွက် ကျွန်ုပ်တို့ ဝမ်းမြောက်မိပါသည်။

အကြမ်းဖက်မှုကို ကာကွယ် တားဆီး ရာတွင်လည်းကောင်း၊ ကျူးလွန်သူများအား တာဝန်ခံစေရန်လည်းကောင်း ဆောင်ရွက်ရာတွင် ကူညီပံ့ပိုးမည့် သီးခြား သတ်မှတ်ထားပြီး အချိန်ကန့်သတ်ချက်ပါ ပါရှိသော ကတိကဝတ်များကို အဆိုပါ ထုတ်ပြန်ချက်က ချမှတ်ပေးထားပါသည်။ အဆိုပါ ကတိကဝတ်များက အသက်ရှင်ကျန်ရစ်သူများအတွက် ဝန်ဆောင်မှုများ တောင့်တင်းခိုင်မာရေး၊ လိင်ပိုင်းအရ အကြမ်းဖက်သည့် ရာဇဝတ် ပြစ်မှု ကျူးလွန်သူများအား လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်အောင် ဆောင်ရွက်ရေးတို့ အပါအဝင် အမှန်တကယ် အရေးယူဆောင်ရွက်မှုအဖြစ်သို့ ပြောင်းလဲဖော်ဆောင်သွားသည်ကို မြင်ရရန် ကျွန်ုပ်တို့ ထက်သန်စွာ မျှော်လင့်စောင်းဆိုင်းလျက် ရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Dan Chugg

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဥပဒေကို ပြဋ္ဌာန်းရန်လည်း မြန်မာနိုင်ငံက ဆောင်ရွက် လျက်ရှိခြင်းအပေါ် ကြိုဆိုပါသည်။ လတ်တလောတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် စပ်လျဉ်းသည့် ဥပဒေ မရှိသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှာ မြန်မာနှင့် ဘရူနိုင်းနိုင်ငံတို့သာ ဖြစ်ပါသည်။ အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ် တားဆီးရေး ဥပဒေက နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း ပြည့်မီလျက် အသက်ရှင် ကျန်ရစ်သူများ၏ လိုအပ်ချက် များကိုလည်း ထည့်သွင်းထားလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

အရပ်ဘက် လူ့ဘောင်မှ အရေးကြီးသော တက်ကြွလှုပ်ရှားမှုကိုလည်းကောင်း၊ အမျိုးသမီးခေါင်းဆောင်များ၏ မရှိ မဖြစ်သော အခန်းကဏ္ဍကိုလည်းကောင်း ကျွနု်ပ်တို့ ကျေးဇူးတင်ရှိပါသည်။ ယနေ့တွင် ကျွန်ုပ်တို့သည် အကြမ်းဖက်မှုမှ အသက်ရှင်ကျန်ရစ်သူများ၊ အကြမ်းဖက်ခံရသူများအတွက် စိတ်မကောင်း ဖြစ်ကြရပါသည်။ သူတို့အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများကြောင့် သူတို့မှာ မည်သည့်အခါတွင်မျှ အမည်းစက်စွန်းထင်း မခံရသင့်ပါချေ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများအနေဖြင့်လည်း သူတို့၏ လုပ်ရပ်အတွက် သူတို့ကိုယ်တိုင်သာ ပေးဆပ်ရမည်ကို သိရှိရန် လိုအပ်လှပါသည်။ အရေးကြီးသော ခရီးတွင် ထွန်းပေါက်မှုတချို့ကို မြင်ရသည့်အတွက် ကျွနု်ပ်တို့ အားရမိ ပါသည်။ သို့ရာတွင် ဤခရီးမှာ ဝေးလံဆဲဖြစ်သည်ကိုလည်း ကျွန်ုပ်တို့ သိရှိနေကြပါသတည်း။

(ဧရာဝတီသို့ သီးသန့်ပေးပို့လာသော မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံအမတ်ကြီး Tone Tinnes နှင့် ဗြိတိသျှသံအမတ်ကြီး Dan Chugg တို့၏ ပူးတွဲရေးသားချက်ကို ဖော်ပြအပ်သည်။)

ဆက်စပ်ဖတ်ရှုရန်

အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ 

ရှမ်းပြည် စစ်ပွဲကြားက မြေစာပင်အမျိုးသမီးများ 

အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုကိုရိုက်ကူးထားသည့်မှတ်တမ်းရုပ်ရှင် အကောင်းဆုံးဆုရ 

Did you find apk for android? You can find new Free Android Games and apps.
Loading