အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ ဥပဒေတရပ်ပေါ်ထွန်းရေးအတွက် အစိုးရက ကတိကဝတ်ပြုကာ လုပ်ငန်းစဉ် စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ၆ နှစ်ကျော် အကြာမှာတော့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ” မူကြမ်းက မကြာခင် လွှတ်တော်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
အခုအချိန်မှာ လွှတ်တော်က တလ ရပ်နားထားတာကြောင့် လွှတ်တော်ပြန်လည် စတင်မယ့် ဇူလိုင်လမှာ ဥပဒေကြမ်းကို တင်သွင်းသွားဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် လွှတ်တော်ကိုမတင်ပြမီ ဥပဒေကြမ်းရေးဆွဲရာမှာပါဝင်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာကော်မတီတွေကို မှတ်ချက်များ တင်ပြဆွေးနွေးနိုင်ဖို့ အတွက် ပြင်ဆင်ထားဖို့ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။
“ဇွန်လ ၃ ရက်နေ့က လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အမျိုးသမီးအဖွဲ့တွေရော ဥပဒေကြမ်းရေးဆွဲရာမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေကို အစည်းအဝေးခေါ်တယ်။ သူတို့ကလည်း တွန်းတွန်းတိုက်တိုက်နဲ့ ဒီဥပဒေ ထွက်ပေါ်လာအောင် လုပ်ဆောင်နေကြပါတယ်။ ၂ ပတ်အတွင်း အကြံပြုချက်တွေ၊ မှတ်ချက်စကားတွေ ပေးချင်တယ် ဆိုရင် ပေးလို့ရအောင် ၁၈ ရက်နေ့ နောက်ဆုံးပေးပါလို့ တောင်းထားပါတယ်” လို့ Triangle Women’s support group ရဲ့ ဒါရိုက်တာ မခင်လေးက ပြောပါတယ်။
ဒါဟာ မကြာမီအချိန်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတာဆီးကာကွယ်ရေး ဥပဒေအဖြစ် ပြဌာန်းနိုင်တော့မယ့် အလားအလာတခုပဲဖြစ်ပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်းမှာ အခန်း ၁၃ ခန်းပါဝင်ပြီး ၎င်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ ဥပဒေကျွမ်းကျင်ပညာရှင်တွေ နဲ့ အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းတွေ ပူပေါင်းရေးဆွဲထားတာပဲဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းကို ၂၀၁၃ ခုနစ်ကတည်းက စတင်ရေးဆွဲနေတာဖြစ်ပြီး ဥပဒေသစ်ဖြစ်တာကြောင့် ဥပဒေရေးဆွဲသူတွေနဲ့ ရှေ့နေချုပ်ရုံး အကြား အပြန်အလှန်ဆွေးနွေး ငြင်းခုန်မှုတွေလုပ်ဆောင်နေရတာကြောင့် ယနေ့အထိ ကြန့်ကြာနေရတာလည်းဖြစ်တယ်လို့ သိရပါတယ်။
“အန်တီက ဒီနှစ် ဇန်နဝါရီလမှာ လွှတ်တော်မှ ာမေးခွန်းမေးလိုက်တော့ ဝန်ကြီးကလည် းလာဖြေတယ်။ ဒီဥပဒေကို မကြာခင် မှာတင်သွင်းပါမယ်လို့ ကတိကဝတ်ဖြစ်သွားတဲ့အတွက် အခု ဇူလိုင်လ ပြန်ဖွင့်ရင်တော့ လွှတ်တော်ကိုတင်မယ်လို့ ပြောတယ်” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
ဒီဥပဒေမူကြမ်းထဲမှာ ပါရှိတဲ့ တချို့အကြောင်းအရာတွေဟာ အသစ်အဆန်းဖြစ်နေတဲ့အတွက် ဆွေးနွေးမှုအပိုင်းမှာ ငြင်းခုန်ဆွေးနွေးရတာမျိုးတွေကြောင့် ကြန့်ကြာမှုတွေလည်းရှိနေခဲ့တာလို့ သူက ဆိုပါတယ်။
“တချို့အကြောင်းအရာတွေက ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်တာတွေကလည်း အချိန်ယူရတယ်။ တချို့အကြောင်းအရာတွေကလည်း အသစ်အဆန်း ဖြစ်နေတာမျိုးပါတယ်။ ဥပမာအားဖြင့် ထိန်းချုပ်ခြင်း ဆိုတာမျိုး။ ယောကျာ်းတယောက်က သူ့ရဲ့ လက်တွဲဖော်ကိုဖြစ်စေ၊ ဇနီးမယားကိုဖြစ်စေ၊ ချစ်သူရည်းစားကိုပဲဖြစ်ဖြစ် ရိုက်နှက်တာမျိုး ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုရင် အကြမ်းဖက်တဲ့သူကို ဒီအမျိုးသမီးရဲ့ ဘယ်လောက်ပေအကွာကို မလာရ၊ အချိန်ဘယ်လောက်ထိ မလာရဆိုတဲ့ ထိန်းချုပ်တဲ့ Local authority ပေါ့။ မြို့နယ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အမိန့်ထုတ်ပိုင်ခွင့်ရှိတယ် ဆိုတာမျိုးပါတယ်။ အဲဒါမျိုးကို တော်တော်လေး ငြင်းကြတယ်။ ဖြစ်နိုင်ပါ့မလားပေါ့။ ဒါပေမယ့် ဒီလိုဥပဒေက ထိုင်းတို့ ၊ အိန္ဒိယတို့မှာ ကျင့်သုံးနေတာ အောင်မြင်နေတာပဲလေ။ မကျင့်သုံးဘဲနဲ့ ဒီဥပဒေက မအောင်မြင်နိုင်ဘူး လို့တော့ အရင်မပြောနဲ့ပေါ့။ လွှတ်တော်မှာလည်း ငြင်းကြခုန်ကြရဦးမှာပါ။ အခုတော့ လွှတ်တော်ရောက်လာပြီဆိုတော့ တဆင့်တော့တတ်သွားပြီပေါ့” လို့ နော်ဆူဇန်နာလှလှစိုးက သုံးသပ်ပါတယ်။
တည်ဆဲဥပဒေတွေရှိနေပေမယ့် ခေတ်နဲ့မလျော်ညီတာနဲ့ အမျိုးသမီးတွေရဲ့ နစ်နာမှုတွေအတွက် အပြည့်အ၀ အကာကွယ်မပေးနိုင်တာကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို အထူးဥပဒေတရပ်အနေနဲ့ ပြဌာန်းဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။
နောက်ဆုံး အဆင့်တင်ပြမယ့် ဥပဒေမူကြမ်းမှာ လိုအပ်ချက်တွေရှိနေသေးတာကြောင့် မပြဌာန်းမီ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း မခင်လေးကလည်း ပြောပါတယ်။
“အမြဲပြောနေခဲ့ကြတဲ့ မုဒိမ်းမှုအဓိပ္ပာယ်ဖွင့်ဆိုချက်က ပြည့်စုံမှုမရှိတာမျိုး၊ နောက်တခုက မိန်းမဆိုသည်မှာ လူမိန်းမကို ဆိုလိုသည် ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အခုက LGBT အရေးတွေကလည်း တက်ကြွလာတယ်။ အမျိုးသမီးကဲ့သို့ ပြောင်းလဲထားသောသူတွေအတွက်ကျတော့ အကျုံးမဝင်မှာမျိုးကျတော့ သူတို့အသိုင်းအဝိုင်းက သူတွေက စိတ်ပူကြတာပေါ့” လို့ မခင်လေးက ရှင်းပြပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ လွှတ်တော်ထဲမှာ ဥပဒေမူကြမ်းဆွေးနွေးတဲ့အခါ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းနည်းပါးတာကြောင့် ဆွေးနွေးမှုအပိုင်းမှာ အမျိုးသမီးတွေရဲ့ တင်ပြဆွေးနွေးမှုမှာ အားနည်းသွားမှာကို စိုးရိမ်နေကြပါတယ်။
အဲဒါအပြင် ဒီဥပဒေကိုဆွေးနွေးတဲ့အခါ တုန့်ပြန်လေ့ရှိတာက “အမျိုးသားတွေကို ထောင်ထဲထည့်မယ့် ဥပဒေ”ဆိုတဲ့ အမြင် အယူအဆတွေနဲ့ ဆွေးနွေးလာမယ့် စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရနိုင်တယ်လို့ ဆိုကြပါတယ်။
အမျိုးသမီးကိုယ်စားလှယ်ဦးရေ နည်းပါးတာဟာ စိုးရိမ်စရာဖြစ်ပေမယ့် အမျိုးသမီးရော အမျိုးသားကိုယ်စားလှယ်တွေ ကိုရော အချိန်ယူကာ ဆွေးနွေးမှုတွေပြုလုပ်မယ်ဆိုရင်တော့ အမျိုးသမီးတွေ မျှော်လင့်ထားတဲ့ ရလဒ်ကောင်းတွေ ရလာနိုင်တယ်လို့လည်း နော်ဆူဇန်နာလှလှစိုးက သူ့အတွေ့အကြုံကိုပြောပြပါတယ်။
“အမျိုးသမီးအမတ် ရာခိုင်နှုန်းနည်းတာ တခုကလည်း စိုးရိမ်စရာဖြစ်တယ်။ သို့သော် အသိပညာတော့ ကောင်းကောင်း ပေးရမှာပေါ့။ ပြီးခဲ့တဲ့အပတ်ကပဲ ကလေးသူငယ်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တယ်။ ၁၈ နှစ်မတိုင်မီ အိမ်ထောင်ပြုခွင့်မရှိဘူးဆိုတာကို အမျိုးသားလွှတ်တော်မှာ အတည်ပြုနိုင်ပေမယ့် ပြည်သူ့လွှတ်တော်ကျတော့ အဲဒါကို ကန့်ကွက်ခဲ့တယ်လေ။ ၁၈ နှစ်အောက်လည်း အိမ်ထောင်ပြုလို့ရတယ် လက်ထပ်လို့ရတယ် ဆိုတဲ့ သဘောဖြစ်နေတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ အန်တီတို့ဘက်ကလည်း ကောင်းကောင်းပြောပြခဲ့တယ်။”
“ပညာရေးနဲ့လည်းဆက်နွယ်နေတယ်။ ကျန်းမာရေးနဲ့လည်းဆက်နွယ်နေတယ်။ ၁၈ နှစ်မှာ အိမ်ထောင်ပြုဖို့ခွင့်ပြုလိုက်ရင် ပညာပေးအပိုင်းမှာ လုပ်ရကိုင်ရခက်ခဲသွားမယ်။ ဥပဒေတခုဖြစ်လာတဲ့ အခါမှာ ဥပဒေမှာတော့ ဒီလိုရှိတယ်။ ယူလို့မရဘူး။ ပညာကိုဆုံးခန်းတိုင် သင်ပါဆိုတာမျိုး ပြောလို့ရတယ်ဆိုတော့ အများစုက မဲပေးကြတယ်။ ဆိုတော့ အန်တီတို့က မဲပေးမယ့်သူတွေကို အချိန်ယူပြီး သေချာ ဆွေးနွေးဖို့လိုတာပေါ့”လို့ ရှင်းပြပါတယ်။
ဒီဥပဒေဟာ အမျိုးသမီးတွေကိုပဲ အကာအကွယ်ပေးတာမဟုတ်ပဲ အမျိုးသမီးနဲ့အတူ ရှိနေတဲ့ မိသားစုတွေအတွက်လည်း အကာအကွယ်ပေးမယ့် ဥပဒေတခုဖြစ်သလို အမျိုးသားတွေအနေနဲ့ ဥပဒေကြောင်းအရပဲဖြစ်ဖြစ် လူမှုရေး အကြောင်းကြောင့်ဖြစ်ဖြစ် မသိပဲ ပြုမူမိတဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေအကြာင်း ဆောင်ရန်ရှောင်ရန် သိသွားခြင်းအားဖြင့် အမျိုးသားတွေအတွက်လည်း ကြိုတင်ကာကွယ်ပေးရာရောက်တယ်လို့ ဆိုပါတယ်။
ဥပဒေမူကြမ်းမှာတော့ အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်တွေအပြင် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များလည်း ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။
အိမ်ထောင်ဖက်ကဖြစ်စေ မိသားစုဝင်ကဖြစ်စေ သူစိမ်းကဖြစ်စေ အကြမ်းဖက်မှု ပြုမူတဲ့မည်သူမဆို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို အနှောက်အယှက်မဖြစ်စေဖို့အတွက် ထိန်းချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်စေမယ့် နောက်ယောင်ခံလိုက်ခြင်းကို တားမြစ်ထားတဲ့ ပြစ်မှု ပြစ်ဒဏ်တွေ၊ ပဋိပက္ခအတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေအတွက် အကာအကွယ်ပေးရေးဆိုင်ရာ အချက်တွေ၊ မုဒိမ်းမှုကနေရရှိလာတဲ့ နောက်ဆက်တွဲ ပြသနာတခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် ဥပဒေပိုင်းအရ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။
“နောက်ယောင်ခံလိုက်ခြင်းပေါ့။ ဒါကလည်း ချစ်လို့ကြိုက်လို့ ကြည်စားတာမျိုးတခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ တချို့က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်ဒုက္ခပေးချင်လို့ လိုက်တဲ့ဖြစ်ရပ်မျိုးတွေလည်း ကြုံတွေ့ရပါတယ်။ အဲဒါမျိုးမှာလည်း ပထမတကြိမ်ဆိုရင်တော့ ဘယ်လို၊ အကြိမ်ကြိမ်ထပ်ပြီး ကျူးလွန်မယ်ဆိုရင်တော့ ဘယ်လို ပြစ်မှု ပြစ်ဒဏ်ဆိုတာမျိုး ထည့်သွင်းထားပါတယ်။ ဒါတွေက တချို့သမီးရည်းစားတွေ အိမ်ထောင်သည်တွေ လမ်းခွဲပြီးမှ လိုက်နှောက်ယှက်တာ၊ ပြသနာရှာတွေက အမျိုးသမီးတွေကြုံတွေ့နေရပေမယ့် ဥပဒေကြောင်းအရ အကျုံးမဝင်တော့ နစ်နာမှုတွေရှိတယ်။ အသက်အန္တရာယ်ရှိလောက်တဲ့ထိမဟုတ်ပေမယ့် လူပုံ အလည်မသွားရဲအောင် အရှက်တကွဲအကျိုးနည်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ဟာမျိုးတွေကြောင့် ထည့်သွင်းထားတာဖြစ်တယ်”လို့ မခင်လေးကပြောပါတယ်။
မြန်မာနိုင်ငံဟာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ ခုနစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တာကြောင့် သဘောတူစာချုပ်ပါ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်တရပ်ဖြစ်တဲ့ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေကို တိတိကျကျ ပြဌာန်းဖို့ ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။
၇ နှစ်တာ ကာလခန့် ရေးဆွဲခဲ့ကြတဲ့ ဥပဒေကြမ်းမှာ အပြန်အလှန် ဆွေးနွေး ငြင်းခုန်ကြရင်း ပြင်ဆင် ဖြည့်စွက် ဖြုတ်ချခဲ့တာတွေကြောင့် လိုအပ်ချက်တွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒါတွေကို အသေအချာ ဆွေးနွေးကာ အမျိုးသမီးများအပေါ် အမှန်တကယ် အကာအကွယ်ပေးနိုင်မယ့် ဥပဒေတရပ်ဖြစ်လာအောင် မွန်းမံပြင်ဆင်မှုတွေကတော့ ဆက်လက်လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပြုလုပ်ခြင်းက အမျိုးသမီးတွေအပေါ်မှာသာ သက်ရောက်တာမဟုတ်ဘဲ မိသားစုဝင်တွေကိုပါ စိတ်ဒုက္ခသက်ရောက်စေတာကြောင့် ဒီလိုဥပဒေမျိုးနဲ့ကာကွယ်ပေးမယ်ဆိုရင်တော့ အေးချမ်းတဲ့မိသားစု ဘဝကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပြီး ဒီဥပဒေ အမြန်ဆုံးပေါ်ပေါက်ဖို့နဲ့ ဒီဥပဒေထဲမှာ အမျိုးသမီးတွေကိုကာကွယ်ပေးနိုင်မယ့် အချက်အလက်တွေ ပြည်ပြည့်စုံစုံနဲ့ ပါဝင်နိုင်ဖို့ အားလုံးဝိုင်းပြီး ကူညီပေးစေလိုကြောင်း အမျိုးသမီးအဖွဲ့တွေကတော့ တိုက်တွန်းပြောဆိုထားပါတယ်။
ဥပဒေကြမ်းရေး စတင်ရေးဆွဲရာမှာ ပါဝင်ခဲ့သူတယောက်ဖြစ်သလို အခုချိန်မှာ ဥပဒေပြုသူ လွှတ်တော်ကိုယ်စားလှယ် တယောက်လည်းဖြစ်တဲ့ နော်ဆူဇန်နာလှလှစိုးကတော့ ဒီဥပဒေပေါ်ထွက်လာဖို့အတွက် “အားလုံး မျှော်လင့်တောင့်တနေတဲ့ ဥပဒေတခုပဲလေ။ တည်ဆဲဥပဒေတွေနဲ့ မလုံလောက်တဲ့အတွက် အထူးဥပဒေကို လွှတ်တော်က ပြဌာန်းမှဖြစ်မှာ။ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေက အိမ်တွင်းမှာရော အပြင်မှာကော အရမ်းများလာတဲ့အတွက် အထူးဥပဒေ လိုအပ်တယ်လို့ အန်တီတို့ ဥပဒေပြုတဲ့သူတွေက ယုံကြည်တယ်။ အဲဒါကြောင့် တင်သွင်းတယ်။ ဆွေးနွေးမယ်။ ရအောင်လုပ်မယ်” လို့ ဆိုပါတယ်။
(ဖော်ပြပါ ဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) မှ စီစဉ်လုပ်ဆောင်သည့် HI (Honest Information ) မှ ကူးယူဖော်ပြပါသည်။)
ဆက်စပ်ဖတ်ရှုရန်
အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ
အမျိုးသမီးအားလုံးကို ကိုယ်စားပြုပေးတဲ့ ခေါင်းဆောင် ဖြစ်ရမယ်
LGBT တို့ဘဝ အချိန်မတိုင်ခင် ကြွေလွင့်မသွားစေချင်